အနောက်ကမ္ဘာမှာဖြစ်နေတဲ့ လူမည်းလှုပ်ရှားမှုအတွေးအခေါ်မျိုးက ခုမှပေါ်လာတာမဟုတ်ပါဘူးတဲ့။ လွန်ခဲ့တဲ့ နှစ်၁၀၀ကျော်ထဲက ကျွန်ဘဝကလာပြီး ပညာတော်တဲ့ လူမည်းခေါင်းဆောင်တဦးဖြစ်တဲ့ Booker T. Washington နဲ့ W.E.B. Du Bois ဆိုတဲ့ Harvard University ကနေ ပထမဆုံး Ph. D. ရခဲ့တဲ့ လူမည်းပညာရှင်တို့ စကားရည်လုကြဖူးပါတယ်။
B.T. Washington က ကျွန်ဘဝကလွတ်လာတဲ့ လူမည်းတွေကို ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်အောင် ကူညီပေးခဲ့ပြီး လက်တွေ့ကျကျ ပညာသင်တဲ့ တက္ကသိုလ်တခုကိုလည်း သူနဲ့ လူမည်းကျောင်းသားတွေရဲ့ လုပ်အားတွေနဲ့ ကြီးပွားစည်ပင်စေခဲ့ပါတယ်။
Du Bois ကတော့ ပညာရေးနယ်ပယ်ကို စိတ်ဝင်စားသူဖြစ်ပြီး National Association for the Advancement of Colored People ကို တည်ထောင်ခဲ့ပါတယ်။ Washington က လူမည်းတွေဘဝတိုးတက်ဖို့အတွက် အလုပ်ကြိုးစားရမယ် စျေးကွက်ကလိုအပ်တဲ့အရည်အချင်းတွေ တတ်မြောက်ရမယ်လို့ ယုံကြည်ခဲ့ပေမဲ့ Du Bois ကတော့ လူမည်းတွေဘဝတိုးတက်ဖို့ဆိုရင် ဆန္ဒပြလှုပ်ရှားမှုတွေနဲ့ လူ့ဘောင်ကြီးတခုလုံးကို ကွန်မြူနစ်ပုံစံ ပြန်လည်တည်ဆောက်ဖို့နဲ့ ဥစ္စာဓနခွဲဝေဖို့တို့ကသာ လုပ်ဆောင်နိုင်မယ်လို့ ယုံကြည်ခဲ့ကြတာပါ။
Washington က လူမည်းတွေဆင်းရဲရတာဟာ ဓနအင်အားချို့တဲ့လို့မဟုတ်ပဲ စျေးကွက်ကလိုအပ်တဲ့ စွမ်းရည်ချို့တဲ့တာကြောင့်လို့ ယုံကြည်ပါတယ်။ ကမ္ဘာ့စျေးကွက်ရဲ့ လိုအပ်ချက်ကို ဖြည့်စည်းပေးနိုင်တဲ့ အရည်အချင်းမရှိသ၍ ဘာလူမျိုးပဲဖြစ်ဖြစ် ဘာဘွဲ့ပဲရရ ထူးခြားလာမှာမဟုတ်ပါဘူးတဲ့။ လူမည်းတွေဘဝတိုးတက်ဖို့ လူမည်းတွေကိုယ်တိုင်က အလုပ်ခွင်ထဲမှာ ကျောင်းတွေမှာ အိမ်တွင်းမှာ အိမ်နီးချင်းတွေကြားမှာ ကြိုးစားပြီး ကိုယ့်ရဲ့ အသုံးဝင်မှု တာဝန်ယူမှုတွေနဲ့ ကိုယ့်အဆင့်အတန်းကို ပြသခြင်းဖြင့် ရေရှည်တည်ဆောက်ရမှာဖြစ်လို့ ဥပဒေနဲ့ ချက်ချင်းပြောင်းခိုင်းတာက ပြဿနာရဲ့ အရင်းအမြစ်ကို ပြေလည်စေမှာမဟုတ်ဘူးလို့ Washington က ယုံကြည်ပါတယ်။
Du Bois က အစက Washington ကို ထောက်ခံခဲ့ပေမဲ့ တောင်ပိုင်းလူဖြူတွေရဲ့ ဆန့်ကျင်မှုတွေ တွေ့ကြုံလာရတာ့အချိန်မှာ စိတ်မရှည်တော့ပဲ Marxism နည်းနဲ့သွားမှ ရမယ်လို့ ပြောင်းတွေးခဲ့တာပါ။ Washington ကတော့ အဲဒီအချိန်က လွတ်လပ်တဲ့ လူမည်းတွေကို လက်ခံမယ်ဆိုတဲ့ တခုတည်းသောတက္ကသိုလ်ကို သွားလျောက်တုန်းက သူ့ကိုသံသယရှိခဲ့တဲ့ အရာရှိက သူ့ကို တံမျက်စည်းတချောင်းပေးပြီး ဒီတက္ကသိုလ်နဲ့တန်တဲ့ အရည်အချင်းရှိကြောင်း သက်သေပြခိုင်းတာမှာ စိတ်မဆိုးပဲ အကောင်းဆုံး သက်သေပြခဲ့လို့ တက္ကသိုလ်တက်ခွင့်ရခဲ့ပြီး ထိပ်ဆုံးကအောင်မြင်အောင်ထိ ပြသနိုင်ခဲ့တာပါ။
အဲလို မတူညီတဲ့ အခြေခံ ယုံကြည်မှု၂ခုအပေါ် စကားရည်လုခဲ့ကြတာပါ။ အခုခေတ်မှာလည်း conservative လူမဲခေါင်းဆောင်တချို့က Washington လိုပဲ ကိုယ်တိုင်ကြိုးစားမှုနဲ့သာ ဘဝတိုးတက်အောင်လုပ်ဆောင်နိုင်မယ်လို့ ယုံကြည်ကြသလိုပဲ တချို့လူမည်းခေါင်းဆောင်တွေကတော့ အခု BLM movement လိုပဲ လူထုလှုပ်ရှားမှုနဲ့ လောကကြီးကို လက်ဝဲအသွင်ပြောင်းလိုက်မှ ဖြစ်မယ်လို့ ယုံကြည်ကြဆဲပါ။ ကမ္ဘာမှာတော့ အခုအထိ Marxist စနစ်ကျင့်သုံးလိုက်လို့ အောင်မြင်ကြီးပွားသွားတဲ့နိုင်ငံ မရှိသေးတာအမှန်ပါပဲ။ ဥပမာအားဖြင့်ဆိုရရင် တရုတ်ပြည်နဲ့ တခြားအာဏာရှင်နိုင်ငံတွေမှာ လူနဲစုတွေ ဘာသံမှ ထွက်ခွင့်မရပဲ ပြတ်ပြတ်သားသားနှိပ်ကွပ်တာခံနေရပေမဲ့ အမေရိကန်မှာတော့ ကိုယ်ယုံကြည်တာကို ကိုယ်ပြောခွင့်ရနေသေးတယ်လေ။
အဲဒီခေတ်က Karl Marx ကို အမေရိကန်မှာ လူသိမများသေးပါဘူး။ ရုရှားတော်လှန်ရေးဖြစ်တော့မှ သိလာကြတာပါ။ Marxism ကို တက္ကသိုလ်တွေမှာ အထင်ကြီးကြပေမဲ့ သာမာန်ထက်မြက်သူလူထုကြားမှာတော့ သူ့အယူအဆတွေဟာ အစွန်းရောက် သွေးကြွစေပြီး လက်တွေ့ကျဖို့ ခဲယဥ်းတယ်လို့ ထင်ကြပါတယ်။ အခုအချိန်မှာတော့ လူမျိုးရေးခွဲခြားမှုတွေ တချို့လူတွေကြားမှာ ရှိကောင်းရှိနေဦးမှာဖြစ်ပေမဲ့ Washington ပြောခဲ့သလိုပဲ သူများထက်အများကြီးပိုကြိုးစားခဲ့လို့ သူများထက်အများကြီးအောင်မြင်လာတဲ့လူမည်းတွေက သူများတွေထက်အများကြီး ပွဲလယ်တင့်နေတာတော့ အထင်အရှားပါပဲ။