အခုဖြစ်နေတဲ့ လူမဲအုံကြွမှုရဲ့ အဓိကအကြောင်းလို့ဆိုနိုင်တဲ့ George Floyd သေဆုံးရတဲ့ အဖြစ်အပျက်မျိုးဟာ ဆိုးရွားတဲ့လူမျိုးရေးပြဿနာတခုဖြစ်ပြီး လူမဲတွေဟာ စနစ်တကျဖိနှိပ်ခံနေရပါတယ်လို့ အများကမြင်အောင် မီဒီယာက လမ်းကျောင်းထားပါတယ်။ ဒီကိစ္စမှာ Floyd သေဆုံးရမှုဟာ တရားပါတယ်လို့ ဘယ်သူမှလည်းမပြော အမှုမှာပါဝင်တဲ့ ရဲတွေကိုလည်း အပြစ်ပေးထားပြီးသားဖြစ်ပါလျက်နဲ့ ဒေါသတွေဆက်လက်ပေါက်ကွဲမဆုံးဖြစ်နေကြတာဟာ သွေးရိုးသားရိုးမှ ဟုတ်ရဲ့လားလို့ တွေးစရာတွေ ဖြစ်လာစေပါတယ်။ ဒါ့အပြင် သူတို့အုံကြွမှုမှာ အသက်ပေးခဲ့ရတဲ့ လူမဲရဲတွေနဲ့ ပိုင်ဆိုင်မှုတွေ ဖျက်ဆီးခံခဲ့ရတဲ့ လူမဲတွေအကြောင်းကတော့ သူတို့မီဒီယာတွေမှာ သိပ်ဖော်ပြမခံရတာတွေက အပေါ်ကသံသယကို ပိုမိုကြီးထွားလာစေပါတယ်။
နောက်ထပ် စိတ်ဝင်စားစရာကောင်းတာတခုကတော့ သူတို့ပြောတာကို သဘောမတူတဲ့ လူမဲတွေ အများကြီးရှိတယ်ဆိုတာပါပဲ။ တကယ်လို့သာ မီဒီယာတွေနဲ့ နိုင်ငံရေးသမားတွေက မျှမျှတတတင်ပြပြောဆိုခဲ့ကြမယ်ဆိုရင် ခါးသီးမှုရေချိန်က အကြမ်းဖက်ဖျက်ဆီးတာတွေအထိ ဖြစ်ချင်မှ ဖြစ်လာမှာပါ။ ဒါပေမဲ့ သူတို့လိုချင်တဲ့ဖက်ကိုပဲ မီးမောင်းထိုးကြတဲ့အခါကျတော့ အမုန်းမီးတွေက ပွားသထက်ပွားပြီး ထိန်းမနိုင်သိမ်းမရအခြေအနေတွေအထိ ရောက်လာကြပါတယ်။ ပိုဆိုးတာက တကမ္ဘာလုံးက သူတို့ပြောတာနားယောင်ပြီး အမုန်းစကားတွေ ဝိုင်းဖြန့်နေကြတာပါပဲ။
အမုန်းဒီဂရီတွေတက်လာတော့ လုယက် အကြမ်းဖက် ဖျက်ဆီးတာတွေပါလာတော့တာပေါ့။ (သမိုင်းဝင်အထိမ်းအမှတ်တွေ ဖျက်ဆီးတာတွေက ကမ္ဘာ့တချို့နိုင်ငံတွေမှာ တချို့လူစုတွေလုပ်လေ့ရှိတဲ့အစဥ်အလာဖြစ်ပြီး ဒီဖက်ကို ရောက်လာတာတော့ မကြာသေးပါဘူး။ သမိုင်းဆိုတာ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ အရှိကို အရှိအတိုင်း လက်ခံရမဲ့အရာပါ။ ဘာအကြောင်းပြချက်နဲ့မှ မဖျက်ဆီးသင့်ပါဘူး။) မီဒီယာတွေအများစုကတော့ ဒီလိုလုယက်ဖျက်ဆီးတာတွေက လုပ်သင့်တဲ့အရာတွေမဟုတ်ပါဘူး၊ ဒါပေမဲ့ သူတို့တွေခံစားနေရတဲ့ဒေါသကို နားလည်ပါတယ်လို့ အသံတူထွက်ကြပါတယ်။ တချို့နေရာတွေမှာ Celebrity တွေနဲ့ ဒီမိုကရက်သမ္မတလောင်း Biden Campaign staff တွေက အဖမ်းခံရတဲ့ ဆူပူသူတွေကို အာမခံပေးခေါ်ထုတ်သွားကြတယ်လို့လည်း တွေ့ရပါတယ်။
ဒေါသကို ကိုယ်လုပ်ချင်တာလုပ်ဖို့ အကြောင်းပြချက် လက်နက်တခု (free pass) အနေနဲ့ သုံးလို့ရတယ်ဆိုရင် အဲဒီလူ့အဖွဲ့အစည်းကို ဘယ်လိုသာယာအောင် အုပ်ချုပ်လို့ရတော့မှာလဲ၊ တရားဥပဒေဆိုတာကို ပြည်သူတွေအယုံအကြည်မဲ့သွားရင် ဒီလူ့အဖွဲ့အစည်း ဘာဖြစ်သွားမလဲ ဆိုတာတွေဟာ တော်ရုံအသိဉာဏ်နဲ့ တွေးကြည့်လို့ရတဲ့ ကိစ္စတွေပါ။
မင်းတို့ခံစားနေရတာ နားလည်တယ် ဒါပေမဲ့ မင်းတို့က အထင်သေးထိုက်တဲ့လူတွေမဟုတ်ကြောင်း စည်းကမ်းရှိရှိနဲ့ပြကြပါလို့ ဘယ်ခေါင်းဆောင်ကမှ ပြောတာမတွေ့ပါဘူး။ လူတွေကို သွေးဆူအောင်လုပ်ရတာလွယ်ပါတယ်၊ မုန်းအောင်လုပ်ရတာလဲ လွယ်တာပါပဲ။ တိုင်းပြည်စီးပွားရေး ယဥ်ကျေးမှု လူတွေရဲ့ အကျင့်စာရိတ္တ အပြုအမူကောင်း အချင်းချင်းယုံကြည်မှုတွေကိုကျတော့ နှစ်ပေါင်းများစွာတည်ဆောက်ယူရတာပါ။ ဖျက်ချင်ရင်တော့ လက်တဖျောက်ပဲကြာမှာပေါ့။
ဒါဆိုရင် မီဒီယာတွေနဲ့ နိုင်ငံရေးသမားတွေက ဘာလို့ အမုန်းပွားတဲ့ဘက်ကို ဇောင်းပေးနေကြလဲဆိုတာ မေးစရာဖြစ်လာပါပြီ။ လူမဲလှုပ်ရှားမှုမှာ web page နဲ့ ဦးတည်ချက်တွေ ရာဇဝင်တွေ ယုံကြည်ချက်တွေရှိပေမဲ့လို့ တည်နေရာမရှိတဲ့အပြင် တာဝန်ခံသူ ဦးဆောင်သူစာရင်း ဖွဲ့စည်းပုံ စတာတွေ ရှိတာမတွေ့ပါဘူး။ သူတို့လှုပ်ရှားမှုကို လှူကြတဲ့ သန်းပေါင်းရာနဲ့ချီတဲ့ ပိုက်ဆံတွေလည်း ဘယ်သူက တာဝန်ခံတယ် ဘယ်ကိုသွားမယ် ဘယ်မှာသုံးမယ်မှန်း ရှင်းရှင်းလင်းလင်းပြောမထားပါဘူး။
ဒီထက်ပိုစိတ်ဝင်စားစရာကောင်းတာက သူတို့ webpage ထဲမှာ ဘာတွေတွေ့ရသလဲဆိုတာပါ။ သူတို့လှုပ်ရှားမှုကို ဘယ်လောက်အထိမှန်းထားလဲ ဆိုတော့ မိသားစုကလေးတွေနဲ့ ဖွဲ့စည်းထားတဲ့ လူ့အဖွဲ့အစည်းပျောက်ပြီး အားလုံးကို ဘုံထိန်းကျောင်း ဘုံစောင့်ရှောက်တဲ့ စနစ်မျိုးအထိ ရည်မှန်းထားတယ်လို့တွေ့မှာပါ။ အဲဒါကျတော့ လက်ဝဲစွန်းကိုရောက်သွားပါပြီ။ ယခုခေတ်လိုမျိုး အထူးသဖြင့် အမေရိကန်လို နိုင်ငံမျိုးမှာ လူမဲတွေချည်းသီးသန့် အခုလို ဘုံအသိုင်းအဝိုင်းလေးဖွဲ့ပြီး နေကြမယ်ဆိုတာက ကျန်တဲ့ လူ့အသိုင်းအဝိုင်းနဲ့ ဘယ်လောက် သဟဇာတဖြစ်မလဲ ဘာနောက်ဆက်တွဲတွေ ဖြစ်လာဦးမလဲဆိုတာ မစဥ်းစားရဲလောက်အောင်ပါပဲ။ ဖြစ်လာတာ မဖြစ်လာတာကနောက် အခုလို စိတ်ကူးတွေရှိနေတာကိုက သတိထားစရာြဖစ်နေပါပြီ။
အမေရိကန်မှာ ခုနောက်ပိုင်း လက်ဝဲဝါဒီတွေ ခေါင်းထောင်လာနေတာ ကြားမိကြမှာပါ။ လက်ဝဲဝါဒဆိုတာက အပေါ်ယံလောက်ပဲနားထောင်ရင်တော့ ကြွေသွားမှာပေါ့၊ အခမဲ့ ပညာရေး အခမဲ့ကျန်းမာရေး အလုပ်မလုပ်လဲ အစိုးရက ထောက်ပံ့ထား ဆိုတော့ စိတ်ကူးယဥ်လို့ ကောင်းမှကောင်းပေါ့။ လက်တွေ့ဘယ်လောက်ဖြစ်နိုင်မလဲ နောက်ဆက်တွဲ ဘာတွေပါလာမလဲ ဆိုတာတော့ တွေးကြည့်မဲ့သူသိပ်ရှိမယ်မထင်ဘူး။ လက်ဝဲဝါဒတွင်တွင် ဟစ်နေကြတဲ့ ခေါင်းဆောင်တွေကရော သူတို့ကိုယ်တိုင်တကယ်သက်ဝင်ယုံကြည်ရဲ့လားဆိုတာ သူတို့ ပိုင်ဆိုင်မှုတွေ သူတို့နေ့စဥ်ဘဝရွေးချယ်မှုတွေကြည့်ရင် သိသာပါတယ်။
ဒါဆို အဲဒီနိုင်ငံရေးသမားတွေက ဘာလို့ လက်ဝဲဝါဒကို တွင်တွင်သုံးနေကြတာလဲဆိုတော့ ၁)က ဆွယ်လို့လွယ်လို့ပါ၊ အထူးသဖြင့် ဘဝအတွေ့အကြုံနုနယ်သေးတဲ့ အရွယ်လေးတွေဆို ဆွယ်လို့ အကောင်းဆုံးပေါ့။ ငယ်သေးတော့ တက်ကလဲတက်ကြွ ဘဝအတွေ့အကြုံကလဲနဲ အမှန်အမှား မခွဲခြားနိုင်သေးတော့ နိုင်ငံရေးသမားစားဖားကြီးများဘက်ကနေ တက်တက်ကြွကြွ မဲဆွယ်ပေးကြတဲ့အထိ ဖြစ်လာကြတာပါပဲ။ (မှတ်မိကြလား သခင်သန်းထွန်းရဲ့ ခေတ်သစ်အဇာတသတ်လေးတွေလေ။)
၂)ကတော့ ပါဝါပေါ့။ လက်ဝဲဝါဒမှာ နိုင်ငံတော်က လုပ်ပိုင်ခွင့်အရှိဆုံးလေ။ ပြည်သူတွေက လက်နက်ကိုင်ခွင့်လည်းမရှိ သူတို့ကိုဝေဖန်မိရင်လည်း အားလုံးဝိုင်းပြီး ဖြုတ်ထုတ်သတ်အလုပ်ခံရဦးမှာ၊ ပုဂ္ဂလိက ပိုင်ဆိုင်ခွင့်တို့ လူ့အခွင့်အရေးတို့ဆိုတာက လက်ဝဲဝါဒက အလေးထားတာမှမဟုတ်တာပဲ၊ နိုင်ငံတော်က လုပ်ပိုင်ခွင့်အားလုံးရှိနေတဲ့အပြင် သူတို့ကို ဝေဖန်လို့လဲမရ ကိုယ့်ကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်လဲမရှိ ဆိုတော့ အာဏာနဲ့လုပ်စားနေတဲ့လူတွေ သည်းခြေကြိုက်ပေါ့။ အကျင့်ပျက် နိုင်ငံရေးသမားတွေ အဖြစ်ချင်ဆုံးအနေအထားလေးဆိုတော့ သူတို့လုပ်သမျှ လမ်းအားလုံးကတော့ အဲဒီကိုပဲ ဦးတည်မှာပါပဲ။ ကျန်တဲ့ဘာလှုပ်ရှားမှု ညာလှုပ်ရှားမှု ဘာအစု ညာအစု အပါအဝင် အားလုံးကတော့ အခါအခွင့်သင့်ရင်သင့်သလို အသုံးချခံဖို့ အလှည့်ကျလာမှာပါ။
တကယ်တမ်းက ဒေါသဆိုတာ ကြီးမားတဲ့တွန်းအားတခုပါ။ ဒေါသကြောင့် အဖျက်အမှောင့်တွေ အများကြီးဖြစ်နိုင်သလို ခေါင်းတည်ပေးနိုင်ရင် တည်ဆောက်ရေးမှာလည်း သုံးလို့ရပါတယ်။ အမုန်းကတော့ ဘယ်လိုကောင်းကျိုးကိုမှ ပေးမှာမဟုတ်ပါဘူး။ ရွေးကောက်ပွဲနှစ်မို့ ပွဲဆူအောင်လုပ်တာဖြစ်ခဲ့ရင်တောင် အမုန်းကြောင့်ရလာမဲ့ မဲထက် စဥ်းစားတတ်တဲ့လူတွေကြောင့် လျော့သွားမဲ့ မဲက များနေပါလိမ့်မယ်။ အမုန်းဆိုတာ မီးလိုပါပဲ။ ကူးစက်လဲမြန်ပါတယ်။ အခုလူမဲအစွန်းရောက်တွေက လူဖြူတွေကိုမုန်း၊ အရပ်သားတွေက ရဲတွေကိုမုန်း၊ အမျိုးသမီးအခွင့်အရေးအစွန်းရောက်တွေက ယောက်ကျားတွေကိုမုန်း၊ လိင်တူလိင်ပြောင်းအစွန်းရောက်တွေက သမားရိုးကျတွေကိုမုန်းနဲ့ အိမ်ကြက်ချင်းအိုးမဲသုတ်ခွပ်ခိုင်းနေကြတာတွေ ရပ်မသွားဖူးဆိုရင် တချိန်ချိန်မှာ အဲဒီအမုန်းတွေက ကိုယ့်ဖက်လှည့်မလာဘူးလို့ ဘယ်သူမှ မပြောနိုင်ပါဘူး။ သတိထားကြဖို့ပါ။