ကမ္ဘာပေါ်မှာ တိုးတက်လာတဲ့ နိုင်ငံတိုင်းမှာ မလွဲမသွေ တွေ့ရမယ့်အချက်တခုကတော့ ကာဗွန်ထုတ်လွှင့်မှု မြင့်တက်လာတာပါပဲ။ အဲဒီနိုင်ငံတွေမှာ ထူးထူးခြားခြား ရာသီဥတု ပြောင်းသလားဆိုရင် ကာဗွန်ထုတ်လွှင့်မှုနဲ့ ရာသီဥတုက အချိုးညီပြောင်းနေတာမဟုတ်ဘူးလို့ပဲ ဖြေရမှာပါ။
ကမ္ဘာကြီးမှာရှိတဲ့ ပြောင်းလဲဖြစ်ပေါ်နေတဲ့ အရာတိုင်းက လုံးဝပြီးပြည့်စုံကောင်းမွန်မှု perfect ဖြစ်မနေကြတော့ ပြုပြင်စရာတွေ တိုးတက်အောင် ကြံဆနိုင်တာတွေက နေရာတိုင်းမှာ ရှိကြတာပါ။
ကလိုင်းမိတ်သမားတွေကိုးကားတဲ့ ဥပမာတွေက အဆိုးတကာ့ အဆိုးဆုံးတွေကိုပဲ ရွေးပြလေ့ရှိပြီး အခုချက်ချင်း ကာဗွန်ထုတ်လွှင့်မှုကို မလျော့ချရင် ၁၂နှစ်လောက်ကြာရင် ကမ္ဘာကြီး ဆုံးခန်းတိုင်တော့မယ်ဆိုတဲ့ သဘောမျိုး ပြောနေခဲ့တာ လွန်ခဲ့တဲ့ အနှစ် ၄၀ကျော်ထဲကဖြစ်ပါတယ်။
နောက်အမှန်တရားတခုက ကလိုင်းမိတ်သမားတွေဟာ သဘာဝတရားကြီးရဲ့ တခြားအချက်အလက်တွေကို စုံလင်အောင် ပြလေ့မရှိပဲ ထိန်ချန်ထားတတ်တာ တွေ့ရမှာပါ။ အာတိတ်က ရေခဲတောင်တွေ လျော့လာပြီဆိုတာ တစိတ်တပိုင်းမှန်ပေမယ့် အန္တာတိကတိုက်က ရေခဲထုထည်တွေ တိုးလာတယ်ဆိုတာလည်း မီဒီယာတွေ မဖော်ပြကြတဲ့ အမှန်တရားတခုပါပဲ။ ပင်လယ်ရေမျက်နှာပြင် တက်လာတယ်ဆိုတာ တချို့နှစ်တွေအတွက် မှန်ပေမယ့် အခုနောက်ပိုင်း တံ့နေတာကလည်း လူတွေ သိအောင် မလုပ်ကြတဲ့ အချက်တွေထဲက တခုပါ။ ရာသီဥတုကလဲ ပူတဲ့နှစ် မိုးခေါင်တဲ့နှစ်တွေ ရှိသလို အအေးပိုတဲ့နှစ် မိုးများတဲ့နှစ်တွေလည်း ရှိတာပါပဲ။ သိပ္ပံပညာရှင်တချို့ရဲ့ စမ်းသပ်ချက်တွေအရ ကာဗွန်က ကမ္ဘာမြေ ပူနွေးလာမှုအပေါ် သက်ရောက်မှုမရှိနေဘူးလို့ တွေ့တယ်လို့ ဆိုပါတယ်။
သဘာဝဘေးအန္တရာယ်ဆိုတာက ကမ္ဘာမြေအစထဲက ဖြစ်ခဲ့ကြပေမယ့် စီးပွားရေးနဲ့ နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ ထိခိုက်မှုကို ခံနိုင်လာတယ်ဆိုတာ ဘယ်သူမှ ငြင်းနိုင်မယ်မထင်ပါဘူး။ ဥပမာ အင်အားပြင်း မုန်တိုင်းတခု ချမ်းသာတဲ့နိုင်ငံကို တိုက်ခတ်တာနဲ့ အလားတူပြင်းအားရှိတဲ့ မုန်တိုင်းက ဆင်းရဲတဲ့နိုင်ငံကို တိုက်ခတ်မယ်ဆိုရင် ဘယ်နိုင်ငံက အသေအဆုံး၊ အပျက်အစီးပိုများမလဲ၊ ဘယ်နိုင်ငံက အရင် စီးပွားရေး နာလန်ပြန်ထူမလဲဆိုတာ စဥ်းကို စဥ်းစားရမှာပါ။
လူတွေရဲ့ အတွင်းသရုပ်က နဖူးမှာ စာရေးကပ်ထားတာမဟုတ်တော့ စီးပွါးရေးဖွံ့ဖြိုးမှုကို ဦးစားပေးသင့်သလား၊ ပြည့်စုံမှန်ကန်မှုမရှိတဲ့ တင်ပြချက်တွေကို နားယောင်ပြီး ဆင်းရဲတွင်းသွားတဲ့ လမ်းစဥ်ကို ရွေးကြမလားဆိုတာ ထိပ်ဆုံးကလူတွေတင်မဟုတ်ပဲ လူတိုင်းနားလည်ထားသင့်တဲ့ ကိစ္စဖြစ်လာပါတယ်။ တချို့ပေါ်လစီတွေက လူများစု ချမ်းသာအဆင်ပြေမှုကို ရှေ့ရှုပေမယ့် တချို့ပေါ်လစီတွေကတော့ ထိပ်ပိုင်းကတချို့အတွက် အကျိုးရှိသလောက် အများစုက လှိမ့်ပိမ့်နေအောင်ခံရတာ ဘိုင်ဒန်ရဲ့ ကလိုင်းမိတ်ပေါ်လစီကို ကြည့်ရင် သိနိုင်မှာပါ။
စီးပွားရေးဖွံ့ဖြိုးရင်ပြီးရော၊ ကျန်တာဘာဖြစ်ဖြစ်လို့တော့ အသိဉာဏ်ရှိသူ ဘယ်သူမှ မလုပ်ကြပါဘူး။ လူတွေကို ဆင်းရဲတွင်းက ဆွဲထုတ်နိုင်အောင် စွမ်းဆောင်နိုင်တဲ့လူတိုင်းက ပတ်ဝန်းကျင်ပျက်စီးမှာကို ဂရုထားတတ်တဲ့ အသိဉာဏ် ရှိကြပါတယ်။ အစွန်းမရောက်ကြဖို့လိုသလို အဆိုးဆုံးတွေ ရွေးပြပြီးချောက်လိုက်တိုင်း ဆင်ခြင်တုံတရားတွေ ကင်းသွားလောက်အောင် မကြောက်မိကြဖို့ လိုပါတယ်။