ကနေ့မှာ ဖဘက အင်တာနက်ပေါ်ကနေ ၅နာရီကျော်ကြာ ပျောက်နေခဲ့ပါတယ်။ ဖြစ်ရတဲ့ အကြောင်းကတော့ ဖဘဝန်ထမ်းတွေထဲကတယောက်က Border Gateway Protocol records တွေကို update လုပ်ရင်းနဲ့ ကွန်ပြူတာတွေအချင်းချင်း online property ဘယ်လိုရှာရမယ်ဆိုတာကို ပြောထားတဲ့ မြေပုံပျောက်သွားလို့ ဘာကိုမှ လုပ်မရဖြစ်နေတာ ဝန်ထမ်းတွေရဲ့ ကဒ်တွေဖတ်တဲ့ စနစ်တွေပါ အလုပ်မလုပ်ဖြစ်သွားပါတယ်။ အဲဒီ ၅နာရီအတွင်းမှာ ဖဘရဲ့ ဝင်ငွေဆုံးရှုံးမှုက USD ၆၆သန်း ရှိခဲ့တယ်လို့ ဆိုကြပါတယ်။
ဒီထက်ပိုစိတ်ဝင်စားစရာကောင်းတာက ဖဘမှာ ဒေတာပညာရှင် အဖြစ် အလုပ်လုပ်ခဲ့ဖူးတဲ့ ဖရန်စစ်ဟော်ဂန်ဆိုသူ အမျိုးသမီးက ဖဘရဲ့ သုတေသနတွေ့ရှိချက် စာမျက်နှာပေါင်း သောင်းဂဏန်းကို ကူးယူပြီး အက်ဖ်စီစီ ကို သတင်းပို့ခဲ့ပါတယ်။
သူမအဆိုအရ ဖဘက သုံးစွဲသူတွေ သူ့အက်ပ်ပေါ်မှာ ကြာကြာနေအောင် လူတွေကို အစွန်းရောက်သထက် ရောက်လာအောင် သူတို့အကြိုက်တွေ ရှာဖွေတာတွေ react တွေကနေ ဇောင်းပေးနေကြောင်း၊ အစွန်းရောက်လေ၊ တဖက်ရဲ့အမြင်တွေကို ဒေါပွလေဖြစ်ပြီး အဲဒီလို ဒေါပွနေမှ သူ့အက်ပ်ပေါ်မှာ ကြာကြာနေမှာဖြစ်ကြောင်း၊ ကြာကြာနေမှ ဖဘက ဝင်ငွေကောင်းသထက်ကောင်းမှာ ဖြစ်ကြောင်း၊ အဲဒီလိုလုပ်ခြင်းအားဖြင့် လူ့အဖွဲ့အစည်းက အစွန်းနှစ်ဖက်ကို ရောက်ကုန်ကြပြီး စိတ်အေးချမ်းမှု ညီညွတ်မှုတွေ ပျက်ပြားကုန်ကြောင်း။ ဒီနှစ်ဒေတာကိုပဲ ပြောမယ်ဆိုရင် ဖဘက အမုန်းစကားတွေပို့စ်တွေရဲ့ ၃-၅%၊ အကြမ်းဖက်တာနဲ့ ရန်စတာတွေရဲ့ ၀.၆%လောက်ကိုပဲ အရေးယူခဲ့ကြောင်း၊ တကယ်တန်းမှာ သူတို့လုပ်ချင်တယ်ဆိုရင် ကမ္ဘာမှာ ဖဘလောက် အရေးယူနိုင် တားဆီးနိုင်တာ မရှိတဲ့အကြောင်း၊ အခုလို အမုန်းစကားတွေ၊ ပြည်သူကို သွေးကွဲစေတဲ့ အစွန်းရောက်တင်ပြမှုတွေ၊ မမှန်ကန်တဲ့ သတင်းတွေကို လွှတ်ထားခြင်းအားဖြင့် တကမ္ဘာလုံးက သုံးစွဲသူတွေဟာ ဖဘနဲ့ ဆက်စပ်အက်ပ်တွေကြောင့် လူတွေဟာ ဒေါသတွေ မကျေနပ်မှုတွေကြားမှာ နစ်မြုပ်နေရကြောင်း၊ အဲဒီတော့ လူ့ဘောင်ရဲ့ အခြေခံအကျဆုံးလိုအပ်ချက်ဖြစ်တဲ့ တဦးနဲ့တဦး ယုံကြည်မှု လေးစားမှု၊ အပြန်အလှန် ကူညီလိုမှုတွေ ပျက်သုဥ်းကုန်ကြောင်း၊ ပြောကြားသွားပါတယ်။
သူမကို အင်တာဗျူးတဲ့သူကလည်း ဖဘက အကြမ်းဖက်တာတွေကို လွှတ်ထားတယ်ဆိုတဲ့ ဥပမာကို မြန်မာပြည်အနောက်ဖက်ကမ်းက ပြဿနာကို မအလတို့က ဖဘသုံးပြီး ပိုဆိုးအောင် လုပ်သွားတာကို ထည့်ပြောသွားပါတယ်။ အဆိုးဆုံးက ပြီးခဲ့တဲ့နှစ် ရွေးကောက်ပွဲအပြီးမှာ ဖဘက ဆူပူမှုတွေ မဖြစ်လာတာ ကောင်းတယ်၊ ရှေ့ဆက်ပြီး ငါတို့က စီးဗစ် အင်တီဂရတီ (လူ့ဘောင်ရဲ့ ကော်လိုဖြစ်တဲ့ စည်းလုံးညီညွတ်မှု၊ ကိုယ်ကျင့်တရား စသည်) ကို ဖျက်ဆီးရလိမ့်မယ်ဆိုတဲ့ ညွှန်ကြားချက် ထွက်လာတယ်လို့ ဆိုပါတယ်။ ဖဘက အဲဒီလမ်းကို စသွားတာ ၂၀၁၈က အယ်လ်ဂိုရစ်သမ်တွေ ပြောင်းပြီး နယူးစ်ဖိဒ်မှာ ဘာတွေပေါ်မယ်ဆိုတာ ပြောင်းလိုက်တုန်းက ဖြစ်တယ်လို့ ဆိုပါတယ်။
သင့်ဖုံးမှာ ဖဘအက်ပ်ကို ပွတ်လိုက်ရင် နယူးစ်ဖိဒ် ၁၀၀လောက်တွေ့တယ်ဆိုပါတော့၊ တကယ်က ဖဘမှာ အဲဒီလို ပြချင်တာ ရွေးပြလို့ရတဲ့ နည်းပေါင်း ၁၀၀၀ လောက်ရှိတယ်၊ အဲဒီဟာတွေကနေ လူတွေရဲ့ အမြင်တွေ အတွေးတွေကို ပုံသွင်းနေတာဖြစ်ပါတယ်။ သူတို့က အဲဒီရွေးစရာတွေ အများကြီးထဲကမှ မှန်/မမှန်တာထက် လူတွေစိတ်ဝင်စားမယ့် ကြာကြာပွတ်နေစေမယ့် အမုန်းတရားတွေ ကြမ်းတမ်းသတင်းတွေကို ပိုပြကြတာဖြစ်ပါတယ်။ မနှစ်က ရွေးကောက်ပွဲလဲပြီးရော သူတို့က တရားမျှတမှု ရှိသယောင်နဲ့ နယူးစ်ဖိဒ်တင်တဲ့ အယ်လ်ဂိုရစ်သမ်ကို နဂိုပုံစံ ခဏပြန်ပြင်ပြီး ဖိုးသခွားလေးလုပ်ပြတာဟာလည်း ဒီမိုကရေစီကို စော်ကားတယ်လို့ မြင်ကြောင်း သူမအမြင်ကို ပြောပြသွားပါတယ်။
သူမက ဖဘရဲ့ ငွေရှာတဲ့မော်ဒယ်ကို မကြိုက်တာအပြင် ပြည်သူအများအတွက်လည်းမကောင်း တိုင်းပြည်အတွက်လည်း မကောင်းတာကြောင့် သူ့လုံခြုံရေးနဲ့ နောင်ရေးကို ထိခိုက်နိုင်တာ သိလျက်နဲ့ ဖော်ထုတ်ခဲ့တာဖြစ်ကြောင်း၊ သူမပြောရင်လဲ တခြားပြောမယ့်သူမမြင်တာကြောင့် ပြည်သူတွေ သိသင့်တာကို သိရအောင် အခုလို ဆုံးဖြတ်လိုက်တာဖြစ်ကြောင်း၊ သူ့အရင်ကလူတွေက အတွင်းမှာ ပြောင်းဖို့ ကြိုးစားကြတိုင်း ရှုံးနိမ့်ခဲ့ကြကြောင်း၊ ဖဘအပြင် ဖဘပိုင်တဲ့ အင်စတာဂရမ်ကလည်း ဆယ်ကျော်သက်ကလေးမလေးတွေကြား သတ်သေဖို့ စိတ်ကူးတွေ၊ ကိုယ့်ခန္ဓာကိုယ်ကို ကိုယ်မုန်းပြီး အစားအသောက်မူမမှန်တာတွေ ဖြစ်ကြတာကို သိနေပေမယ့် အဲဒီလိုတွေဖြစ်နေမှ သူတို့လေးတွေ အက်ပ်မှာ ကြာကြာနေကြတာမို့ အဲဒီငွေတွင်းကိုငဲ့ပြီး လွှတ်ထားကြကြောင်း၊ သူမအနေနဲ့ ဇကာဘတ်က လွှတ်တော်ကို သွားလိမ်တယ်လို့တော့ မပြောလိုပေမယ့် သူတို့ရွေးချယ်ခဲ့တဲ့ ရွေးချယ်မှုတွေရဲ့ အကျိုးဆက်တွေက ဇကာဘတ်ပြောတာရဲ့ ဆန့်ကျင်ဖက်တွေ ဖြစ်လာနေကြောင်း၊ သူမအနေနဲ့က ဖဘကို ဒီထက်ပိုဆိုးမလာခင် အစိုးရက ထိန်းချုပ်ဖို့ လိုအပ်နေပြီလို့ ပြောချင်ကြောင်း စသဖြင့် ပြောကြားသွားပါတယ်။