ယဥ်ကျေးမှုတော်လှန်ရေးလို့ ပြောလိုက်ရင် တရုတ်ပြည်ကိုပဲ ပြေးမြင်ကြမယ်ထင်ပါတယ်။ အခုပြောမှာက အမေရိကန်နိုင်ငံမှာ ၂၀၁၀နောက်ပိုင်းဖြစ်လာတဲ့ လူတွေ တွေးပုံတွေ ရှုမြင်ပုံတွေပြောင်းလာအောင် တွန်းပို့လာတဲ့ပုံက တရုတ်ပြည်မှာလုပ်ခဲ့တဲ့ ယဥ်ကျေးမှုတော်လှန်ရေးကို သွားအမှတ်ရစေပါတယ်။ မှတ်မိသလောက်ကစပြီး အင်အားစုတခုက အမေရိကန်လူထုကို ပုံစံသွင်းလာပုံလေးတွေကို ဖော်ပြပေးသွားမှာပါ။
Merry Christmas & Happy New Year
အားလုံးပဲ မှတ်မိကြမယ်ထင်ပါတယ်။ သမ္မတအိုဘားမားတက်လာပြီးနောက်ပိုင်းမှာ Christmas တို့ New Year တို့ ရောက်ခါနီးရင် ကဒ်လေးတွေပို့ပြီး Merry Christmas & Happy New Year လို့ ဆုတောင်းပေးခဲ့ကြတဲ့အစဥ်အလာဟာ ခရစ်ယာန်မဟုတ်သူတွေကို စိတ်မကောင်းဖြစ်စေမယ်ဆိုပြီး Happy Holidays လို့ ပြောင်းသုံးစေခဲ့ပါတယ်။ အရင်ထဲက လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ ပျော်ပျော်ရွှင်ရွှင်ပြောဆိုဆုတောင်းခဲ့ကြတဲ့အစဥ်အလာဟာ ဒီခေတ်ကျတော့မှ အပြစ်ကြီးတခုလို ခံစားကြရပါတော့တယ်။ ခရစ်ယာန်အများစုရှိတဲ့တိုင်းပြည်မှာ Merry Christmas လို့ပြောတာ ဘာအပြစ်မှမဟုတ်သလို ကျန်တဲ့လူတွေလည်း Happy Ramadan, Happy Hanukah, Happy Buddha Day, Happy Diwali စသည်ဖြင့် သူ့ဆိုင်ရာဆိုင်ရာ လွတ်လွတ်လပ်လပ်ဆုတောင်းပေးခွင့်လည်းရှိနေတာဆိုတော့ အများစုခရစ်ယာန်တွေကို အဲဒီလို ကန့်သတ်တာဟာ ကောင်းတဲ့ခြေလှမ်းတခုလို့တော့ မယူဆနိုင်ပါဘူး။
Toxic masculinity
ကျားကျားလျားလျား ယောက်ကျားတွေကို ပစ်မှတ်ထားတာဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ယောက်ကျားတွေဟာ ခွန်အားအသုံးပြုပြိုင်ဆိုင်ရ လွမ်းမိုးရတာကို နှစ်သက်တတ်ကြပါတယ်။ ယောက်ကျားကလေးတွေဟာလည်း ကလေးဘဝမှာ များသောအားဖြင့် နပန်းလုံးတမ်း စစ်တိုက်တမ်းကစားကြတာပါပဲ၊ အဲဒီလိုကစားတိုင်း စစ်သွေးကြွ အဖျက်ကောင်ဖြစ်မလာပါဘူး။ စစ်သွေးကြွ အဖျက်ကောင်ဖြစ်လာဖို့ဆိုတာ အမုန်းတွေခေါင်းထဲတချိန်လုံးရိုက်ထဲ့နေမှ ဖြစ်မှာပါ။ အဲဒါကို ကွဲကွဲပြားပြားမြင်ဖို့တော့လိုပါတယ်။ သူ့နေရာနဲ့သူ ကောင်းအောင်သုံးရင် လူ့အသိုင်းအဝိုင်းမှာ အသုံးဝင်ကြတာပါပဲ။ အရေးကြီးတာက သူတို့စွမ်းအားတွေကို အကောင်းဖက်မှာသုံးဖို့ ဖခင်တွေ ဖခင်လို လေးစားရသူတွေက လမ်းပြပေးကြဖို့ပါပဲ။ ယောက်ကျားတိုင်းကနွဲ့နေကြရင် တိုင်းပြည်ကို ပြည်တွင်းအန္တရယ် ပြည်ပအန္တရယ် သဘာဝအန္တရယ်တွေက ဘယ်သူကာကွယ်ပေးပါတော့မလဲ။ တလက်စထဲ ဆက်ပြောရရင် မိန်းကလေးတွေဟာ ယောက်ကျားလေးတွေနဲ့ယှဥ်ရင် ယေဘုယျအားဖြင့် ငြိမ်တယ် ထိန်းရလွယ်တာကြောင့် ဆရာ/မတွေကလည်း ကျောင်းသူတွေကို ပိုသဘောကျပြီး ကျောင်းသားတွေကို ပြဿနာကောင်တွေအဖြစ် မြင်တတ်ကြပါတယ်။ သဘာဝမတူတဲ့ကိစ္စမှာ အားလုံးကို ပုံစံခွက်ထဲထည့်မယ့်အစား သဘောသဘာဝကို နားလည်တဲ့လူတွေက စည်းကမ်းထိန်းသိမ်းပေးလို့ မဖြစ်နိုင်ဘူးလားလို့ စဥ်းစားစေချင်ပါတယ်။
Eliminating science in defining gender
အခုခေတ် အမေရိကန်လူငယ်တွေကြားမှာ ကျား/မ ဖြစ်တည်မှုဆိုတာ မွေးရာပါမဟုတ်ပဲ လိုသလိုသတ်မှတ်/ပြုပြင်လို့ရတယ်လို့ ယုံကြည်အောင် တွန်းပို့လာနေကြပါတယ်။ ကျားနဲ့မ အပြင် လိင် အမျိုးပေါင်း ၇၀ကျော်လောက်ရှိတယ်လို့လည်းဆိုတဲ့သူက ဆိုကြပါတယ်။ သေသေချာချာ ရေတွက်ရှင်းလင်းပြနိုင်တာတော့ မဟုတ်ပါဘူး။ သိပ္ပံပညာက တွေ့ရှိထားတဲ့ ခရိုမိုဆုမ်း xx ဆိုရင် မိန်းမ xy ဆိုရင် ယောက်ကျားဆိုတာကို သူတို့က အယုံအကြည်မရှိကြပါဘူး။ အကျိုးရလာဒ်ကတော့ ကလေးတွေ လူငယ်တွေရဲ့စိတ်တွေ ရှုပ်ထွေး (confused) သွားတာပဲလို့ထင်ပါတယ်။ နဂိုထဲကမှ ပြဿနာများလှတဲ့လောကထဲကို မလိုအပ်တဲ့ နောက်ပြဿနာတခုဖန်တီးယူလာတာကတော့ ကောင်းတဲ့အကြံ မဖြစ်နိုင်ပါဘူး။
Promoting transgenderism
ခုခေတ်မှာ ကလေးတွေဟာ စဥ်းစားဉာဏ်ရင့်ကျက်တာထက် ခန္ဓာကိုယ်ဖွံ့ဖြိုးတာ စောလာကြတာအပြင် ပတ်ဝန်းကျင်မှာ မြင်တွေ့နေရတဲ့ အဆိပ်တွေကြောင့် ကိုယ့်ကိုကိုယ် ဘာလိုချင်တယ် ဘာဖြစ်ချင်တယ်ဆိုတာ ပိုပြီးဝေခွဲရခက်လာမယ်ထင်ပါတယ်။ တလောကတွေ့လိုက်တဲ့သတင်းတခုမှာလည်း ကယ်လီဖိုးနီးယားက ကျောင်းဆရာ/မများသမဂ္ဂက ကလေးတွေ လိင်ပြောင်းချင်တယ်ဆိုရင် မိဘသဘောတူညီချက်မလိုပဲ လိုအပ်တဲ့ဆေးဝါးစသည်ရနိုင်ဖို့ အားပေးတာတွေ့လိုက်ပါတယ်။ ပြန်ပြင်လို့မလွယ်တဲ့ကိစ္စမျိုးကို အရွယ်ရောက်တဲ့အချိန်မှ သေချာစဥ်းစားပြီး လုပ်သင့်မလုပ်သင့် ဆုံးဖြတ်စေဖို့ထက် လိင်ပြောင်းတာတွေကို သူရဲကောင်းတွေလို ချီးမြှောက်နေတဲ့ ပတ်ဝန်းကျင်မှာ ကလေးတွေအတွက် အမှားလုပ်မိဖို့ဆိုတာ အရမ်းလွယ်ကူသွားပါလိမ့်မယ်။ ဒါဆိုရင် ကလေးတွေကို နောင်တချိန်မှာ စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်အောင် တမင်လုပ်နေသလိုဖြစ်သွားပါလိမ့်မယ်။
Allowing transgenders in girl’s bathrooms
လိင်ပြောင်းတွေဆိုတာ ရှုံ့ချစရာမလိုသလို အထူးတလည် ချီးမြှောက်စရာလဲမလိုဘူးလို့ထင်ပါတယ်။ အခုဖြစ်နေတာက သူတို့ကိုယ်သူတို့ မိန်းမလို့သတ်မှတ်တယ်ဆိုရုံနဲ့ သူတို့ကို မိန်းကလေးအိမ်သာ ရေချိုးခန်းတွေကို တရားဝင်ပေးသုံးမယ်ဆိုတာကတော့ တော်တော်ရက်စက်ပြီး စဥ်းစားဉာဏ်မဲ့တဲ့လုပ်ရပ်ဖြစ်ပါတယ်။ အဲဒီလိုလုပ်လို့ ဗလက္ကာယအလုပ်ခံရတဲ့ မိန်းကလေးတွေလဲရှိကြတာပါပဲ။ မီဒီယာကတော့ ပြောချင်မှ ပြောမှာပေါ့။ ယဥ်ကျေးမှုတော်လှန်ရေးရဲ့ ရည်ရွယ်ချက်ကိုက အမေရိကန်တွေ ဒုက္ခများဖို့ပဲဆိုတော့ ရည်ရွယ်ချက်ကတော့ အထမြောက်တယ်ပြောရမှာပေါ့။
Allowing biological male who claim themselves as females to compete in female games
အားကစားဆိုတာ တဦးချင်းတယောက်ချင်းရဲ့ စွမ်းရည်တင်မက နိုင်ငံ့ဂုဏ်ဆောင်ဖို့အထိ အရေးပါတဲ့ကိစ္စပါ။ ဘာပဲပြောပြော အမျိုးသားနဲ့ အမျိုးသမီးဆိုတာ အရိုးသိပ်သည်းမှု ကြွက်သား အကြောအချင် သန်မာမှုချင်း လုံးဝမတူပါဘူး။ ယောက်ကျားချင်းပြိုင်မနိုင်မှန်းသိလို့ အရှက်မရှိ မိန်းမပါဆိုပြီး မိန်းမဖက်မှာလာပြိုင်တဲ့လူတွေရော မတူမှန်းသိရက်နဲ့ မျက်စိမှိတ်ပြီး ပေးပြိုင်တဲ့လူတွေကိုပါ အံ့သြမဆုံးပါဘူး။ တကယ်ကြိုးစားတဲ့အမျိုးသမီးတွေအတွက် အလွန်နစ်နာပါတယ်။ နဘမ်းလိုမျိုး သတ်ပုတ်ရတဲ့ပွဲတွေမှာ အမျိုးသမီးအစစ်တွေ ဆေးရုံရောက်ကုန်တဲ့အထိ ပြင်းပြင်းထန်ထန်ဒဏ်ရာတွေ ရကုန်ကြပါတယ်။ မကျေနပ်လို့ သွားတိုင်ရင်လည်း အရှက်ကွဲအောင်အလုပ်ခံရ ခြိမ်းခြောက်ခံရတာတွေရှိလာပါတယ်။
အားကစားလုပ်တယ်ဆိုတာ နှစ်ပေါင်းများစွာ အချိန်ယူပြီး ပြင်းပြင်းထန်ထန်လေ့ကျင့်မှသာ တူတူတန်တန်နေရာတခုကို ရောက်နိုင်တာပါ။ မိန်းကလေးတွေကို ခုလိုနည်းနဲ့ အားကစားမှာ စိတ်ကုန်အောင်လုပ်ထား၊ ကျားကျားလျားလျား ယောက်ကျားတွေကျတော့ toxic masculinity ဆိုပြီးနှိမ်ထားရင် ကြံ့ခိုင်ရေးမှာ သုံးစားမရတဲ့ မျိုးဆက်လေးတွေပဲ ထွက်လာတော့မှာပေါ့။ အခုလို မိန်းကလေးတွေ မမျှမတခံနေရတာကိုကျတော့ အမျိုးသမီးအခွင့်အရေးအတွက်ဆိုပြီး ရင်ကွဲအောင်အော်နေတဲ့ feministတွေ ဘာတခွန်းမှ မဟကြတာ ဆန်းနေတယ်လို့ မထင်မိကြဘူးလား။ ဘာပဲဖြစ်ဖြစ်လေ အမေရိကန်ပြိုင်ဖက်နိုင်ငံတွေကတော့ ပျော်နေမှာအသေအချာပါပဲ။
Abortion legalizing up to 3rd trimester
ပြောရရင် ၁၉၆၀ နှောင်းပိုင်းအထိ အမေရိကန်ပြည်ထောင်စုမှာ ကိုယ်ဝန်ဖျက်ချတာတွေ ခေတ်မစားသေးပါဘူး။ ရီပါဘလစ်ကန်တွေကတော့ သန္ဓေသားရဲ့အသက်ဟာ conception ကာလမှာထဲက ဖြစ်တည်လာတာဖြစ်ပြီး အသက်တိုင်းက တန်ဖိုးရှိတယ်လို့ ယုံကြည်ကြတဲ့အတွက် ကိုယ်ဝန်ဖျက်ချတာကို လက်မခံကြပါဘူး။ ဗုဒ္ဓဘာသာမှာလည်း ကာလလရည်ကြည်အဆင့်မှာတည်းက ဘဝတခုအစပြုတယ်လို့ သင်ယူခဲ့ဖူးပါတယ်။
ဒီမိုကရက်တွေကတော့ ၁၉၇၀နောက်ပိုင်းကစပြီး ကိုယ်ဝန်ဖျက်ချတာကို လက်ခံလာခဲ့တာ အခုဆိုရင် ကိုယ်ဝန်ဆိုတာ သီးခြားအသက်မဟုတ်ပဲ အမျိုးသမီးတွေရဲ့ ခန္ဓာဒာကိုယ်အစိတ်အပိုင်းတခုသာဖြစ်လို့ ဘယ်လအပိုင်းအခြားပဲရောက်ရောက် ကိုယ်ဝန်ဖျက်/မဖျက်ကို ကိုယ်ဝန်ဆောင်နေတဲ့သူကသာ ဆုံးဖြစ်ပိုင်ခွင့်ရှိစေဖို့ တိုက်ပွဲဝင်နေကြတာ ပြည်နယ်အချို့မှာ တော်တော်ခရီးရောက်နေပြီဖြစ်ပါတယ်။
ဒါတင်ပဲလားဆိုတော့ ဖျက်ချရင်းနဲ့ ထွက်လာတဲ့ကလေးဟာ အသက်ရှင်နေသေးရင်တောင် ဘာအကူအညီမှ မပေးပဲပစ်ထားဖို့ကို တရားဝင်ဖြစ်စေတဲ့အထိ ကြိုးစားလာခဲ့ကြပါတယ်။ တချို့ပြည်နယ်တွေမှာ ဥပဒေအရ မိခင်ကျန်းမာရေးအတွက် လရင့်ကိုယ်ဝန်ကို ဖျက်ချခွင့်ပြုတယ်ဆိုပေမဲ့ ကျန်းမာရေးဆိုတာကို သေချာရှင်းလင်းမထားတဲ့အတွက် မိခင်လောင်းဟာ ဒီကိုယ်ဝန်နဲ့ပါတ်သက်ပြီး စိတ်ဖိစီးမှုရှိနေတယ်ဆိုရင်လည်း ဥပဒေအရ အကျုံးဝင်မဲ့သဘော ဖြစ်နေပါတယ်။
တဆက်တည်းပြောရရင် အမေရိကန်ပြည်မှာ အကြီးဆုံးကိုယ်ဝန်ဖျက်ချတဲ့ အဖွဲ့အစည်းဖြစ်တဲ့ Planned Parenthood ဟာ ရွေးကောက်ခံ ဒီမိုကရက်တွေဆီက ဘတ်ဂျက်တွေအများကြီးရနေသလို အဲဒီလူတွေတက်လာဖို့ကိုလည်း ပိုက်ဆံတွေအများကြီးလှူနေတဲ့ အဖွဲ့အစည်းလည်းဖြစ်ပါတယ်။ လူမဲကလေးတွေကတော့ ဖျက်ချခံရတဲ့ထဲမှာ အများဆုံးပါတဲ့။ Steve Jobs, Babe Ruth, Eleanor Roosevelt, John Hancock, Nelson Mandela, Leo Tolstoy, Edgar Ellen Poe, Gerald Ford Jr, Simone Bile, Richard Warner Carlson စတဲ့လူတွေက မွေးစားမိဘတွေ ပျိုးထောင်မှုနဲ့ ထွန်းပေါက်လာကြသူတွေပါ။
ကလေးမွေးနှုန်းနဲသွားလို့ပဲဖြစ်ဖြစ် ကလေးတွေအများကြီးဖျက်ဆီးခံရလို့ပဲဖြစ်ဖြစ် တိုင်းပြည်အတွက် လိုအပ်တဲ့လုပ်အားတွေမရတော့ဘူးဆိုရင် အခုဥရောပမှာလိုမျိုး နိုင်ငံရေးသမားတွေက ယဥ်ကျေးမှုမတူပေမဲ့ ကလေးမွေးအားသိပ်ကောင်းတဲ့ နိုင်ငံတွေက လူတွေ ခေါ်သွင်းကြ၊ အဲဒီလူတွေက အလုပ်လုပ်ဖို့ထက် အစိုးရထောက်ပံ့ကြေးပဲမျှော်၊ ထောက်ပံ့ကြေးပေးမဲ့အစိုးရကိုမဲထဲ့ကြ၊ ဝင်လာလိုက်တဲ့ ဒုက္ခသည်တွေကလည်း အရွယ်ကောင်း ယောက်ကျားတွေချည့်၊ အဲဒီတော့ ဒေသခံမိန်းကလေးတွေ အများကြီး စော်ကားခံရ၊ သတင်းဌာနကြီးတွေကတော့ ဒါမျိုးသတင်းချောင်ထိုး၊ နိုင်ငံရေးသမားတွေကလည်း သူတို့အပြစ်ပေါ်မှာစိုးတော့ ဖုံးဖိ၊ အိပ်မက်မဟုတ်တော့လည်း မြင်ရကြားရ နားဝမချမ်းသာပါပဲ။ ဥရောပမှာ အန္တရယ်ရှိလို့ လူဖြူဒေသခံတွေ ရဲတွေမဝင်ရတဲ့zoneတွေတောင်ရှိနေတာပါ။ ဒါမျိုးအမေရိကန်မြေမှာဖြစ်ဖို့ ကြိုးစားနေကြတာကြာပါပြီ။ တိုက်ခိုက်မှုတွေမျိုးစုံကြားက အင်မတန်ခေါင်းမာပြီး အမျှော်အမြင်ရှိတဲ့ မျိုးချစ်ခေါင်းဆောင်တွေရှိနေသေးသလို သူတို့ကို မဲပေးမဲ့သူတွေ ရှိနေသေးလို့ အဲဒီလောက် အခြေအနေမဆိုးသေးတာပါ။