တလောက သတင်းတခုမှာ ကာတာနိုင်ငံက အစိုးရပိုင် Qatar Charity Foundation ကနေတဆင့် အနောက်နိုင်ငံတွေမှာ အစ္စလာမ်နဲ့ဆိုင်တဲ့ ကိစ္စတွေအတွက်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဒေါ်လာ ဘီလီယံနဲ့ချီပြီး သုံးစွဲနေတဲ့အကြောင်း တွေ့လိုက်ပါတယ်။ ကာတာနိုင်ငံအစိုးရက Hamas, Muslim Brotherhood, Al Qaeda စတဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေကို ဒေါ်လာဘီလီယံနဲ့ချီပြီး ထောက်ပံ့နေတယ်လို့ သတင်းတွေထွက်နေတာတော့ ကြာပါပြီ။ အဲဒါကြောင့်ပဲ ဆော်ဒီ အီဂျစ် ဘာရိန်း UAE စတဲ့နိုင်ငံတွေနဲ့ အစေးမကပ်တော့တာဖြစ်ပါတယ်။ ရုရှားနဲ့ကလဲ သိပ်အဆင်ပြေလှတာ မဟုတ်တဲ့ အတွက် ၂၀၁၇နောက်ပိုင်းမှာ အီရန် တရုတ်တို့နဲ့ ဆက်ဆံရေးတိုးမြှင့်လာတာ တွေ့ရပါတယ်။ ကာတာအစိုးရက အဲဒီလိုငွေအလုံးအရင်းနဲ့ သုံးစွဲနေတာရဲ့ ရည်ရွယ်ချက်က အမေရိကန်နဲ့ အစ္စရေး တို့ကို အင်အားချိနဲ့အောင်လုပ်ပြီး အစ္စရေးနိုင်ငံ ကမ္ဘာ့မြေပုံပေါ်က ပျောက်သွားစေဖို့ ပဲဖြစ်ပါတယ်။
သူတို့ဝါဒဖြန့်နေကြတာက အစ္စရေးနိုင်ငံဟာ လူမျိုးရေးခွဲခြား ဖိနှိပ်တဲ့ နိုင်ငံဖြစ်ပါတယ်တဲ့။ တကယ့်လက်တွေ့မှာ အစ္စရေးနိုင်ငံမှာ ပါလက်စတိုင်းစတဲ့ အာရပ်မူဆလင်များအပါအဝင် နိုင်ငံသားတိုင်းဟာ တန်းတူအခွင့်အရေးရပြီး အေးအေးချမ်းချမ်းအတူတကွနေထိုင်နေကြတာပဲ ဖြစ်ပါတယ်။ နိုင်ငံသားမဟုတ်တဲ့ပါလက်စတိုင်းတွေကလဲ အစ္စရေးနိုင်ငံမှာ အလုပ်လာလုပ်နိုင်ဖို့ နေ့တိုင်း လာတန်းစီနေကြတာပါ။ သူတို့ပြောသလိုသာဆိုးခဲ့ရင် အစ္စရေးအနားတောင် သီကြမှာမဟုတ်ပါဘူး။ အလားတူပါပဲ အမေရိကန်နိုင်ငံကိုလည်း မီဒီယာတွေက အသားအရောင် ခွဲခြားဖိနှိပ်တဲ့နိုင်ငံအဖြစ် ပုံဖော်နေကြတာ အားလုံး မြင်တဲ့ကြားတဲ့အတိုင်းပါပဲ။
ဟုတ်လားမဟုတ်လားကိုတော့ အောင်မြင်ကျော်ကြားနေကြတဲ့ လူမဲတွေကိုပဲကြည့်လိုက်ပါ။ သူတို့ချမ်းသာလာတာ သူများကို လက်ညိုးလျောက်ထိုးမနေပဲ တကယ်လုပ်ရင် တကယ်ဖြစ်တယ်ဆိုတဲ့ စိတ်နဲ့ သူတို့ကိုယ်တိုင် ကြိုးစားခဲ့ကြလို့ဆိုတာ သက်သေပါပဲ။ လူဖြူတွေပေမဲ့လည်း လမ်းပေါ်မှာ အိမ်မဲ့ယာမဲ့ဘဝနဲ့လူတွေ အများကြီးဆိုတာကြည့်လိုက်ရင် သူတို့စွပ်စွဲနေတာတွေအားလုံးဟာ ဘာယုတ္တိမှ မရှိဘူးဆိုတာ သိသာမှာပါ။ ဒါပေမဲ့လည်း ဝါဒဖြန့်တယ်ဆိုကတဲက အမှန်ပြောလိမ့်မယ်လို့ထင်ရင်တော့ မှားမှာပေါ့။
ကာတာလေကြောင်းလိုင်းနဲ့ Al Jazeera တို့ကိုလည်း ပိုင်ဆိုင်ထားတဲ့ ကာတာအစိုးရဟာ အနောက်နိုင်ငံတွေရဲ့ ပညာရေးလောကကိုလည်း ဝင်ရောက်လွမ်းမိုးမှုရှိနေတယ်လို့ လည်း ဆိုကြပါတယ်။ အမေရိကန်နိုင်ငံက တက္ကသိုလ်၂၈ခုမှာ ဒေါ်လာ ၁.၅ဘီလီယံကျော် ထောက်ပံ့ခဲ့လို့ နိုင်ငံရပ်ခြား အဖွဲ့အစည်းတခုတည်းကနေ အများဆုံးထောက်ပံ့တဲ့ စာရင်းဝင်ခဲ့တာဖြစ်ပါတယ်။ ကာတာအစိုးရရဲ့ ဝါဒဖြန့်လက်တံကြီးတခုဖြစ်တဲ့ Al Jazeera ကတော့ မြန်မာတွေနဲ့ သိပ်မစိမ်းလောက်ဘူးထင်ပါတယ်။ သူတို့က ဝါရှင်တန်မြို့တော်မှာ အခြေစိုက်ပြီး AJ+ နာမည်နဲ့ လူအား ငွေအား စက်ပစ္စည်းအင်အား နည်းပညာအား ကြီးကြီးမားမားနဲ့ အင်တိုက်အားတိုက် လှုပ်ရှားနေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာတွေမှာလည်း လူငယ် follower သန်းပေါင်းမြောက်များစွာက ဝင်ကြည့် ထပ်ဖြန့်လုပ်နေကြတာပါ။
သူတို့က တကယ့်သတင်းတွေနောက်ကို လိုက်တာမျိုးထက် လူငယ်တွေ စိတ်ဝင်စားမဲ့ lifestyle, culture, technology စတဲ့ video လေးတွေကအစ သူတို့ဝါဒဖြန့်ချင်တဲ့ ရိုဟင်ဂျာလိုမျိုးကိစ္စတွေအထိ လက်တံရှည်ရှည်နဲ့ လှုပ်ရှားနေတာပါ။ “ရို”ကိစ္စမှာလည်း အားလုံးမြင်တဲ့အတိုင်းပါပဲ။ သူတို့တင်ပြချက်တွေဟာ အမှန်နဲနဲ အမှားများများပေမဲ့ သူတို့ကလက်တံရှည်တော့ တကမ္ဘာလုံးက သူတို့မြင်စေချင်သလို မြင်ကြ သူတို့မုန်းစေချင်သူကို မုန်းခဲ့ကြတာပါပဲ။ ယှဥ်ကြည့်ဖို့ပြောတာပါ။
အမေရိကန်ပညာရေးနယ်ပယ်မှာ သြဇာလွမ်းဖို့ကြိုးစားနေတာ ကာတာနိုင်ငံတခုထဲမဟုတ်ပါဘူး။ တရုတ်ကလည်း အမေရိကန်တက္ကသိုလ်ပေါင်း ၁၀၀ကျော်မှာ တရုတ်ဘာသာနဲ့ ယဥ်ကျေးမှုကို ပြန့်ပွားစေဖို့ တရုတ်ပညာရေးဝန်ကြီးဌာနက Confucius Instituteတွေ နေရာအနှံ့မှာ ဖွဲ့စည်းတည်ထောင်ထားတာြဖစ်ပါတယ်။ အမေရိကန်ဥပဒေအရ တနှစ်ကို ဒေါ်လာ နှစ်သိန်းခွဲထက်မပိုတဲ့ ပေးကမ်းမှုကို အစိုးရကို တရားဝင်အသိပေးစရာမလိုတဲ့အတွက် တနေရာကို နှစ်သိန်းခွဲအောက် နဲနဲလေးပဲလျော့ပြီး Confucius Institute တွေကနေတဆင့် ပေးကမ်းနေတာကို တက္ကသိုလ်ပေါင်း ၁၀၀ကျော်က အစိုးရကို သတင်းမပို့ခဲ့ကြဘူးလို့ဆိုကြပါတယ်။
သေချာတာကတော့ တရုတ်အစိုးရဟာ အမေရိကန်တက္ကသိုလ်တွေမှာ ဒေါ်လာသန်းပေါင်းများစွာသုံးပြီး တရုတ်ကွန်မြူနစ်ပါတီမြင်စေချင်တဲ့ပုံအတိုင်း အမေရိကန်ကျောင်းသားတွေမြင်ကြစေဖို့ ကြိုးစားပမ်းစားလုပ်နေတာပါ။ ဒါကို အမေရိကန်အစိုးရက ရိပ်မိပေမဲ့ တရုတ်တွေက လက်တလုံးခြားလုပ်နေကြတာကြောင့် လက်ဆုပ်လက်ကိုင်ပြနိုင်ဖို့ ခဲယဥ်းနေတာြဖစ်ပါတယ်။
တရုတ်အစိုးရနဲ့ ကာတာအစိုးရတို့ဟာ ပညာရေးလောကတခုထဲပဲ ဝင်ပူးသတ်ဖို့ကြိုးစားနေတာမဟုတ်ပါဘူး။ ဝါရှင်တန်မှာလည်း ထိပ်ပိုင်းနိုင်ငံရေးသမားတွေဆီ ချဥ်းကပ်နိုင်တဲ့ လော်ဘီတွေ ဒေါ်လာသန်းနဲ့ချီသုံးပြီးငှားထားကြမှာ အသေအချာပါပဲ။ (ဥပမာပြရရင် သမ္မတထရမ့်က ကိုဗစ်အမေရိကားမှာ ပြန့်ပွားမှုမများခင် ဒီနှစ်ဖေဖော်ဝါရီလအစောပိုင်းထဲက တရုတ်ပြည်ဖက်ကလာတဲ့လေယာဥ်တွေကို ကန့်သတ်ဖို့လိုမယ့်အကြောင်း ပြောကြားခဲ့ပေမဲ့ ဒီမိုကရက်ခေါင်းဆောင်ပိုင်းနဲ့ မီဒီယာက racist လို့ စွပ်စွဲပြီး ဟားခဲ့ကြပါတယ်။ မီဒီယာတွေကလည်း အစောပိုင်းက တရုတ်ပြည်ကလာတဲ့ ဝူဟန်Virus လို့ပြောနေရာကနေ နောက်ပိုင်း ဒီလို လူမျိုးနိုင်ငံကို ပြောတာ လူမျိုးရေးခွဲခြားတာဖြစ်လို့ အဲဒီလိုမခေါ်သင့်ကြောင်း တလေသံထဲထွက်လာကြပါတယ်။ ဒီလိုသာဆို German Measles, Spanish Flu, Japanese Encephalitis Virus စတာတွေကိုပါ ပြန်ပြောင်းရတော့မလို ဖြစ်နေမှာပေါ့။ )
ယနေ့တက်လာတဲ့ သတင်းတပုဒ်အရ အမေရိကန်သတင်းစာတွေဟာ တရုတ်အစိုးရရဲ့အာဘော်တွေ ဖြန့်ချီပေးဖို့အတွက် ဒေါ်လာ ၁၉သန်းကျော် ရယူခဲ့တယ်လို့ဆိုပါတယ်။ ၂၀၁၆ နိုဝင်ဘာလကစလို့ Washington Post က ၄.၆သန်း Wall Street Journal က ၆သန်းအသီးသီးရယူခဲ့ကြတာပါ။ အချိန်ကာလကိုကြည့်ရင် သမ္မတထရမ့်ရွေးကောက်ပွဲနိုင်တဲ့အချိန်နဲ့ တိုက်ဆိုင်နေပါတယ်။ အမေရိကန် က နာမည်ကြီးသတင်းစာတွေမှာ China Watch အချပ်ပိုတွေထည့်ပြီး တကယ့်သတင်း တွေကို တရုတ်အစိုးရမြင်စေ့ချင်တဲ့ပုံကို ဖော်ပြီး ထည့်သွင်းထားတာပါ။ ဒါမျိုးကို တရုတ်လောက် ကျယ်ကျယ်ပြန့်ပြန့်မဟုတ်ပေမဲ့ ရုရှားအစိုးရကလည်း လုပ်ပါတယ်။ ပိုက်ဆံရရင် ကိုယ့်ခေါင်းဆောင်ကိုဟား သူများခေါင်းဆောင်ကိုဖားကြတဲ့ သတင်းစာ မီဒီယာတွေနဲ့ နိုင်ငံရေးသမားတွေရဲ့ နိုင်ငံချစ်စိတ်ကိုလည်း အံ့သြရပါတယ်။
အဲဒီလို စွက်ဖက်မှုတွေကြောင့်လည်း အမေရိကန်ပညာရေးလောကမှာ လက်ဝဲဝါဒတရှိန်ထိုးအားကောင်းလာပြီး အချင်းချင်းသွေးကွဲစေတဲ့ identity politicsတွေ ပိုမိုတွင်ကျယ်လာတာပဲ ဖြစ်ပါတယ်။ တချိန်ထဲမှာပဲ လက်ဝဲဝါဒ identity politics စတာတွေကို သဘောမတူတဲ့လူတွေ မေးခွန်းထုတ်လာတဲ့လူတွေကို ကိုယ်ထိလက်ရောက်ဖြစ်လာတဲ့အထိ ဖိဖိစီးစီးနှိပ်ကွပ်လာကြပါတယ်။ ခုနောက်ပိုင်း အမေရိကန်တက္ကသိုလ်တွေမှာ သူတို့နဲ့သဘောမတူသူတွေ စကားလာပြောမယ်ဆိုရင် အကြမ်းဖက်ကြတာကြောင့် ပိုက်ဆံအများကြီးအကုန်ခံပြီး လုံခြုံရေးငှားနိုင်မှ ဖြစ်တဲ့ အခြေအနေရောက်သွားပါပြီ။
တကယ်တမ်းက တက္ကသိုလ်ဆိုတာ ပညာသင်ရုံအပြင် မတူတဲ့အမြင်တွေကို ယဥ်ယဥ်ကျေးကျေး ဆွေးနွေးခဲ့ကြတယ်ဆိုတဲ့ အစဥ်အလာဟာ ယနေ့ခေတ်မှာ ယုံတမ်းစကားလိုများ ဖြစ်နေမလားတောင်ထင်ရအောင် စိတ်မကောင်းစရာဆုတ်ယုတ်လာခဲ့တာပါ။ ဆက်စပ်တွေးကြည့်မယ်ဆိုရင်တော့ လက်ဝဲဝါဒရော identity politics ရော အားလုံးက အမေရိကန်နိုင်ငံရဲ့ ကြွယ်ဝမှု စုစည်းညီညွတ်မှု စတာတွေကို အားနဲစေတာြဖစ်လို့ ကာတာ တရုတ်စတဲ့ အမေရိကန်ကို အားနဲစေလိုတဲ့နိုင်ငံတွေရဲ့ လုပ်ဆောင်ချက်တွေဟာ အောင်မြင်နေတယ်လို့ ပြောရမှာပါ။
ပညာရေးနယ်ပယ်တခုထဲလဲမဟုတ်ပါဘူး။ သူတို့နဲ့ ယုံကြည်မှုမတူတဲ့သူတိုင်းကို တိုက်ခိုက်ကြတာ နေရာတကာရောက်လာတဲ့အထိ သူတို့လုပ်ရပ်တွေက ကျယ်ပြန့်သထက် ကျယ်ပြန့်လာနေပါတယ်။ တနိုင်တပိုင်စီးပွားရေးလုပ်ငန်းလေးတွေကအစ အလုပ်ခွင်တွေ ကျောင်းတွေ အားကစားပွဲတွေ Celebrity တွေ TV Show တွေအထိ သူတို့နဲ့သဘောမတူသူတွေ အသံမထွက်ရဲလောက်အောင်အထိ အတင့်ရဲလာကြပါတယ်။ ရဲတွေဆိုလည်း ဘောင်ထဲဘယ်လောက်ဝင်စေဦးတော့ အဖျက်အုပ်စုပါလာရင်ဘာလုပ်လုပ် မတို့ရဲ မထိရဲအောင်လုပ်နေကြတာ အားလုံးအမြင်ပါပဲ။
လက်ရှိအခြေအနေက တော်တော်ကိုရှုပ်ထွေးပါတယ်။ ၉၀% ကျော်သောမီဒီယာကြီးတွေ နှစ်ပေါင်းများစွာခပ်လာတဲ့အဆိပ်ကို ပြန်ဖြေဖို့ဆိုတာ လွယ်တဲ့ကိစ္စတော့ မဟုတ်ပါဘူး။ တက်လာသမျှတိုင်းကို အမှန်အမှားခွဲခြားဖို့ခက်တဲ့အနေအထားမှာ ကိစ္စတခုချင်းတခုချင်းစီ လိုက်ကြည့်နေတာထက် ဖြစ်ရပ်အားလုံးကို ခြုံငုံကြည့်ပြီး ဒါတွေဟာ တိုင်းပြည်ကို အကောင်းဖက် တွန်းပို့နေတာလား အဆိုးဖက်တွန်ုးပို့နေတာလား ဆိုတဲ့ ပေတံနဲ့ တိုင်းကြည့်စေချင်ပါတယ်။ အမေရိကန်နိုင်ငံအင်အားပြည့်ပြီး အေးချမ်းသာယာဖို့ဆိုတာ ဒီနိုင်ငံမှာနေတဲ့သူတွေအတွက်တင် အရေးကြီးတာမဟုတ်ပါဘူး။ အမေရိကန်နိုင်ငံအင်အားပျော့သွားလို့ ကမ္ဘာ့အင်အားချိန်ခွင်လျာ ပျက်သွားခဲ့ရင် နိုင်ငံငယ်လေးတွေက အင်အားကြီးအာဏာရှင်နိုင်ငံတွေ ပြုသမျှနုရတော့မှာ ကျိန်းသေပါပဲ။