လူတွေဟာ ကိုယ်နဲ့ထိတွေ့ပတ်သက်ခဲ့ဖူးခြင်းလဲမရှိတဲ့ လူတယောက်ကို၊ အဲဒီလူလုပ်တဲ့ ဆိုးကျိုးတွေကိုလည်း ကိုယ်တိုင် ကြုံတွေ့ခံစားနေရတာမဟုတ်ပါပဲနဲ့ အဲဒီလူကို မြင်တာနဲ့ ဆဲချင်လောက်အောင် မုန်းနေတယ်ဆိုရင် ဖြစ်နိုင်ပါ့မလားလို့ ထင်စရာရှိပါတယ်။
သိပ်ကိုဖြစ်နိုင်တယ်ဆိုတာ မြန်မာပြည်သူတွေသိကြမှာပါ။ လူတစုက တိုင်းပြည်အပေါ် မေတ္တာ စေတနာကလွဲလို့ မကောင်းတဲ့စိတ်အလျဥ်းမရှိတဲ့ လူတဦးကို စနစ်တကျ ပုံစံသွင်းထားတဲ့အတွက် မြင်လဲဆဲ မမြင်လဲဆဲ ဟုတ်၏ မဟုတ်၏မစဥ်းစားပဲလဲ ဆဲနေ မုန်းနေကြတာ မမေ့လောက်သေးဘူးထင်ပါတယ်။ အပေါ်ပိုင်းကလူတွေက စားပေါက်ပိတ်မှာမို့ မုန်းကြတယ်ဆိုရင် နားလည်နိုင်ပေမဲ့ အောက်ပိုင်းကလူတွေကပါ အားရပါးရအသားလွတ်မုန်းနေကြတာ နဲနဲနားလည်ရခက်မယ်ထင်ပါတယ်။ တထပ်ထဲတူတာမဟုတ်ပေမဲ့လည်း အမုန်းချင်းတော့မကွာခြားလှပါဘူး။ ဒါဆိုရင်တော့ လူတယောက်ကို မုန်း/မမုန်း မဆုံးဖြတ်ခင် သူ့အကြောင်းအရင် သိအောင်လုပ်သင့်တယ်လို့ သဘောတူကြမယ်ထင်ပါတယ်။
His background
သမ္မတထရမ့်ဟာ အခုအချိန်မှာ သူဘာပဲလုပ်လုပ် လက်ဝဲယိမ်းတွေ မီဒီယာတွေနဲ့ သူတို့ကိုယုံကြည်သူများကြားမှာ မုန်းစရာ၊ ဟားစရာလူတယောက်ဖြစ်နေပေမဲ့ အရင်တုန်းကတော့ သူဟာ မီဒီယာတွေ၊ နိုင်ငံရေးသမားတွေနဲ့ ထင်ပေါ်ကြော်ကြားသူ တွေရဲ့ အသဲစွဲတယောက်ဖြစ်ခဲ့ပါတယ်။ မှတ်မိသလောက် ၁၉၈၀လောက်ထဲက Times, Newsweek, Life မဂ္ဂဇင်းတွေမှာ ပုံမှန်တွေ့နေရတာဖြစ်ပြီး မြန်မာပြည်မှာတောင် ခေတ်သစ်ဇောတိကလေးလို့ စာစောင်တွေထဲရေးကြတာ မှတ်မိပါသေးတယ်။ အိုဘားမားတောင် Donald Trump ကို အောင်မြင်မှု ကြွယ်ဝမှုတို့ရဲ့ ပြယုဂ်တခုအနေနဲ့ သူ့စာအုပ်တအုပ်ထဲမှာ ဖော်ပြခဲ့ဖူးပါတယ်။ ကလင်တန်တို့လင်မယား အလှူခံတိုင်းလဲ ထဲ့ခဲ့ပြီး ထရမ့်တို့မင်္ဂလာပွဲကို တက်ရောက်ခဲ့ကြတဲ့အထိ ရင်းနှီးတဲ့ဆက်ဆံရေး ရှိခဲ့တာပါ။ ကျော်ကြားသူလူမဲတွေနဲ့လဲ ခင်မင်ရင်းနှီးလျက်ရှိပြီး ဘယ်သူကမှ လူမျိုးရေးခွဲခြားသူလို့ မစွပ်စွဲခဲ့ကြပါဘူး။
အဲဒီလိုအနေအထားကနေ ခုလိုမျိုးဆန့်ကျင်ဖက်ကို ရောက်သွားခဲ့တာကတော့ သူက ရီပါဘလစ်ကန်ပါတီဖက်ကနေ သမ္မတရွေးကောက်ပွဲဝင်မယ်လို့ ကြေငြာလိုက်တာ ကြောင့်ပဲဖြစ်ပါတယ်။ အဲဒီမတိုင်ခင်က ရွေးကောက်ပွဲတွေမှာ သူမဲပေးပြီးထွက်လာတိုင်း မီဒီယာတွေက ဘယ်သူ့ကို ဘယ်ပါတီကို မဲထဲ့ခဲ့သလဲဆိုတာ အတင်းလိုက်မေးကြတာပါ။ သူကလဲ စီးပွားရေးသမားတဦးအနေနဲ့ သူ့နိုင်ငံရေး ယုံကြည်ချက်ကို လူသိမခံခဲ့ပါဘူး။ ဒ့ါအပြင် ဒေါ်နယ်ထရမ့်ဟာ သူ့ရဲ့ပါတီဝင်မှုကိုလည်း ၅ကြိမ်လောက် ပြောင်းလဲခဲ့ပါတယ်။ များသောအားဖြင့်တော့ သူဟာ ဒီမိုကရက်အနေနဲ့ ရပ်တည်ခဲ့တာပါ။ ဒါပေမဲ့ လွန်ခဲ့တဲ့ အနှစ်၃-၄၀ လောက်ထဲက ကနေ့အထိမပြောင်းလဲပဲ တစိုက်မတ်မတ် ပြောလာခဲ့တာကတော့ သူ့တိုင်းပြည်ကို ကောင်သထက်ကောင်းအောင် သူများထက်သာအောင် သူများအမြတ်မထုတ်နိုင်အောင် လုပ်သင့်တယ်ဆိုတာပါပဲ။ မီဒီယာတွေက သူ့ကို သမ္မတရွေးကောက်ပွဲဝင်မှာလားလို့ မေးခဲ့ကြတာ လွန်ခဲ့တဲ့ နှစ် ၃၀ ကျော်ထဲကပါ။ သူက နိုင်ငံရေးလောကက ညစ်ပတ်လို့ ကိုယ်တိုင်ပြိုင်ဖို့ စိတ်မဝင်စားကြောင်း၊ သူ့အစား တခြားတယောက်ယောက်ကိုသာ လုပ်စေချင်ကြောင်း တစိုက်မတ်မတ် ပြောလာခဲ့တာပါ။
သူဟာ တိုင်းပြည်အတွက် အကျိုးထက် ဆုတ်ယုတ်အောင်လုပ်တဲ့သူတွေကိုတော့ ပါတီမရွေးဝေဖန်ခဲ့လို့ သူ့အရောင်ကို လူတွေက မခန့်မှန်းနိုင်ခဲ့ကြပါဘူး။ သူကိုယ်တိုင်ကလဲ ခန့်မှန်းရခက်သူတွေဟာ ပြိုင်ဖက်တွေထက် နှာတဖျားသာတယ်လို့ ယုံကြည်ထားပုံရပါတယ်။ အထူးသဖြင့် အမေရိကန်နိုင်ငံရေးဟာ ဒီမိုကရေစီရေးနဲ့ ပွင့်လင်းမြင်သာမှုကို အားပေးတာကြောင့် အမေရိကန်က တခုခုလုပ်မယ်ဆိုတိုင်း ဘာကန့်သတ်ချက်မှမရှိတဲ့ ပြိုင်ဖက် အာဏာရှင်နိုင်ငံတွေက အမြဲတပန်းသာနေတာပါ။ စီးပွားရေးသမားတယောက်ဖြစ်ခဲ့တဲ့ ထရမ့်ကတော့ ပြိုင်ဖက်နိုင်ငံခေါင်းဆောင်တွေနဲ့ ရင်ဆိုင်ရာမှာ အသုံးဝင်မဲ့ ပရိယာယ်တွေကို ရတဲ့နည်းနဲ့ ဖန်တီးခဲ့ပါတယ်။ များသောအားဖြင့်တော့ သူ့လက်စွဲ တွစ်တာကနေပေါ့။
ခက်တာက မီဒီယာတွေနဲ့ ပြည်တွင်းကလူတွေကပါ သူ့ကို ရန်သူဘက်ကလို ကြည့်နေကြတာကြောင့် ဘယ်နောက်လိုက်ရမှန်းမသိပဲ အုတ်အော်သောင်းနင်းတွေဖြစ်ကုန်ကြတာပါပဲ။ တကယ်တမ်းသူ့ကို ကိုယ့်တိုင်းပြည်နဲ့ကိုယ့်အကျိုးစီးပွားကို ကာကွယ်နေသူလို့ သဘောထားလိုက်ရင် သင့်အမြင်က တမျိုးပြောင်းသွားပါလိမ့်မယ်။ သူတွိဒ်တိုင်းလိုက်ကြည့်ရမှာ သူ့ပြိုင်ဖက်တွေ သူ့ရန်သူတွေအလုပ်ပါ။ ပြည်သူတွေအလုပ်မဟုတ်ပါဘူး။ နိုင်ငံခေါင်းဆောင်တယောက်ဟာ သူဘာလုပ်မယ်ဆိုတာ အတိအကျလိုက်ချပြနေတာ ပြိုင်ဖက်တွေ ရန်သူတွေအတွက် ကောင်းသလား မကောင်းဘူးလား နဲနဲပါးပါး စဥ်းစားကြည့်မယ်ဆိုရင် သိနိုင်တဲ့ကိစ္စပါ။ ပရိယာယ်ဆိုတာ ရှိလည်းရှိပါတယ်၊ သုံးလည်း သုံးရပါတယ်၊ အထူးသဖြင့် နိုင်ငံရေးနဲ့ စီးပွားရေးမှာပါ။
One big reason he won the election
ယခင်သမ္မတတွေလက်ထက်က လုပ်ခစျေးသက်သာတယ်ဆိုပြီး တရုတ်စတဲ့နိုင်ငံတွေဆီ ကုန်ထုတ်လုပ်ငန်းတွေ ရွေ့သွားခဲ့တာကြောင့် ကုန်ထုတ်စက်ရုံတွေနဲ့ အဆင်ပြေနေခဲ့ကြတဲ့ အမေရိကန်အလယ်ပိုင်းမြို့တွေမှာ ပြည်သူတွေ တဖြည်းဖြည်း အလုပ်တွေပြုတ်လာခဲ့ ကြပါတယ်။ အလားတူစက်ရုံတွေလည်း ပြည်ပကို ရွေ့ကုန်ကြတာမို့ အလုပ်ပြုတ်တဲ့လူတွေဟာ တခြားအသက်မွေးဝမ်းကျောင်းတခုကို ပြောင်းရင်ပြောင်း တခြားနေရာကို ပြောင်းရင်ပြောင်းနဲ့ ဒုက္ခပတ်လည်ဝေခဲ့ကြပါတယ်။ တခြားနေရာကိုပြောင်းရင်လည်း အလုပ်အကိုင်များများမပေးနိုင်တဲ့မူလမြို့တွေက မြေစျေးအိမ်စျေးတွေလည်းကျ၊ ဝယ်မည့်သူလည်းမရှိကြတော့ တချို့မြို့(ဥပမာ Detroit) တွေဆို မြို့ပျက်တွေလိုပဲ စွန့်ပစ်အိမ်ယာတွေ ရာဇဝတ်မှုတွေနဲ့ ချောက်ခြားစရာဖြစ်နေခဲ့တာပါ။
အလားတူဆိုးရွားတဲ့ အချက်တခုက နည်းပညာကုမ္ပဏီတွေ တရုတ်ပြည်ကို ရွှေ့သွားတဲ့အခါ တရုတ်အစိုးရက သူတို့ကို နည်းပညာလွှဲဖို့ အကျပ်ကိုင်ပါတယ်။ ရေတိုအမြတ်ကိုပဲကြည့်တဲ့ CEO များနဲ့ တိုင်းပြည်အကျိုးစီးပွား၊ လုံခြုံရေးစတာကို မကြည့်တဲ့ အမေရိကန်အစိုးရတွေကြား အမြတ်ထွက်တာကတော့ တရုတ်နိုင်ငံပါပဲ။ သမ္မတအိုဘားမားက ပြည်ပကို ထွက်သွားတဲ့အလုပ်တွေဟာ အများအားဖြင့်ပြန်လာတော့မှာမဟုတ်လို့ ပြည်သူတွေအနေနဲ့ တခြားအသက်မွေးဝမ်းကျောင်းမှုတခုခုပြောင်းသင့်ကြောင်း ပြောသွားတာပါ။ အလုပ်ဝင်ခါစလူတွေ အတွက် သိပ်ကိစ္စမရှိပေမဲ့ ကျွမ်းကျင်ပညာသည်တွေကျတော့ မျိုးဆက်ပြတ်သွားရင် တရုတ်ပြည်က ပြန်သင်နေရမလို ဖြစ်နေမှာပါ။ ဒါက စကားအဖြစ်ပြောတာပါ။ တကယ်တမ်း တရုတ်က သူများကို ဘာအသိပညာမှ မလွှဲဘူးဆိုတာ မြန်မာတွေသိကြပါတယ်။
သမ္မတထရမ့်ကတော့ ပြည်တွင်းကို ကုန်ထုတ်စက်ရုံတွေ ပြန်လာအောင်လုပ်မယ် ဆိုတဲ့ကိစ္စကို ရွေးကောက်ပွဲကတိတခုအနေနဲ့ ပေးခဲ့ပါတယ်။ အမေရိကန်အလယ်ပိုင်းပြည်နယ် တော်တော်များများကလူတွေက ဒီကတိကို အရမ်းသဘောကျပြီး မဲဝိုင်းထည့်ခဲ့ကြလို့ ထရမ့်ကြီးလည်း သမ္မတ ဖြစ်လာခဲ့တာပါ။ (တချို့ထင်သလို သူကသူဌေးမို့လို့ ရွေးကောက်ပွဲမှာ ပိုက်ဆံတွေပုံအောသုံးပြီးနိုင်လာတာ လုံးဝမဟုတ်ပါဘူး။ သူကသူဌေးပေမဲ့ သူ့ကို ထောက်ခံသူတွေအများစုက လက်လုပ်လက်စားတွေပါ။ ဟီလာရီတို့ဖက်က ထရမ့်ထက် အဆပေါင်းများစွာချမ်းသာတဲ့ သူဌေးတွေရော ကြော်ကြားသူတွေကော အများကြီးပုံအောထဲ့ကြတာပါ။ တကယ်တမ်းထရမ့်ကြီးက ရွေးကောက်ပွဲမှာ ကလင်တန်ထက် တဝက်သာသာလောက်ပဲ သုံးနိုင်ခဲ့တာပါ။)
His past public achievement
သမ္မတထရမ့်ရဲ့ အရင်က. အောင်မြင်မှုတွေအကြောင်းပြောရင် New York Central Park ထဲက Wollman Rink က မပါမပြီးပါ။ ရေခဲပြင်စကိတ်ကွင်းကို ပြင်ဆင်မှုတွေလုပ်ဖို့ ၅နှစ်ခွဲလောက်ပိတ်ထားခဲ့ရပြီး မူလက ၅သန်းလောက်ကုန်မယ် မှန်းထားရာကနေ တကယ်တမ်း ၁၃သန်းနီးပါးကုန်သွားပြီး နောက်ထပ် ၂-၃သန်းလောက် ကုန်ဖို့ရှိနေတဲ့အချိန်မှာ Donald Trump က သူ့ပိုက်ဆံနဲ့သူ ၆လအတွင်းပြီးအောင် ပြင်ပေးမယ်၊ စရိတ်ကာမိအောင် ဝင်ခွင့်ကန်ထရိုက်နဲ့ စားသောက်ဆိုင်တခုဖွင့်ခွင့်ကို ပေးဖို့ မြို့ဝန်နဲ့ သဘောတူခဲ့ပါတယ်။ တကယ်တမ်းမှာ ၂လစောပြီးတဲ့အပြင် ခန့်မှန်းကုန်ကျငွေထက် $750,000 (၁၉၈၆ ကတန်ဖိုး) လျော့နည်းခဲ့ပါတယ်။ စားသောက်ဆိုင်နဲ့ ဝင်ခွင့်တွေထဲက အမြတ်ငွေတွေကိုလည်း နယူးယောက်မြို့ထဲက လိုအပ်တဲ့နေရာတွေကို လှူဒါန်းခဲ့ပါတယ်။
His accomplishments as President
သမ္မတသက်တန်း ၃နှစ်ကျော်အတွင်းမှာ အလုပ်အကိုင်ပေါင်း ၇.၃သန်းကျော် ဖန်တီးပေးခဲ့ပြီး အလုပ်လက်မဲ့နှုန်းက ၃.၅%နဲ့ နှစ် ၅၀ အတွင်းအနည်းဆုံး စံချိန်တင်ထားနိုင်ခဲ့ပါတယ်။ အခွန်အခတွေ လျော့ချခဲ့သလို ဥပဒေအသစ်တခုထုတ်တိုင်းလည်း လက်တွေ့မကျတဲ့ ဥပဒေဟောင်း ၈.၅ခုကို ပယ်ဖျက်နိုင်ခဲ့ပါတယ်။ ဒါဟာ အရေးကြီးလားမကြီးလား တကယ်အလုပ်လုပ်နေတဲ့သူတွေ သိကြပါတယ်။ မြန်မာပြည်မှာလည်း ခေတ်နဲ့မညီ လက်တွေ့လဲမကျတဲ့ ဥပဒေတွေနဲ့ ပြည်သူတွေ လုပ်ငန်းရှင်လေးတွေ တိုင်ပတ်နေတာ ကြားနေရတာပါပဲ။ အရင် သမ္မတတွေတုန်းက လူကြားကောင်းမဲ့ အပေါ်ယံကိစ္စတွေကို ဖြစ်နိုင်/မဖြစ်နိုင်မစဥ်းစားပဲ ဥပဒေလုပ်ခဲ့ကြတာမို့ မလိုအပ်ပဲ ပြည်သူအပေါ် ဝန်ထုတ်ဝန်ပိုးဖြစ်စေမဲ့ဥပဒေတွေ တောင်လိုပုံနေခဲ့တာပါ။ သူ့သမီးကလည်း ကလေးရှိတဲ့မိဘတွေအတွက် Child Tax Credit ခံစားခွင့်ရဖို့ ဥပဒေပြဌာန်းဖို့ အထက်လွှတ်တော်အမတ်တွေနဲ့ တွဲလုပ်ခဲ့ပါတယ်။
မီဒီယာက ဘာပဲပြောပြော အမေရိကန်နဲ့ ကမ္ဘာကလူတွေ သမ္မတထရမ့်အပေါ် အယုံအကြည်ရှိလား/မရှိလားကို stock market ကို ကြည့်ပြီးပြောလို့ရပါတယ်။ ပါးစပ်ကဘယ်လောက်မုန်းတယ် ပြောပြော အမေရိကန်စတော့တွေ လှိမ့်ဝယ်နေကြတာ အညွန်းကိန်းတွေက သက်သေပါ။ ဒါက လူချမ်းသာတွေနဲ့ပဲဆိုင်တဲ့ ကိစ္စမဟုတ်ပါဘူး။ အလုပ်လုပ်တဲ့လူတိုင်း ပင်စင်အတွက်စုတဲ့ဟာအားလုံးက stock market ထဲမှာပါ။ stock market ကျသွားရင် အထိအနာဆုံးက ပင်စင်စားတွေပါ။ သမ္မတ ထရမ့်က စတော့စျေးကွက်ကို အကျမခံပါဘူး။ သူခန့်ထားတဲ့လူတွေက စျေးကွက်အကြောင်း ကျမ်းကြေနေသူတွေမို့ ကျတာနဲ့ ဆွဲတင်ဖို့ကြိုးစားကြပါတယ်။
သမ္မတအိုဘားမားတုန်းက ကျလဲကျ ကျပါဘဲ။ လုံးဝကို လှည့်မကြည့်ခဲ့တာပါ။ Prison Reform Bill ကိုပြဌာန်းခဲ့တာကြောင့်လည်း ထောင်ထဲမှာ ကောင်းကောင်းမွန်မွန်နေနေတဲ့လူတွေကို ပြစ်ဒဏ်များ လျော့ပေါ့ပေးလို့ ရာဇဝင်လူဆိုးမဟုတ် အန္တရာယ်နည်းတဲ့ နှစ်ကြီးသမားတွေအတွက် ဘဝမှာကောင်းကောင်းမွန်မွန်နေဖို့ အခွင့်အရေးရခဲ့ပြန်ပါတယ်။ Space Force လုပ်ဖို့စတင်တာလည်း တရုတ်ကြီးထက်လက်ဦးဖို့ အင်မတန်အရေးကြီးတဲ့ ကိစ္စပါ။ တရုတ်ကြီးက အာကာသမပြောနဲ့ တောင်တရုတ်ပင်လယ်ကိုတောင် သူပိုင်လုပ်ချင်နေတာပါ။ နေရာတကာ ဗိုလ်ကျချင်တဲ့ တရုတ်ကြီးသာ အာကာသထဲလက်ဦးသွားရင် တကမ္ဘာလုံး သူပြုသမျှနုရတော့မှာပါ။ ဒါတွေအားလုံးကို သင်တို့ဟားနေကြတဲ့ သမ္မတထရမ့်က ၃နှစ်ကျော်အတွင်းလုပ်ပြသွားတာပါ။ ဒါတောင် လွှတ်တော်ထဲက ဒီမိုကရက်တွေက မြန်မာပြည်ကဂဏန်းတွေလိုမဟုတ်ပဲ တိုင်းပြည်အကျိုးရှိမဲ့ကိစ္စတွေမှာ ပူးပေါင်းလုပ်ကြမယ်ဆိုရင် အများကြီးပိုကောင်းသွားမှာပါ။
President Trump & Covid-19
ကိုဗစ်နဲ့ပတ်သက်ပြီးတော့လည်း သမ္မတထရမ့်က အမှားတွေအများကြီးလုပ်ခဲ့တယ်လို့ ဆိုကြပါတယ်။ တကယ်တမ်းက ၂လပိုင်းအစလောက်ထဲက သမ္မတက တရုတ်ပြည်ကလာတဲ့ လေကြောင်းတွေကို ပိတ်သင့်တယ်လို့ ပြောခဲ့တာပါ။ တရုတ်နှစ်ကူးနားလည်းနီးနေတော့ အသွားအလာအများဆုံးအချိန်လို့ ပြောရင်လည်းရမှာပါ။ ဒါကို ဒီမိုကရက်ခေါင်းဆောင်ပိုင်းနဲ့ မီဒီယာက racist လို့ ပြောပြီး ဟားခဲ့ကြပါတယ်။ နန်စီပလိုစီက San Francisco တရုတ်တန်းကိုတောင်သွားပြီး လူတွေများများလာဖို့ promote လုပ်ခဲ့သေးတာပါ။ ရွဲ့တာလားတော့သူပဲသိမှာပါ။
ဘယ်သူမှ ရွေးကောက်ထားတာမဟုတ်ပဲ ရာထူးကလဲ ဆင်းပေးဖို့ဆန္ဒရှိပုံမရတဲ့ Dr. Fauci နဲ့ WHO တို့က နေရာတော်တော်များများမှာ အသံတူ ထွက်ခဲ့ကြတာပါ။ Dr. Fauci က အစတုန်းက ဒီရောဂါပိုးရဲ့ သက်ရောက်နိုင်မှုကို လျော့တွက်ခဲ့ပါတယ်။ Mask တပ်ဖို့ကိုလည်း အတန်တန်ငြင်းခဲ့ပြီး မရှုနိုင်မကယ်နိုင်ဖြစ်တော့မှ တပ်ရမယ်ဖြစ်လာတာပါ။ ငှက်ဖျားဆေးက ကိုဗစ်ဝေဒနာသည်တော်တော်များကို သက်သာစေနိုင်တယ်လို့ သမ္မတက ပြောပေမဲ့ Dr. Fauci က သဘောမတူခဲ့ပါဘူး။ အခုနောက်ပိုင်းတွေ့လာကြတာက ငှက်ဖျားဆေးက ကိုဗစ်ကိုကုရာမှာ တော်တော်အသုံးဝင်တာ တွေ့လာကြပါပြီ။
Dr. Fauci ဟာ ဘယ်လောက်ပဲ အမှားတွေလုပ်လုပ် မီဒီယာတွေရဲ့အသဲစွဲဖြစ်နေတဲ့အကြောင်းကတော့ သူကလဲ သမ္မတထရမ့်ကိုမုန်းတဲ့လူတယောက် ဖြစ်နေလို့ပါပဲ။ ပညာရှင်တွေ မှားတတ်တယ်ဆိုတာ လက်ခံပါတယ်။ ဒါပေမဲ့ တာဝန်ယူမှု တာဝန်ခံမှုရှိရပါမယ်။ ကိုယ့်အမှားကို သူများပေါ်ပုံချလိုက်တာကတော့ ပညာရှင်မပီသသလို လူ့ကျင့်ဝတ်နဲ့လဲ မကိုက်ညီပါဘူး။ WHO ကလည်း တရုတ်လုပ်သမျှအမှန်ပြောတာကလွဲလို့ pandemic ကိုအထောက်အကူဖြစ်စေမဲ့အရာ guideline ထုတ်တာကလွဲလို့ ဘာတခုမှ ပံ့ပိုးပေးနိုင်ခဲ့တာမတွေ့ပါဘူး။ နောက်တခုက လူဦးရေထူထပ်ပြီး mass transport အသုံးများတဲ့ New York လို မြို့ကြီးတွေမှာ case များလာတဲ့အထိ မြို့ဝန်တွေက ဖိဖိစီးစီးမကိုင်တွယ်ပဲ ပေါ့ဆခဲ့တာကလည်း ကြီးသောအကြောင်းတခုပါ။ အရည်အချင်း အမျော်အမြင်ရှိတဲ့မြို့ဝန်ဆိုရင် ကိုယ့်မြို့အနေအထားနဲ့ ဖြစ်လာနိုင်တဲ့ risk ကမ္ဘာမှာ ဖြစ်နေတဲ့အခြေအနေ အကုန်ထည့်တွက်ပြီး ပြင်ဆင်ထားရမှာပါ။
ပိုဆိုးသွားစေတာက New York, New Jersey, Michigan, California & Pennsylvania စတဲ့ ဒီမိုကရက်ကြီးစိုးတဲ့ပြည်နယ်တွေမှာ အုပ်ချုပ်ရေးမှူးတွေက ကိုဗစ်လူနာတွေများလာတော့ သမ္မတဆီက ပိုက်ဆံတောင်း ရတဲ့ပိုက်ဆံနဲ့ သက်ကြီးစောင့်ရှောက်ရေးဂေဟာ Senior care facilities တွေဆီ သူတို့ပုံမှန်ယူနေကျစျေးထက် အများကြီးပိုပေးပြီးပို့ကြတာပါ။ ပြဿနာက နာမည်ရှိပြီး ဝန်ဆောင်မှုကောင်းတဲ့ ဂေဟာတွေက ပြည့်နေပြီးသားဆိုတော့ လက်ခံတဲ့နေရာတွေက ဝန်ဆောင်မှုအဆင့်နိမ့် ပစ္စည်းမပြည့်စုံ သန့်ရှင်းရေးအဆင့်မမှီတဲ့နေရာတွေမှာပဲ ရသလိုဖြစ်သွားတာပါ။ တချို့နေရာတွေဆို abuse & neglect ရာဇဝင်ရှိတယ်လို့ ဆိုပါတယ်။
လူနာရှင်တွေအနေနဲ့က လိုက်ကြည့်လို့ရတာလည်းမဟုတ်၊ ဂေဟာဝန်ထမ်းတွေကလည်း ဒီရောဂါနဲ့လူနာတွေကိုကိုင်တွယ်ဖို့ အဆင်သင့်ဖြစ်မဖြစ်မသိ၊ အသက်ကြီးပြီး ကျန်းမာရေးချို့တဲ့နေလို့ ဒီလိုနေရာရောက်နေပါတယ်ဆိုမှ ကူးစက်မြန်ရောဂါနဲ့လူတွေ ထပ်လာထားတော့ ဒုက္ခတွေများကုန်တော့တာပေါ့။ ဒီကြားထဲ အသေအပျောက်များရင် funding ပိုတောင်းလို့ကောင်းတော့ ဒီကာလမှာ ဘာရောဂါနဲ့သေသေ ကိုဗစ်စစ်ထားတာမဟုတ်ရင် ကိုဗစ်သံသယလို့ပဲပြတယ်ဆိုပါတယ်။ ဘယ်သူမှ လိုက်စစ်နိုင်တဲ့အနေအထားမရှိတော့လည်း သူတို့ ပြောသမျှပေါ့။
မီဒီယာတွေက လူထုကို လိုတာထက်ပိုဖြဲချောက်နေကြတာကလည်း နောက် အကြောင်းတခုဖြစ်ပါလိမ့်မယ်။ လူတွေကြောက်လေ ရောဂါအကြောင်းပြပြီး သမ္မတကို အပြစ်တင်၊ စီးပွားရေးတွေလုပ်လို့မရအောင်ပိတ်၊ ထောင်ခါ၊ လက်ဝဲစွန်းလှုပ်ရှားမှုတွေလုပ်၊ သူတို့ကို ဆန်ုကျင်သူတွေကို ပညာပြ/အရေးယူ စတဲ့သူတို့ရည်မှန်းချက်တွေ မြန်မြန်အကောင်အထည်ဖော်နိုင်မှာကိုး။
President Trump in international front
နိုင်ငံတကာမှာ သမ္မတထရမ့်ကို လူမုန်းများတယ်လို့ ဆိုကြပါတယ်။ လက်ဝဲယိမ်းနိုင်ငံတွေ ကွန်မြူနစ်တွေက မုန်းပါတယ်။ သူနဲ့ယှဥ်တော့ သမ္မတ အိုဘားမားက လူကြိုက်သိပ်များတယ်လို့ ဆိုပါတယ်။ အိုဘားမားကိုတော့ လက်ဝဲယိမ်းဥရောပနိုင်ငံများက အလွန်သဘောကျကြပါတယ်။ ဘာကြောင့်လဲဆိုတော့ လက်ဝဲယိမ်းနိုင်ငံတွေရဲ့ထုံးစံအတိုင်း စီးပွားရေးလုပ်ဖို့ အခင်းအကျင်း သိပ်မကောင်းတာအပြင် အစိုးရအဖွဲ့ကကြီး အကုန်အကျကများ efficiency ကကျ ကြွေးကထူ စစ်အင်အားကချို့တဲ့ စတဲ့ အခက်အခဲပေါင်းစုံနဲ့ဆိုတော့ အထည်ကြီးပျက်တွေလိုဖြစ်နေတာပါ။
သမ္မတအိုဘားမားကလည်း စီးပွားရေးရော စစ်အင်အားကိုပါ တောင့်တင်းအောင်လုပ်ချင်သူမဟုတ်တော့ NATOအတွက် ထည့်ဝင်စရာရှိတာတွေ မထည့်လဲ ဘာမှမဖြစ်၊ တိုင်းပြည်ကို ဘာမှကောင်းအောင်မလုပ်နိုင်တာချင်းယှဥ်လိုက်ရင် သူတို့လည်း သိပ်ရုပ်မဆိုးတော့ဘူးပေါ့လေ။ တရုတ်ကြီးကလည်းကြိုက်တာပေါ့။ သမ္မတအိုဘားမား ပြည်တွင်းမှာ တရားဝင်ဆေးခြောက်သုံးခွင့်ပေးဖို့ အလုပ်ရှုပ်နေတဲ့အချိန် တရုတ်ကြီးကကမ္ဘာပေါ်က နိုင်ငံငယ်လေးတွေပေါ် ပြိုင်ဖက်မရှိလှည့်ပတ် ဗိုလ်ကျခေါင်းပုံဖြတ်နေရတာ မကြိုက်ရှိပါ့မလား။ လေးစားလားလို့မေးရင်တော့ “No”ပါပဲ။
၂၀၁၆တုန်းက သမ္မတအိုဘားမား တရုတ်ပြည်ကို G-20 Summit တက်ဖို့အသွား ကော်ဇောနီခင်းမပေး လှေခါးပို့မပေးလို့ Air Force One ရဲ့ အရေးပေါ်ထွက်ပေါက်ကနေ ဆင်းခဲ့ရတာပါ။ နိုင်ငံရေးသင်ဖူးတဲ့သူတိုင်း ဒီကိစ္စက ဘယ်လောက်အရေးကြီးတယ်ဆိုတာ သိကြပါတယ်။ မီဒီယာကတော့ သူတို့အချစ်တော်ဆိုတော့ downplay လုပ်ကြမှာပေါ့။ သူတို့သမ္မတကို အဲဒီလိုသွားလုပ်ရင် ကမ္ဘာစစ်ဖြစ်သွားပါလိမ့်မယ်။ ယှဥ်ပြောရရင်တော့ သမ္မတ ထရမ့်တရုတ်ပြည်သွားတုန်းက ခမ်းခမ်းနားနားကြိုဆိုကြတာကိုသာ ကြည့်ပါ။
ကောင်းတာတွေချည့်ပဲလားဆိုတော့ မဟုတ်ပါဘူး။ လူထဲကလူတယောက်ဆိုတော့ အပြစ်အနာအဆာရှိပါတယ်။ ကြွားတတ်ပါတယ်၊ လေသနတ်ပစ်ပါတယ်၊ သေးသေးတင်မခံပါဘူး၊ အိမ်ထောင်၃ဆက်ရှိပါတယ်။ ဒါပေမဲ့ သူဟာ သူများသားပျို သမီးပျိုကို အမြတ်မထုတ်/မဖျက်ဆီးဘူး၊ လူမျိုးရေးမခွဲခြားဘူး၊ သူ့အလုပ်ကို စိတ်ရောကိုယ်ပါနှစ်လုပ်တတ်တယ်၊ တိုင်းပြည်ကိုချစ်တယ်။ ဘယ်လောက်ချစ်လဲဆို သူတင်မက သူချစ်တဲ့မိသားစုပါ အကြောင်းမဲ့ နေ့တဒူဝ အောက်တန်းကျကျ တိုက်ခိုက်ခံနေရတဲ့ကြားထဲကကို ချစ်တာ။ ကိုယ့်သဘောကတော့ သူတိုင်းပြည်အတွက် ကြွားစရာတွေများများလုပ်ပေးနိုင်ဖို့ မျှော်လင့်တာပါပဲ။ ကိုယ်တိုင်လဲ စင်းလုံးချောမဟုတ်၊ သူ့လောက်လဲ မလုပ်ပေးနိုင်၊ လုပ်ပေးနိုင်တဲ့ အရည်အချင်းလည်းမရှိ၊ သူ့လောက်အစော်ကားမခံနိုင်ပဲနဲ့ အမုန်းသံယောင်လိုက်နေကြမယ်ဆိုရင်တော့ မြန်မာပြည်က ဟိုလူစုနဲ့ ဘာများကွာဦးမှာလဲနော်။