တရုပ်ပြည်က ၁၉၇၉မှာ လူဦးရေလျှင်မြန်စွာတိုးလာပြီး စားစရာရှားပါးလာတဲ့ဘေးက ကာကွယ်ဖို့ တအိမ်ထောင် ကလေး တယောက်ပေါ်လစီကို ချမှတ်ပြီး တင်းတင်းကျပ်ကျပ် ကြမ်းကြမ်းတမ်းတမ်းကိုင်တယ်ခဲ့ပါတယ်။ အမေရိကန်နဲ့ အနောက်နိုင်ငံတွေရဲ့ အကူအညီနဲ့ တံခါးဖွင့်လိုက်ပြီးနောက် စီးပွားရေးတိုးတက်လာခဲ့ပါတယ်။ စီးပွားရေးတိုးတက်ပြီး လူနေမှုစရိတ်မြင့်တဲ့နိုင်ငံတိုင်းလိုလိုမှာ ကလေးမွေးနှုန်း နဲသွားတတ်တာကို တရုတ်ပြည်လဲ ကြုံခဲ့ရပါတယ်။ ကမ္ဘာ့လူဦးရေအများဆုံးအဖြစ် အကြာကြီးနေလာအပြီးမှာ လူဦးရေတိုးနှုန်း ကျလာခဲ့လို့ ၂၀၁၆မှာ တအိမ်ထောင် ကလေးနှစ်ယောက်လို့ ပေါ်လစီပြင်ဆင်ခဲ့ပါတယ်။ ဒါပေမဲ့ လူနေမှုစရိတ်မြင့်တာရယ် ပညာရေးကုန်ကျစရိတ်မြင့်တာရယ်ကြောင့် မိသားစုတွေက ကလေးနှစ်ယောက်ယူဖို့ သိပ်စိတ်မပါကြတာကြောင့် လူဦးရေက ပိုကျလာပါတယ်။ နောက်တချက်ကလဲ ယနေ့တရုပ်ပြည်မှာ အိမ်ထောင်သည်တွေက မိဘ၄ဦး + ကိုယ်တိုင် + ကလေးတဦး ပေါင်း ၇ဦးစာ ရှာဖွေထောက်ပံ့နေရတာဖြစ်ပါတယ်။ မနေ့က အမိန့်ထုတ်သလို တအိမ်ထောင် ကလေး ၃ယောက်ဆိုရင် လင်မယားနှစ်ဦးက မိသားစုဝင် ၉ဦးစာ ရှာဖွေရမှာဖြစ်ပါတယ်။ ဒီနေရာမှာ အများထင်နေသလိုမျိုး ကွန်မြူနစ်စနစ်မှာ လူအိုတွေရဲ့ စားဝတ်နေရေး ကျန်းမာရေးနဲ့ ကလေးတွေရဲ့ ပညာရေး စတာတွေကို အစိုးရက အကုန်တာဝန်ယူလိမ့်မယ်လို့ ထင်နေကြတာဟာ မမှန်ကြောင်း တရုပ်ပြည်က အဖြစ်အပျက်တွေက ပြသနေပါတယ်။ ပညာရေးက အခမဲ့အစိုးရကျောင်းတွေ ရှိပေမဲ့ ပိုတတ်နိုင်တဲ့သူတွေက ပုဂ္ဂလိကကျောင်းတွေမှာပဲ ထားဖို့ အားသန်ကြတာပါ။ အသက်ကြီးသူတွေကလည်း ဆေးကုဖို့ မတတ်နိုင်ရင် ဒီတိုင်းဖြစ်သလို အသေခံဖို့ ပြင်ဆင်ထားကြရပါတယ်။ အဲဒီလိုအခြေအနေမျိုးမှာ ကလေး ၃ဦးယူဖို့ဆိုတာ တော်တော်ကို မလွယ်တာပါလို့ ပြောကြပါတယ်။ တတ်နိုင်လာကြသူတွေကလည်း အသက်တွေက မငယ်ကြတော့တာမို့ ကလေးထပ်ယူဖို့ အဆင်မပြေကြတော့ပါဘူး။ ကလေးမွေးနှုန်းအများကြီးကျလာတဲ့ အကျိုးဆက်က လူအိုတွေများလာပြီး တိုင်းပြည်စီးပွားရေးကို ဝင်ရောက်မောင်းနှင်နိုင်တဲ့ ငယ်ရွယ်သူတွေ မလုံလောက်နေတော့ စီးပွားရေးပါ ကျုံ့လိုက်လာမှာကို စိုးရိမ်ရတဲ့အပြင် နဲသထက်လာတဲ့လူငယ်တွေက များသထက်များလာတဲ့လူအိုတွေရဲ့ စာရိတ်စကအတွက် တာဝန်ရှိလာတာပါ။