(Ben Johnson – Daily Wire)
ဘိုင်ဒန်က ရွေးကောက်ပွဲအတွက် မဲဆွယ်စဥ်က သူသာသမ္မတဖြစ်ရင် တနှစ်ကို ဒေါ်လာ ၄သိန်းအောက်ပဲရတဲ့လူတွေကို တပြားမှ အခွန်ပိုမပေးစေရဘူးလို့ ကတိပေးခဲ့ပါတယ်။ အဲဒီကတိကို အကြိမ်ကြိမ်ပေးခဲ့သလို ခုထိလည်း ပြောနေတုန်းပါပဲ။ ဒါပေမဲ့ ဘိုင်ဒန်နဲ့ ဒီမိုကရက်တွေက အဆိုပြုလိုက်တဲ့ စီးပွားရေးစီမံချက်အားလုံးက အလုပ်လုပ်တဲ့ အမေရိကန်တိုင်းရဲ့ အိတ်ထဲကပိုက်ဆံကို အခွန်ဌာနက ညှစ်ယူဖို့ ကြိုးစားတာတွေချည့် ဖြစ်နေတာပါ။ အောက်မှာ ရှင်းပြသွားမှာကတော့ တပြည်လုံးမှာ ဝင်ငွေကောင်းဆုံး ၁.၈%ရဲ့ အောက်က ဝင်ငွေရှိသူ (၉၈.၂%) အပေါ် သက်ရောက်မယ့် ပေါ်လစီတွေ၊ အခွန်တိုးမြှင့်တာတွေ၊ ဘာကြေး ညာကြေးတွေထဲက တချို့ပါ။
၁။ သေနတ် မှတ်ပုံတင်ကြေး
ဘိုင်ဒန်က အမေရိကန်တွေကို semiautomatic တွေကစလို့ ၁၀ကြိမ်အထက် အတွဲလိုက် ပစ်ခတ်နိုင်တဲ့ လက်နက်တွေအထိကို ဖက်ဒရယ်အစိုးရဆီမှာ မှတ်ပုံတင်ရမယ်လို့ အမိန့်ထုတ်ပါတယ်။ တလက်ကို $200 နှုန်းနဲ့ မှတ်ပုံတင်ရမှာဖြစ်ပြီး ပျက်ကွက်ခဲ့ပါက ထောင်ဒဏ်/ငွေဒဏ် သင့်မှာဖြစ်ပါတယ်။
အမေရိကန်တွေမှာ လက်နက် ၁၅သန်းကနေ သန်း ၂၀အထိ ပိုင်ဆိုင်ထားကြပြီး ဆီနိတ်တာဘိုင်ဒန်ဘဝတုန်းက assault weapon အဖြစ် သတ်မှတ်ထားခဲ့တာပါ။ အဲဒီထဲမှာ အမေရိကန်တွေ အသုံးအများဆုံး AR-15 လည်း သန်းနဲ့ချီပါဝင်နေပါတယ်။ သေနတ်ပိုင်ကြတာက လူတန်းစားအလွှာအသီးသီးဖြစ်ပေမယ့် ဘိုင်ဒန်က ၄သိန်းအောက်ရတဲ့လူတွေအတွက် သေနတ်မှတ်ပုံတင်ကြေး လျော့ပေါ့/ပါယ်ဖျက်ပေးမယ်လို့ မပြောထားပါဘူး။
လူတွေကို သေနတ်မကိုင်အောင်လို့ တွန်းအားပေးတဲ့အနေနဲ့ ချမှတ်ထားတဲ့ fee တွေက ချမ်းသာတဲ့လူတွေပဲ ကိုယ့်ကိုယ်ကိုယ် ခုခံပိုင်ခွင့်ရှိသလို ဖြစ်နေတာပါ။ ဒါပေမဲ့ ရာဇဝတ်မှု အဖြစ်များတာက ဆင်းရဲသားရပ်ကွက်တွေမှာဆိုတော့ ဘိုင်ဒန့်ပလန်က လူမွဲတွေအတွက် တကယ် အကျိုးမရှိနေပါဘူး။
၂။ အိုဘားမားကဲမဝယ်ရင် ပေးရမယ့် ဒဏ်ကြေးကို ပြန်လည်ပြဌာန်းခြင်း
အိုဘားမားရဲ့ အမေရိကန်တွေကို ကိုယ်ပြချင်တဲ့ဆရာဝန် ကိုယ်ထားချင်တဲ့ ပလန်ဆက်ထားလို့ ရပါတယ်ဆိုပြီး လိမ်ရောင်းခဲ့တဲ့ Affordable Care Act က လူတွေ မကြိုက်လွန်းတော့ မယူမနေရကို လုပ်ပစ်ခဲ့ရပြီး မဝယ်ရင် ဒဏ်ဆောင်ရတဲ့အထိ လုပ်ခဲ့တာပါ။ သမ္မတထရမ့်တက်လာပြီး အဲဒီဒဏ်ကြေးကို သုညအထိ လျော့ချပေးခဲ့ပါတယ်။ ဘိုင်ဒန်တက်လာပြီးတော့ အဲဒီဒဏ်ကြေးကို ပြန်လည် ပြဌာန်းခဲ့ပါတယ်။ ဒဏ်ကြေးက ကျန်းမာရေးအာမခံ မဝယ်သူတဦးကို $695 ကစလို့ မိသားစု ၄ဦးပါတမိသားစုကို $2085 အထိ ချမှတ်ထားတာကြောင့် အိုဘားမားကဲကို မပါယ်ဖျက်နိုင်အောင်လို့ တရားသူကြီးချုပ်က အဲဒီဒဏ်ကြေးကို အခွန်အဖြစ် သတ်မှတ်စေခဲ့ရပါတယ်။ ဒဏ်ကြေးပေးဆောင်ရတဲ့ ၄.၆သန်းသောသူတွေရဲ့ ၄ပုံ ၃ပုံက တနှစ်ဝင်ငွေ ၅၀,၀၀၀ အောက်ပဲ ဝင်နေကြသူတွေပါ။
၃။ အိမ်မှာ အနွေးဓါတ်ပေးဖို့နဲ့ ထမင်းဟင်းချက်ဖို့ သုံးတဲ့ ဓါတ်ငွေ့အပေါ်မှာ ကာဘွန်ခွန်ကောက်ခံခြင်း
ဘိုင်ဒန်က ၂၀၂၅မှာ တိုင်းပြည်ရဲ့ စွမ်းအင်ကဏ္ဍကို ကာဘွန်ကင်းမဲ့ဇုံအဖြစ် ရည်မှန်းထားတယ်လို့ ပြီးခဲ့တဲ့လက ကြေငြာပါတယ်။ ဆီးနိတ်ထဲက ဒီမိုကရက်တွေက ကာဘွန်ခွန်ကို တရားဝင်အဆိုပြုချက်ထဲမှာ ထည့်သွင်းထားပြီးပါပြီ။ သူတို့အသုံးအနှုန်းကတော့ carbon pricing ပါ၊ ဒါပေမဲ့ အတွင်းက စာရွက်စာတမ်းတွေအရတော့ အခွန်လို့ပဲ ညွှန်းပါတယ်။ သူတို့အဆိုပြုချက်အရ ကျောက်မီးသွေး၊ ဆီနဲ့ ဓါတ်ငွေ့ကြောင့်ဖြစ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို တန်နဲ့တွက်ပြီး တတန်ကို $15 ကနေ တိုးကောက်သွားဖို့ရယ်၊ ပြည်တွင်းက စတီးလ်နဲ့ ဘိလပ်မြေစက်ရုံတွေကို CO2 ထွက်တဲ့အတွက် အခွန်ကို တန်နဲ့ကောက်ဖို့ရယ်၊ ရေနံစိမ်းအပေါ်မှာ တစည်ကို ဘယ်လောက်ဆိုပြီး အခွန်ကောက်ဖို့ရယ် ၃ပိုင်း ပါဝင်ပါတယ်။
ဒီနေရာမှာလည်း ဒီမိုကရက်တွေရဲ့ တခြား အခွန် အခတွေလိုပဲ အဆင်းရဲဆုံးလူတွေကို အရင်ဆုံးထိမှာပါ။ အဲဒါကြောင့် ပေါက်ကြားလာတဲ့ သူတို့စာရွက်စာတမ်းတွေမှာ ဝင်ငွေနည်းသူတွေအတွက် rebate သဘောမျိုးနဲ့ ပြန်ဖာပေးဖို့ ဆိုတာ ဖော်ပြထားပါတယ်။ ဘာပဲဖြစ်ဖြစ် အဲဒီလိုလုပ်တာက ရှုပ်ထွေးလွန်းတော့ အဲဒီအတွက် အဆင့်တွေပိုများ၊ ဝန်ထမ်းတွေပိုခန့်ရမှာဖြစ်တော့ ဘတ်ဂျက်ပိုကုန်မယ့်အပြင် ရီဘိတ်က နောက် အိတ်ထဲကထွက်မှာက အရင်ဆိုရင် ဆင်းရဲသားတွေအတွက် သိပ်တော့ မလွယ်လှပါဘူး။ အဲဒီလူတွေ လျော့ပေးရတဲ့အတွက်လည်း အစိုးရကတော့ လျော့ယူမှာ မဟုတ်ပါဘူး။ အဲဒီမှာ လျော့ရသမျှ ကျန်လူတွေအပေါ် တိုးကောက်တော့မှာပါ။
၄။ မီသိမ်းဓါတ်ငွေ့ကြေး
ပြီးခဲ့တဲ့လက ဒီမိုကရက်တွေ ကြီးစိုးတဲ့ အောက်လွှတ်တော် Energy and Commerce Committee က မီသိမ်းဓါတ်ငွေ့ကြေးကောက်မယ်လို့ ကြေငြာလိုက်ပါတယ်။ မီသိမ်းဓါတ်ငွေ့က သဘာဝဓါတ်ငွေ့ရဲ့ အကြီးဆုံး ပါဝင်ပစ္စည်းဖြစ်ပြီး အိမ်အနွေးဓါတ်ပေးဖို့နဲ့ ဟင်းချက်တာတွေမှာ သုံးတာပါ။ မီသိမ်းက ဖန်လုံအိမ်ကထွက်တဲ့ ဓါတ်ငွေ့တမျိုးလည်းဖြစ်ပါတယ်။ အဲဒါကြောင့် ဖန်လုံအိမ်အာနိသင်ဆိုတာကြီးကိုဖျက်ဖို့ သူတို့အစိုးရမှာ တာဝန်ရှိလာပြန်ပါတယ်တဲ့။ သူတို့အဆိုအရ အခွန်ကောက်ခြင်းဖြင့် ဖျက်ဆီးမယ်ဆိုတဲ့ ဆောင်ပုဒ်အတိုင်း မီသိမ်းဓါတ်ငွေ့ထွက်တာကို ဖျက်ဆီးဖို့ဆိုပြီ အခွန်ကောက်ပြန်ပါတယ်။
ဒီမိုကရက်တွေရဲ့ မီသိမ်းကြေးဆိုတာကိုတော့ ဒီမိုကရက်ဆီနိတ်တာတွေဖြစ်ကြတဲ့ ရှယ်လ်ဒန် ဝွိုက်ဟောက်စ်နဲ့ ကိုရီဘွတ်ကာတို့တင်တဲ့ ဥပဒေပေါ်မှာ အခြေခံထားတာပါ။ တတန်ကို $1800 ကောက်ခံသွားမှာဖြစ်ပြီး တနှစ်ကို ငွေဖောင်းပွမှုနှုန်း 2%စီ တိုးကောက်သွားမှာဖြစ်ပါတယ်။ ပိုဆိုးတာက အဲဒီအဆိုပြုချက်က ကုမ္ပဏီတွေကနေ လေထုထဲ ထုတ်လွှင့်တဲ့ မီသိမ်းပမာဏအပေါ် အခြေခံထားတာမဟုတ်ပဲ ကုမ္ပဏီကိုင်တွယ်နေတဲ့ စုစုပေါင်း မီသိမ်းပေါ်မှာ မူတည်နေတာပါ။
မီသိမ်းကြေးက များလွန်းအားကြီးတော့ သဘာဝဓါတ်ငွေ့သုံးတဲ့ ကုမ္ပဏီတွေအနေနဲ့ ကုန်ကျငွေကာမိအောင် စားသုံးသူတွေပေါ် စျေးတက်ယူတာမျိုး၊ လူလျော့တာမျိုးတွေ လုပ်လာရဝောာ့မှာပါ။ တပြည်လုံးသုံးနေတာကို ထိပ်ပိုင်း 1.8% ကိုတင် တိုးကောက်လို့ ရမှာမဟုတ်တဲ့အတွက် လူတန်းစားအလွှာအသီးသီး ထိကြဦးမှာပါပဲ။
သဘာဝဓါတ်ငွေ့လုပ်ငန်းရှင်တွေကတော့ အဲဒီမီသိမ်းကြေးကြောင့် တအိမ်ကို ပျမ်းမျှ ဓါတ်ငွေ့ဘေလ်က 17%လောက် တက်မယ်လို့ မှန်းပါတယ်။ တနှစ်ကို မိသားစုတခုအတွက် ပျမ်းမျှ $100 ကျော် တိုးကုန်ပါမယ်။ နယူးယောက်တို့ ကယ်လီဖိုးနီးယားတို့မှာတော့ အဲဒီထက် အများကြီး ပိုနိုင်ပါတယ်။ မီသိမ်းကြေး ပြဌာန်းလိုက်တဲ့အတွက် အလုပ်အကိုင်ပေါင်း တသိန်းကျော်လည်း လျော့ပါးသွားနိုင်တယ်လို့ ခန့်မှန်းပါတယ်။
တချို့ဒီမိုကရက်တွေကတော့ ထုံးစံအတိုင်း မီသိမ်းကြေးကို အခွန်မဟုတ်ပါဘူး၊ စွန့်ပြစ်ခပါလို့ စကားကပ်ပြောကြပါတယ်။ ဘယ်လိုစကားလုံးပဲသုံးသုံး ပြည်သူကို ထိတာကတော့ တူတူပါပဲ။
၅။ ပလပ်စတစ်ခွန်
ဒီမိုကရက်တွေက ပလပ်စတစ်ကို ရန်ရှာနေတာတော့ ဆယ်စုနှစ်နဲ့ ချီနေပါပြီ။ ဆီးနိတ်က ဒီမိုကရက်တွေက ပလပ်စတစ်အသစ်ကို တခါသုံးပစ္စည်းထုတ်မယ်ဆိုရင် တပေါင်ကို $0.20 အခွန်ကောက်မယ်လို့ အဆိုပြုပါတယ်။ စျေးကွက်ထဲမှာ ကြည့်လိုက်ရင် ပစ္စည်းတွေက ဖက်နဲ့ထုတ်ထားတာမရှိပဲ ပလပ်စတစ်နဲ့ပဲ ထုတ်ပိုး ထည့်သွင်းကြတာဆိုတော့ ရိုက်ခတ်မှုက တော်တော်ကြီး ကျယ်ပြန့်ပါလိမ့်မယ်။ ပြန်ကြိုတဲ့ ပလပ်စတစ်က တခြားပစ္စည်းတွေအတွက် အဆင်ပြေနိုင်ပေမယ့် အစားအသောက်အတွက်ကျတော့ ဆေးအတွက် လေးနေမှာ စိုးရပါတယ်။
(ပလပ်စတစ်နဲ့ ပတ်သက်လို့ တခါသုံးပလပ်စတစ်အိတ်အပါးလေးတွေကို ဘန်းလိုက်ပြီးနောက် ကိုယ့်အိတ် ပါမသွားရင် အဲဒီထက် ၁၀ဆလောက်ထူတဲ့ အိတ်တွေကို $0.10 နဲ့ ရောင်းပါတယ်။ တော်တော်များများက အိတ်ယူမလာပဲ/ မရည်ရွယ်ပဲ များများဝယ်ဖြစ်သွားတော့ အဲဒီအိတ်တွေကို ဝယ်ရပါတယ်။ $0.20, $0.30 ဆိုတာက သိပ်မပြောပလောက်ပေမယ့် အမြတ်ထွက်သွားတာတော့ ကုမ္ပဏီကြီးတွေပါပဲ။ အရင်းက $0.01 တောင် မရှိတာကို ပြည်သူတွေကို $0.10 နဲ့ရောင်းရတယ်ဆိုတော့ တနေ့တနေ့ အိတ်နဲ့တင် တော်တော်မြတ်နေပါပြီ။ ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုကတော့ အများကြီး ပိုဆိုးပါတယ်။ အရင်အိတ်တွေက ပါးပါးလေးတွေဆိုတော့ အခုအိတ် ၁လုံးက အရင်ကအိတ် ၁၀လုံးမကလောက်နဲ့ သွားတူနေမှာပါ။ ပလပ်စတစ်ပိုက်လေးတွေလဲ ထိုနည်းလည်းကောင်းပါပဲ။ ခုတ်ရာတခြား ရှရာတလွဲပါ။)
၆။ စီးကရက်ခွန်
ဆေးလိပ်ခွန်ကိုလည်း တထောင်ကို $50.33 ကနေ $100.66 အထိ ၂ဆတက်လိုက်ပါတယ်။ ဆေးရွက်ကြီးကုမ္ပဏီတွေက ဆိပ်ကမ်းနဲ့မနီး၊ တခြားအလုပ်အကိုင်ရှားတဲ့ ရီပါဘလစ်ကန်ပြည်နယ်တွေမှာ ရှိနေတာရော၊ အရင်က ရီပါဘလစ်ကန်တွေကို လှူခဲ့တာတွေရှိလို့ရော အငြိုးနဲ့ ကောက်နေတယ်လို့ မူရင်းဆောင်းပါးရှင်က သုံးသပ်ပါတယ်။
ပြဿနာက ဆေးလိပ်သောက်တတ်သူအများစုက ဝင်ငွေနည်းကြသူတွေ ဖြစ်နေတာပါ။ ဆေးလိပ်ဖြတ်တဲ့ အစားထိုးပစ္စည်းတွေကလည်း စျေးကသေးတာမဟုတ်တဲ့အပြင် အကျင့်ကို ပြင်ဖို့က မလွယ်လှတော့ ဆင်းရဲသားတွေ ပိုထိကြဦးမှာပါပဲ။ တနေ့ကို ဆေးလိပ်တဗူးကုန်အောင်သောက်တဲ့လူက တနှစ်ကို $15,000 ပဲရတယ်ဆိုရင် သူ့ဝင်ငွေရဲ့ ဆယ်ပုံတပုံ 10%က ဆေးလိပ်ခွန်(ပြည်နယ်+ဖက်ဒရယ်) အတွက် သုံးရသလို ဖြစ်နေတာပါ။ အခွန်နှုန်းအသစ်အရဆိုရင်တော့ 12% ဖြစ်သွားတော့မှာပါ။ တနှစ်ကို $35,000 ရနေတာ့လူက လက်ရှိနှုန်းနဲ့ 4.1% ပေးနေရတာဖြစ်ပြီး နှုန်းအသစ်မှာ 5.2% ပေးရတော့မှာပါ။ အဲဒီလူတွေအားလုံးက ဘိုင်ဒန်ပြောတဲ့ တနှစ်ကို ၄သိန်းအောက်ဝင်သူတွေ တပြားမှ အခွန်မတိုးစေရဘူးဆိုတာနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပါတယ်။
၇။ ငွေဖောင်းပွမှု
ဘိုင်ဒန်လက်ထက် ငွေဖောင်းပွမှုကတော့ မိုးထိုးနေတာပါပဲ။ အဓိကအကြောင်းကတော့ အစိုးရရဲ့ ဘုန်းဘောလအောဘတ်ဂျက်တွေက ငွေတွေ စျေးကွက်ထဲကို အလုံးအရင်းနဲ့ မုန်တိုင်းလို ဝင်ရောက်လာနေတာကြောင့်ပဲ ဖြစ်ပါတယ်။ အစိုးရရဲ့ အလွန်အကျွံဘတ်ဂျက်ကို ဘိုင်ဒန်က စတာမဟုတ်ပေမယ့် ပလိုစီတို့ကွန်ဂရက်က အဆိုပြုတဲ့ ထရီလီယံနဲ့ချီသုံးမယ့်အစီအစဥ်ကို ဘိုင်ဒန်က ထောက်ခံတယ်ဆိုတော့ အဆင်းဘီးတပ်ပေးလိုက်သလိုပဲ ဖြစ်တော့မှာပေါ့။
ငွေဖောင်းပွမှုက အမေရိကန်တွေ နေ့စဥ် သုံးနေရတဲ့ ပစ္စည်းတွေအကုန်လုံးရဲ့ စျေးတွေကို ဆွဲတင်လိုက်ပါတယ်။ အစားအစာစျေးတွေ တဖြည်းဖြည်းတက်လာနေတာ အမဲသားစျေးက ဒီနှစ်ထဲတင်ကို 14% တက်သွားခဲ့ပြီး ဝက်သားက 12%၊ ကြက်/ဘဲက 6.6% တက်သွားပါတယ်။ ဓါတ်ဆီကတော့ မနှစ်ကနဲ့စာရင် ၄၂% တက်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီးယားမှာ ဓါတ်ဆီစျေးက တဂါလံ $5 ဖြစ်နေပါပြီ။ ဒီမိုကရက်တွေ ကြီးစိုးနေသ၍ ကျမယ့်အရိပ်အယောင်လည်း မရှိပါဘူး။ ထပ်တက်ဖို့ပဲ ရှိပါတယ်။
အခြေခံလူတန်းစားတွေအပေါ် အရက်စက်ဆုံးလုပ်ရပ်ကတော့ စားသုံးကုန်စျေးနှုန်းတွေ တက်တာပါပဲ။ အဲဒီပေါ်ကိုမှ ဓါတ်ဆီစျေး၊ ဓါတ်ငွေ့ခွန်၊ ဆေးလိပ်ခွန်၊ သေနတ်မှတ်ပုံတင်ကြေး စတာတွေ ထည့်ပေါင်းလိုက်တော့ ဘိုင်ဒန်အစိုးရရဲ့ လုပ်ရပ်က အရင်းရှင်တွေကို ရိုက်မလိုလိုနဲ့ အခြေခံလူတန်းစားတွေကိုချည့် လှိမ့်ဆော်နေသလို ဖြစ်မနေဘူးလား။
အဲဒီလိုလုပ်လို့ ဘာအကျိုးရှိမလဲလို့ မေးရင်တော့ သိပ်ရှိတာပေါ့လို့ပဲ ဖြေပါမယ်။ မျက်ဖြူဆိုက်လေ ဆရာကြိုက်လေပါ။ ဝင်ငွေနည်းသူတွေကို ဒုက္ခရောက်အောင်လုပ်၊ ဒုက္ခရောက်တော့ အစိုးရကို အားကိုး၊ အစိုးရက အရင်းရှင်တွေနဲ့ ရန်လှည့်တိုက်ပေးတော့ ဝင်ငွေနည်းတွေက အရင်းရှင်တွေကို မုန်း၊ အရင်းရှင်စနစ်ကို အားပေးတဲ့ ရီပါဘလစ်ကန်တွေကိုပါမုန်း၊ တချိန်ထဲမှာအစိုးရက ဆိုရှယ်လစ်စနစ်ကို ပွဲထုတ်၊ မျက်ဖြူဆိုက်နေတဲ့လူတွေက အားကိုးတကြီးနဲ့ ယုံကြ၊ ဆိုရှယ်လစ်စနစ်ကလည်း အစိုးရ အာဏာပိုထွားမယ့်ကိစ္စဆိုတော့ ကြိုက်တာပေါ့။ အခြေခံလူတန်းစားထိတာ၊ ငါတို့က တတ်နိုင်ပါတယ်လို့ တွေးနေရင်တော့ ဒါက တကိုယ်ကောင်းသိပ်ဆန်လွန်းပါတယ်။ ဘယ်တိုင်းပြည်မှာမဆို အခြေခံလူတန်းစားအဆင်ပြေမှ သာယာအေးချမ်းတာပါ။ သူတို့ဘဝတွေကို သူတို့ကိုယ်တိုင် မြင့်မားအောင် လုပ်နိုင်လာမှ တိုင်းပြည်တိုးတက်မှာပါ။ ထိပ်ပိုင်းလေးအဆင်ပြေနေရုံနဲ့ မပြီးတာ မြန်မာပြည်က ဗိုလ်ချုပ်သူဌေးတွေ၊ ခရိုနီတွေကို ကြည့်ရင် သဘောပေါက်မှာပါ