ပန်ဒဲမစ်ကာလ ပိတ်ထားတာတွေပြန်ဖွင့်လိုက်တဲ့အချိန်မှာ ပျင်းရိငြီးငွေ့နေကြတဲ့လူတွေက အိမ်ပြုပြင်တာတွေကစလို့ ခရီးသွား၊ အပြင်မှာစား၊ လည်ပတ်တာတွေအထိ တစစ ပြန်လှုပ်ရှားလာပါတယ်။ တနည်းပြောရရင်တော့ ဝယ်လိုအား တက်လာတာပါ။ စက်ရုံအလုပ်ရုံတွေကလည်း နဂိုနှုန်းကို မရောက်သေးပေမဲ့ စတင်လည်ပတ်လို့ နေပါပြီ။ အဲဒီအချိန်မှာ စီးပွားရေး တက်တဲ့ပုံစံကို V, U, K ဆိုတဲ့ ပုံစံတွေနဲ့ ဖော်ပြကြပါတယ်။ V ဆိုတာကတော့ ပုံမှန်ကျသွားပြီး ကျတဲ့နှုန်းကို မီတဲ့အထိ ပြန်တက်တာပါ။ U ကတော့ အောက်ဆုံးမှာ နဲနဲကြာပါတယ်။ K ကတော့ တချို့တွေအတွက်တက်ပြီး တချို့တွေကျတာပါ။ အခုရေးမှာက K ပုံစံပါ။
ကော်လာဖြူလုပ်သားတွေလို့ခေါ်တဲ့ ရုံးအလုပ်လုပ်ကြသူတွေအများစုက ဒီပန်ဒဲမစ်မှာ အိမ်ကနေ အလုပ်လုပ်လို့ ရကြတယ်၊ အစိုးရကပေးတဲ့ stimulus လဲ ရကြတယ်၊ ခရီးတွေလည်း သိပ်ထွက်လို့ မရကြတော့ ပိုစုမိကြတဲ့အပြင် အိမ်စျေး၊ စတော့စျေး၊ စတဲ့ ပိုင်ဆိုင်မှုတန်ဖိုးတွေလည်း လိုက်တက်ကြတာမို့ အဆင်ပြေကြတာ များပါတယ်။
ဝန်ဆောင်မှုပေးတဲ့ကဏ္ဍက ဝန်ထမ်းတွေအတွက်ကျတော့ အခြေအနေက ပြောင်းပြန်ပါ။ ဝန်ဆောင်မှုကဏ္ဍကလည်း ကျယ်ပြန့်ပါတယ်၊ ဟိုတယ်၊ ခရီးသွားလုပ်ငန်း၊ အလှပြင်ဆိုင်၊ စားသောက်ဆိုင်၊ တချို့ဆေးခန်း/သွားခံတွင်းဆေးခန်းတွေ၊ ကိုယ်ခံပညာသင်တန်း၊ ပန်းချီ/ဂီတသင်တန်းတွေ၊ အဲဒါတွေနဲ့ဆက်နေ/ မှီနေတဲ့ ဆိုင်လေးတွေ၊ လုပ်သားတွေ၊ supplier တွေ၊ ယာဥ်မောင်းတွေ၊ ဂိုက်တွေ၊ လေယာဥ်မှုး/မောင်/မယ်အဖွဲ့တွေ၊ စတဲ့အလုပ်တွေ တသီကြီးရပ်ကုန်ကြတယ်။ ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းရှင်ငယ်လေးတွေလဲ တောင့်ခံထားတာကြာတော့ နာလံမထူနိုင်တော့လို့ လုံးဝ ဖျက်သိမ်းလိုက်ကြတာတွေ များများလာတယ်။ အစိုးရက အာဏာနဲ့ အကြာကြီးပိတ်တာမဟုတ်ရင်တော့ ကိုယ့်ကိုယ်ခံအားကိုယ် စိတ်မချရင် မလုပ်နဲ့ဦးပေါ့။ စိတ်ချလို့ပဲဖြစ်ဖြစ်၊ စားဖို့/ငွေဝင်ဖို့က အရေးကြီးနေလို့ပဲဖြစ်ဖြစ် လုပ်မယ်ဆိုတဲ့လူတွေလည်း လုပ်နိုင်ခွင့်ရှိရင် အခြေအနေက အဲဒီလောက်ကြီး ဆိုးချင်မှ ဆိုးမှာပါ။ အခုလို ပြန်ဖွင့်လို့ရပြီဆိုတဲ့အချိန်မှာတောင် ဆေးထိုးပြီးမှ လာရမယ်၊ စတာတွေ ကန့်သတ်ထားတော့ တင်းပြည့်ကျပ်ပြည့် အကျိုးခံစားရဖို့က ဝေးနေပါသေးတယ်။
အခုလို နာလံထူတဲ့နေရာမှာတောင် ပုံစံတွေ ကွဲနေ အခြေအနေတွေ မတူနေကြတော့ အဲဒါတွေကို အားလုံး ခြုံမိအေင် စီမံကိုင်တွယ်ဖို့ကလည်း ပညာသား တော်တော်ပါမှာပါ။ ဥပမာ ကော်လာဖြူတွေအများစုက အိမ်ပိုင်ပြီးသားဆိုရင် မထောင်းတာပေမယ့် ဝန်ဆောင်မှုလုပ်ငန်းလုပ်တဲ့လူတွေမှာတော့ အိမ်ပိုင်သူက လစဥ် အိမ်ကြွေး၊ အိမ်ငှားနေတဲ့သူတွေက အိမ်လခ စတာတွေက တိုင်းပြည်ကို တကယ်ကောင်းစေချင်တဲ့ ခေါင်းဆောင်က အဖက်ဖက်ပညာရှင်တွေ၊ လုပ်ငန်းရှင်တွေနဲ့ အကြိမ်ကြိမ် ဆွေးနွေး အဖြေရှာရမှာပါ။