သမ္မတအိုဘားမားလက်ထက်မှာ တိုင်းပြည်က စီးပွားရေး recession ဖြစ်ခဲ့တဲ့နောက်ပိုင်းမှာ အမေရိကန်စီးပွားရေးဟာ recession ပြီးရင် ပုံမှန်ဆောင့်တက်ကြသလိုမျိုးမဟုတ်ပဲ နဲနဲပဲတက်ခဲ့တာကို သမ္မတလောင်းထရမ့်က အကြိမ်ကြိမ်ဝေဖန်ခဲ့ပါတယ်။ အဲဒါကို အိုဘားမားက ဘယ်လိုလုပ်ပြီး အများကြီးတက်အောင်လုပ်လိုရမှာလဲ လိုတရ magic wand နဲ့လုပ်ရမှာလားလို့ တုန့်ပြန်သွားခဲ့တာပါ။
ထရမ့်ကြီးသမ္မတဖြစ်လာပြီးနောက်ပိုင်း တိုင်းပြည်စီးပွားရေးတိုးတက်မှုကို ဟန့်တားနေတဲ့အရာတွေကို ဖော်ထုတ်ရှင်းလင်းပြစ်ခဲ့လို့ နှစ်ပေါင်းများစွာအတွင်း အလုပ်အကိုင်တွေ စံချိန်တင် ဖန်တီးပေးနိုင်ခဲ့ပြီး စီးပွားရေးလည်း အများကြီးတိုးတက်လာခဲ့ပါတယ်။ ဘယ်လိုပေါ်လစီတွေက ထရမ့်လက်ထက် စီးပွားရေးကို တိုးတက်စေခဲ့သလဲဆိုတာကို John Carney က ခုလို သုံးသပ်ပြထားပါတယ်။
အခွန်လျော့ချတာကတော့ အားလုံးသောလုပ်ငန်းတွေ အပေါ်မှာ အထောက်အကူဖြစ်ပါတယ်။ ကိုယ့်တိုင်းပြည်စီးပွားကောင်းတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုလည်းတက်လာစေတယ်လေ။ အခုပြောမဲ့ ပေါ်လစီ ၇ ခုကတော့ manufacturing ကဏ္ဍကို တိုးတက်စေပါတယ်။
၁။ ပစိဖိတ်ဒေသနဲ့ကုန်သွယ်ရေးသဘောတူညီချက်တွေကို ဖျက်သိမ်းခြင်း
ထရမ့်သမ္မတဖြစ်ပြီး ၃ရက်အတွင်း အဲဒီသဘောတူညီချက်ကနေထွက်ခဲ့တာပါ။ အိုဘားမားလက်ထက်မှာပြုလုပ်ခဲ့တဲ့ အဲဒီသဘောတူညီချက်ဟာ အမေရိကန်လုပ်သားတွေကို လုံလောက်တဲ့ အကာအကွယ်မပေးဘူးလို့ဆိုပါတယ်။ အဲဒီသဘောတူညီချက်ကြောင့် အမေရိကန်အလုပ်ပေါင်း ၄သိန်းကျော် ဆုံးရှုံးမှာဖြစ်ပါတယ်။
၂။ ပဲရစ် ရာသီဥတုသဘောတူညီချက်ကနေ နှုတ်ထွက်ခြင်း
၂၀၁၇ခု ဇွန်လ ၁ရက်နေ့မှာ သမ္မတထရမ့်က ပဲရစ်ရာသီဥတုသဘောတူညီချက်ကနေ နှုတ်ထွက်မယ်လို့ ကြေငြာခဲ့ပါတယ်။ အကြောင်းကတော့ အမေရိကန်စက်ရုံတွေကို လုပ်ရကိုင်ရခက်စေပြီး တရုပ်ပြည်ကိုတော့ စံချိန်တင်ပတ်ဝန်းကျင်ညစ်ညမ်းမှုတွေပြုလုပ်နိုင်အောင် ခွင့်ပြုထားမှာကြောင့်လို့ ဆိုပါတယ်။
၃။ ပြည်တွင်းထုတ်အဝတ်လျော်စက်နဲ့ ဆိုလာပြားထုတ်လုပ်သူတွေကို မတရားတဲ့ပြိုင်ဆိုင်မှုတွေကနေ တားဆီးကာကွယ်ပေးခြင်း
သမ္မတထရမ့်ဟာ အဝတ်လျှော်စက်နဲ့ ဆိုလာပြားတင်သွင်းမှုတွေအပေါ် ဒေါ်လာ ၈.၅ ဘီလီယံဖိုး ဆိုလာပြားတွေနဲ့ ဒေါ်လာ ၁.၈ဘီလီယံဖိုး အဝတ်လျှော်စက်တွေအပေါ် သွင်းကုန်ခွန်ကောက်မယ့်ကိစ္စကို ၂၀၁၈ ဇန္နဝါရီမှာ အတည်ပြုပေးခြင်းဖြင့် ပြည်တွင်းထုတ်လုပ်သူတွေကို ကာကွယ်လိုက်ပါတယ်။
၄။ အမေရိကန်စတီးနဲ့ အလူမီနီယံထုတ်လုပ်မှုကို ကယ်ဆယ်ပေးခြင်း
သမ္မတထရမ့်အုပ်ချုပ်ရေးအဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုတွေအရ တရုပ်ပြည်က စတီးနဲ့ဒန်ကို မတရားထုတ်ပြီး တကမ္ဘာလုံးကိုပို့နေတာကြောင့် အမေရီကန်ပြည်တွင်းက စတီးနဲ့ ဒန်ထုတ်လုပ်သူတွေ ယှဥ်ပြိုင်ဖို့ခက်လာပါတယ်။ အဲဒါတွေ ပြည်တွင်းမှာ မထုတ်နိုင်တော့ရင် ပြည်တွင်းလုံခြုံရေး ထိခိုက်လာမှာ စိုးရိမ်ရတဲ့အတွက် ၂၀၁၈ မတ်လမှာ စတီးသွင်းကုန်တွေအပေါ် ၂၅%နဲ့ အလူမီနီယံသွင်းကုန်တွေအပေါ် ၁၀% သွင်းကုန်ခွန်ကောက်ဖို့ ကြေငြာခဲ့ပါတယ်။
၅။ တရုပ်ပြည်ရဲ့ အသေသတ်မဲ့ကုန်သွယ်ရေးစနစ်တွေကို တားဆီးဖို့ သတ်မှတ်သွင်းကုန်တွေကို ဂျူတီဆောင်ရန် သတ်မှတ်ခြင်း
- ၂၀၁၇ နွေတုန်းက အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ် Robert Lighthizer က အမေရိကန်မူပိုင်ခွင့်တွေ၊ တီထွင်မှုတွေနဲ့ နည်းပညာဖန်တီးမှုတွေကို အဟန့်အတားဖြစ်စေမယ့် တရုပ်ပေါ်လစီတွေကို စုံစမ်းမှုပြုမယ့်အကြောင်း ကြေငြာလိုက်ပါတယ်။
- တရုပ်ပြည်မှာ သွားပြီးဖက်စပ်စက်ရုံတွေဖွင့်တဲ့ အမေရိကန်ကုမ္ပဏီတွေကို တရုပ်အစိုးရက အကျပ်ကိုင်ပြီး နည်းပညာလွှဲခိုင်းခြင်းဖြင့် အမေရိကန်နည်းပညာတွေ ခိုးယူနေတာကို တွေ့ရှိပြီးတဲ့နောက် ထရမ့်အစိုးရဟာ ဒေါ်လာ ၅၀ဘီလီယံဖိုးရှိမယ့် တရုပ်ပြည်ကသွင်းမယ့် ပစ္စည်းပေါင်း ၁၃၃၃မျိုးပေါ်မှာ ၂၅% အခွန်ကောက်ခြင်းနဲ့ တုန့်ပြန်ခဲ့ပါတယ်။
- တရုပ်ပြည်ကလည်း လက်စားချေတဲ့အနေနဲ့ အမေရိကန်ကသွင်းမယ့် ကား၊ လေယာဥ်စတာကနေ လယ်ယာထွက်ကုန်တွေအထိကို ၂၅% အခွန်ပြန်ကောက်မယ့်စာရင်းထုတ်ပြန်ပြီးတဲ့အခါမှာ သမ္မတထရမ့်က Lighthizer ကို တရုပ်ကသွင်းမယ့် ဒေါ်လာ ဘီလီယံ ၂၀၀ဖိုးရှိမယ့် ကုန်စည်တွေအပေါ်မှာ နောက်ထပ် ၁၀% အခွန်တိုးကောက်ဖို့ ညွှန်ကြားခဲ့ပါတယ်။
- ၂၀၁၈ နွေတုန်းက အမေရိကန်က တရုပ်ကသွင်းမယ့် ပထမစာရင်းထဲက ဒေါ်လာ ဘီလီယံ ၅၀ဖိုး သွင်းကုန်တွေပေါ်မှာ ၂၅% အခွန်တိုးမြှင့်ခဲ့တဲ့အပြင် တရုပ်က သွင်းကုန်တိုင်းအပေါ်မှာ အခွန်တိုးပြစ်မယ်လို့ ခြိမ်းခြောက်လိုက်ပါတယ်။ တရုပ်က ၂၀၁၇မှာ သွင်းကုန်ပေါင်း ဒေါ်လာ ၅၀၄ဘီလီယံရှိပါတယ်။
- ၂၀၁၈ စက်တင်ဘာမှာ ဘီလီယံ၂၀၀ဖိုး တရုပ်သွင်းကုန်တွေအပေါ် ၁၀% အခွန်စည်းကြပ်မှု စတင်ခဲ့ပါတယ်။
- ၂၀၁၈ ဒီဇင်ဘာမှာ ထရမ့်က ကုန်သွယ်ရေးစစ်ခဏနားထားမယ်၊ ဒါပေမဲ့ ဆွေးနွေးမှုတွေက သဘောတူညီချက်မရခဲ့ရင် ၁၀% ကနေ ၂၅% ကို အခွန်တိုးကောက်မယ်လို့ ကြေငြာခဲ့ပါတယ်။
- ၂၀၁၉ခုနှစ်ကတော့ ဆွေးနွေးပွဲတွေ စလိုက် ရပ်လိုက်ပါပဲ၊ အဲဒီနှစ်မေလမှာတော့ အမေရိကန်က ၁၀%ကောက်နေတဲ့ သွင်းကုန်ခွန်ကို ၂၅% ကိုတိုးမြှင့်ခဲ့ပြီး ကျန်တဲ့တရုပ်ကသွင်းကုန်အားလုံး အပေါ်မှာလည်း အခွန်တိုးမြှင့်ဖို့ စီမံချက်ချလိုက်ပါတယ်။
၆။ တရုပ်ပြည်နဲ့ ပထမအဆင့် ကုန်သွယ်ရေးသဘောတူညီချက် ဖော်ဆောင်ခြင်း
၂၀၂၀ခု ဇန္နဝါရီလမှာ အမေရိကန်ပြည်ထောင်စုနဲ့ တရုပ်ပြည်တို့ဟာ သမိုင်းဝင်မယ့် ပထမဆုံးကုန်သွယ်ရေးသဘောတူညီချက်တရပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ အဲဒီသဘောတူညီချက်အရ တရုပ်ပြည်က အမေရိကန်ထုတ်ကုန် ဒေါ်လာ ၂၀၀ဘီလီယံဖိုး ထပ်မံဝယ်ယူဖို့ သဘောတူညီခဲ့ပါတယ်။ အဲဒီသဘောတူညီမှုရအောင် သမ္မတထရမ့်ဘက်က အရင်ထုတ်ထားတဲ့ သတ်မှတ်ချက်တွေကို တခုမှ လျော့ပေးခြင်း မပြုခဲ့ရပါဘူး။
၇။ NAFTA ကို USMCA နဲ့ အစားထိုးခြင်း
သမ္မတထရမ့်အစိုးရဟာ ၁၉၉၀နှစ်တွေက ပြလုပ်ခဲ့တဲ့ မြောက်အမေရိက ကုန်သွယ်ရေးသဘောတူညီချက်ကို ဖျက်သိမ်းခဲ့ပြီး US-Mexico-Canada Agreement နဲ့ အစားထိုးခဲ့ပါတယ်။ သဘောတူညီချက်အသစ်က မော်တော်ယာဥ်မျာ,၊ ထရပ်ကားများ၊ တခြားပစ္စည်းများရဲ့ မူလထုတ်ရာနေရာသတ်မှတ်ချက်နဲ့ ငွေကြေးကုလားဖန်ထိုးမှုကို ကာကွယ်တဲ့စည်းမျဥ်းသတ်မှတ်တာ စတဲ့ အမေရိကန်လုပ်သားတွေအတွက် ပိုမျှတတဲ့ အခြေအနေတရပ်ကို ဖော်ဆောင်ပေးမှာဖြစ်ပါတယ်။ ဒီဟာကတော့ ဒုတိယသက်တမ်းအနိုင်ရခဲ့ရင် ပြုလုပ်မယ့် ကုန်သွယ်ရေးသဘောတူညီချက်တွေအတွက် စံပြဖြစ်မှာပါ။