Erick Erickson/ Daily Wire
အမေရိကန်ရဲ့ အမြင့်ဆုံးတရားရုံးက ၁၉၆၈တုန်းက ရဲတွေက မသင်္ကာတဲ့လူတွေကို လက်နက်ကိုင်ဆောင်ထားတယ်လို့ ယုံကြည်လောက်ရင် (သို့) အန္တရာယ်ပေးနိုင်တယ်လို့ ယူဆရင် ရပ်တံ့ ရှာဖွေ စစ်ဆေးစေဖို့ ခွင့်ပြုပေးခဲ့ပါတယ်။ Terry stops or “Stop and Frisk” လို့ခေါ်တဲ့ အဲဒီကျင့်ထုံးကို ၁၉၉၀နှစ်တွေတုန်းက နယူးယောက်မြို့ကြီးမှာ ပုံမှန်လို ကျင့်သုံးခဲ့ပါတယ်။ နယူးယောက်မြို့ဝန်လုပ်ခဲ့ဖူးတဲ့ Michael Bloomberg ကတော့ Stop-and-Frisk ပေါ်လစီက ရာဇဝတ်မှုတွေကို ထိထိရောက်ရောက် ကျဆင်းစေတယ်လို့ ဆိုပါတယ်။ Bloomberg က ၂၀၁၅ Aspen Institute ကပြုလုပ်တဲ့ အခမ်းအနားမှာ ၉၅% သော လူသတ်သမားနဲ့ အသတ်ခံရတဲ့လူတွေက ပုံစံတမျိုးထဲမှာ ဝင်နေတယ်၊ သူတို့ဟာ ယောက်ကျား၊ လူနည်းစု၊ အသက် ၁၆-၂၅အတွင်း ဆိုတာတွေက အမြဲလို မှန်နေတယ်။ အဲဒီလူတွေက မသင်္ကာစရာ တခုခုလုပ်နေရင် နံရံမှာကပ်၊ လက်မြှောက်ခိုင်းပြီး အပေါ်အဝတ်အစားတွေကို ရှာပြီး သေနတ်တွေ့ရင် သိမ်းရမှာပဲလို့ ပြောခဲ့ပါတယ်။
အခုဒီမိုကရက်တွေက အဲဒီကျင့်ထုံးမျိုးကို အသုံးပြုပြီး ပြည်သူတွေရဲ့ ဘဏ်အကောင့်တွေကို ရှာဖွေစစ်ဆေးဖို့ လုပ်နေကြပါပြီ။ သူတို့အမြင်မှာ ပြည်သူအားလုံးက သံသယရှိစရာလူတွေချည့်ပါပဲ။ သမ္မတရော၊ လွှတ်တော်ကလူတွေရော၊ ပြည်တွင်းအခွန်ရော အားလုံးက သင် ဖက်ဒရယ်အစိုးရအပေါ် အခွန်ထိမ်ချန်တယ်လို့ ထင်နေတာ ပိုဆိုးလာတယ်။ သူတို့က အပေါ်မှာ ပြောခဲ့သလို ရဲတွေ မသင်္ကာသူတွေကို ရပ်ခိုင်းပြီး ရှာသလိုမျိုး သင်တို့ဘဏ်တွေကို လုပ်ခိုင်းဦးမှာ။ အမေရိကန်တွေ တော်တော်များများက ငွေသားသော်လည်းကောင်း ဒစ်ဂျစ်တယ်ငွေပေးငွေယူ app တွေ အသုံးပြုကြပြီးသော်လည်းကောင်း အချင်းချင်း ပေးနေ ယူနေကြပါတယ်။ ငွေသားရတဲ့လူကလည်း နောက်မှ ဘဏ်ထဲ သွားထည့်ကြတာပေါ့။ ဆံပင်အလှပြင်ပေးသူတွေကစလို့ အိမ်ရှင်းပေးသူတွေအဆုံး၊ ကားသမားတွေကစလို့ ပိုက်သမားတွေအဆုံး အားလုံးက အခွန်ရှောင်နိုင်ခြေရှိသူတွေအဖြစ် သံသယရှိတဲ့ စာရင်းထဲ ရောက်နေပါပြီ။ အပေါ်က ရဲတွေက မသင်္ကာသူတွေကို ရပ် ရှာ စစ် သလိုပဲ ခုလဲ အရင်ထိမှာက လူနည်းစုတွေ ကာယနဲ့ အလုပ်လုပ်တဲ့ ပုံမှန်ဝင်ငွေမရှိတဲ့ ကော်လာပြာတွေ အရင်ထိမှာပါ။
ဘိုင်ဒန်အစိုးရက ကွန်ဂရက်စ်ကို ပို့တဲ့စာထဲမှာ ဘဏ်တွေထဲကို တနှစ်ကို $600 နဲ့ အထက် အဝင်ဖြစ်ဖြစ် အထွက်ဖြစ်ဖြစ် ရှိရင် (သို့) $600 နဲ့အထက် ငွေပေး/ငွေယူတာတွေကို ဖက်ဒရယ်အစိုးရကို သတင်းပို့ရမယ်လို့ ဖော်ပြထားပါတယ်။ အဲဒီထဲမှာ Venmo, Cash App, Apple Pay စသဖြင့် တယောက်နဲ့ တယောက် ငွေပေးနိုင်တဲ့ ဆားဗစ်စ်တွေ ပါဝင်ပါတယ်။ အပေါ်မှာပြောထားတဲ့ stop and frisk လိုပါပဲ၊ အောက်ဆုံးကလူတွေက အထောင်းအခံရဆုံးဖြစ်မှာပါ။ ကော်ပိုရေးရှင်းကြီးတွေနဲ့ ဘိုင်ဒန်တို့လို ခြစားတွေကိုတော့ လွှတ်တော်ထဲက ပလိုးစီတို့လို ပုလင်းတူဗူးဆို့တွေကလဲ မထိ၊ ပြည်တွင်းအခွန်က လက်ကိုင်ဒုတ်တွေကလည်း လွတ်စေပဲ ဖြစ်မှာပါ။
ဒီအဆိုကို ဒီမိုကရက်တွေက ပြီးခဲ့တဲ့လက ပြန်ရုတ်ခဲ့ပေမယ့် ပလိုးစီကတော့ ဒါက စဥ်းစားရမယ့် ကိစ္စအဖြစ် စားပွဲပေါ်မှာပဲ ရှိနေဦးမယ်လို့ ဆိုပါတယ်။ ပလိုးစီက တချို့လူတွေ စိတ်ပူမှာ သိပါတယ်၊ ဒါပေမယ့် ဥပဒေ ချိုးဖောက်ပြီး အခွန်ရှောင်ရင်တော့ ဘဏ်ကနေလိုက်မှပဲ ရမယ်လို့ ဆိုပါတယ်။ သူ ပြောမသွားတာက ဒီမိုကရက်တွေက သူဌေးတွေကို ကျပ်မယ်ဆိုပြီး လက်သီးလက်မောင်းတန်း တက်လာကြတာ၊ အောက်ခြေကလူတွေကလည်း အဲဒီလို မျှော်လင့်ခဲ့ကြတာ၊ ဒါပေမဲ့ တကယ်တမ်းကျတော့ အောက်က တကယ်အလုပ်လုပ်နေတဲ့ အမေရိကန်တွေကိုချည့် ကြိတ်နေတော့တာပါပဲ။ အဆိုးဆုံးက သူတို့ ပြည်သူကို လိမ်နေသလိုမျိုး ပြည်သူတွေကလည်း သူတို့ကို ပြန်လိမ်နေတယ်လို့ ထင်နေတာပါ။
တကယ်လည်း အခွန်ရှောင်တဲ့လူတွေ ရှိမှာပါပဲ။ ဒါပေမဲ့ ဘိုင်ဒန်တို့ရော ကွန်ဂရက်စ်ရောက တနှစ် ၄သိန်းအောက်ဝင်သူတွေကို လုံးဝ မထိစေရပါဘူးလို့ အကြိမ်ကြိမ် ကတိပေးထားခဲ့တယ်လေ။ အဲဒီကတိကလည်း လိမ်ဆင်ကြီးဆိုတာ ပေါ်သွားပြီးပြီ။ အခုလို ပြည်သူတွေရဲ့ ငွေဝင်ငွေထွက် အသေးစိတ်ကိုပါ သိချင်နေတယ်ဆိုတော့ ဒီမိုကရက်တွေအနေနဲ့ ဘယ်လောက်ကြီးမားကြီး အာဏာပြင်းတဲ့ အစိုးရမျိုးဖြစ်ချင်နေတယ်ဆိုတာ ပြနေတာပဲဖြစ်ပါတယ်။ အမေရိကန်တွေကို ဘယ်လောက်တောင် မယုံသင်္ကာဖြစ်နေတယ်ဆိုတာလည်း ပါတာပေါ့။
(လက်ရှိဥပဒေအရ လူတဦးကို တနှစ် ဒေါ်လာ၁သောင်းခွဲအထိ လက်ဆောင် ယူခွင့်ကို ပြည်တွင်းအခွန်က ခွင့်ပြုထားပါတယ်။ အဲဒီထက်ကျော်မှ အခွန်ဆောင်တဲ့ထဲမှာ ဖော်ပြရတာပါ။ အခုမြန်မာပြည်ကို လှူဒါန်းနေကြတယ်ဆိုတာလည်း ဗန်မိုတို့လို ငွေလွှဲတဲ့အက်ပ်တွေနဲ့ လွှဲနေကြတာဆိုတော့ ဒီအဆိုပြုချက်အတည်ဖြစ်သွားရင် သင်လုပ်သမျှ ကိုင်သမျှကို အစိုးရက သိနေတာ့မှာပါ။ ပိုဆိုးတာက အစိုးရက ပြဿနာရှာခံရမှာစိုးလို့ ငွေလွှဲတာတွေ ရပ်ကုန်ရင် ဘယ်သူတွေ နစ်နာမလဲ စဥ်းစားကြည့်ပေါ့။ တရုပ်လုပ်တဲ့အတိုင်း အာဏာရှင်ပုံစံတွေ လိုက်လုပ်၊ အာဏာရှင်တွေကို ပင်း၊ အာဏာရှင်တွေကို တွန်းလှန်နေသူတွေကို အဖက်ဖက်က ခက်ခဲအောင် လုပ်တဲ့လုပ်ရပ်မျိုးကို အာဏာရှင်တွေနဲ့ အာဏာရှင် ဖြစ်ချင်သူတွေပဲ လုပ်မယ်ဆိုတာတော့ သဘောပေါက်သင့်ကြပါပြီ။)