အာဖဂန်က ဘိုင်ဒန်တို့ ခေါ်သွင်းလာတဲ့လူတွေကို အမေရိကန်က ဘယ်နေရာတွေမှာ ဘယ်လိုရည်ရွယ်ချက်တွေနဲ့ နေရာချပေးနေကြတယ်ဆိုတာကို ဘုရှ်လက်ထက်က အကြီးတန်း အကြံပေးနဲ့ ဒု-အိမ်ဖြူတော်ဝန်ထမ်းချုပ် လုပ်ခဲ့တဲ့ Karl Rove ကို Fox News က Lawrence Jones က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။ ရထားတဲ့ ဒေတာတွေအရ သူတို့ပို့တာက ဒီမိုကရက်တွေအတွက် ရွေးကောက်ပွဲမှာ အရေးနိမ့်နိုင်ခြေရှိတဲ့ ဒေသတွေကို ရွေးပို့နေတာ တွေ့ရပါတယ်။
၄၀၀၀ နဲ့အထက်ပို့တာက တက္ကဆက်စ်နဲ့ ကယ်လီဖိုးနီးယား ပြည်နယ်တွေဖြစ်ပြီး တခြား battleground state တွေဖြစ်တဲ့ အရီဇီုးနား၊ ဂျော်ဂျာ၊ မီရှီဂန်အပါအဝင် တပြည်လုံးနီးပါးကို တထောင်စီ နှစ်ထောင်စီလောက် ပို့ဖို့ အတည်ပြုပြီးဖြစ်ပါတယ်။ ဖြစ်နိုင်တာက အဲဒီပြည်နယ်တွေထဲက ရီပါဘလစ်ကန်နဲ့ ဒီမိုကရက် အရေအတွက် မတိမ်းမယိမ်းဖြစ်နေတဲ့ ကောင်တီတွေကို ပို့ဖို့ များပါတယ်။
တခုထူးခြားတာက အာဖဂန်ကနေ သယ်လာတဲ့လူတွေကို နေရာချထားဖို့ ဘိုင်ဒန်က ခန့်ထားတဲ့ ဘိုင်ဒန့်မိတ်ဆွေ ဒယ်လဝဲဂါဗနာဟောင်း Jack Markell က အာဖဂန် ၃၇,၀၀၀ အနက်ကနေ သူ့ပြည်နယ်အတွက် ၃၀ပဲ ခွဲတမ်းချထားတာပါ။ ဒယ်လဝဲက ဘိုင်ဒန့်ပြည်နယ်လည်း ဖြစ်ပါတယ်။ ဒီစီကိုတော့ တယောက်မှ ခွဲတမ်းမချထားပါဘူး။
ကယ်လီဖိုးနီးယားက အပြာကြီးစိုးတဲ့ ပြည်နယ်ဆိုပေမယ့် အောက်လွှတ်တော်က ရဲရဲတောက်အမတ်တွေဖြစ်တဲ့ Kevin McCarthy နဲ့ Davin Nunes တို့လို ရီပါဘလစ်ကန်တွေရဲ့ သက်ရောက်မှုက ဒီမိုကရက်တွေ မမြင်ချင်ဆုံးအရာတွေထဲမှာ ပါပါတယ်။ နောက်တချက်ကလည်း ကမ်းခြေတလျောက်က မြို့ကြီးတွေ မြို့လတ်တွေမှာ အပြာများပေမယ့် အတွင်းပိုင်းက မြေကျယ်ပြီး လူဦးရေနဲတဲ့ ကောင်တီတွေမှာတော့ စိုက်ပျိုးရေးသမားတွေ၊ မွေးမြူရေးသမားတွေရှိပြီး အဲဒီလူတွေက ကလိုင်းမိတ်အကြောင်းပြပြီး ဒီမိုကရက်တွေ ကျပ်တာနဲ့ လုပ်ငန်းရှင်တွေအတွက် ဥပဒေတွေ တလှေကြီး လှိမ့်ထုတ်တာတွေကို အမြဲတမ်း ဦးဦးဖျားဖျား ခံနေရသူတွေ ဖြစ်တာကြောင့် အနီတွေ ဖြစ်နေကြတာ များပါတယ်။
တက္ကဆက်စ်ကတော့ ကယ်လီဖိုးနီးယားမှာ အစစဈေးကြီးလို့ ပြောင်းသွားကြသူတွေ ပေါပြီး အဲဒီလူတွေက နေရာပြောင်းပေမယ့် တွေးပုံခေါ်ပုံမပြောင်းတာကြောင့် ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းက အကျိတ်အနယ် ယှဥ်ပြိုင်ခဲ့ရပါတယ်။ ဒါပေမဲ့ တက္ကဆက်စ်နဲ့ ဖလော်ရီဒါက အုပ်ချုပ်သူတွေက မဲပေးစည်းမျဥ်းတွေကို လျော့တိလျော့ရဲ မလုပ်လိုက်ပဲ အစဥ်အလာအတိုင်း တိတိကျကျ ကိုင်တွယ်ခဲ့တာကြောင့် တက္ကဆက်စ်နဲ့ ဖလော်ရီဒါ နှစ်ပြည်နယ်လုံးမှာ ရီပါဘလစ်ကန်တွေ နိုင်ခဲ့ပါတယ်။
လူကြိုက်မများတဲ့ ပေါ်လစီတွေနဲ့ မဲဆွယ်လို့ မလွယ်တာကြောင့် ဒီမိုကရက်တွေ အာဏာရဖို့အတွက်ဆိုရင် မဲပေးတဲ့ demographic ကို ပြောင်းပြီး သူတို့ကြိုးဆွဲနိုင်တဲ့လူတွေကို မဲရုံ/မဲရေ/မဲပုံသိမ်းဝန်ထမ်းတွေအဖြစ် ခန့်ထားနိုင်မှ အကြံအဖန်လုပ်လို့ ရမှာဖြစ်တဲ့အတွက် အဲဒီအတွက် ဆင်ကြံကြံနေကြတယ်လို့ ပြောလို့ရပါတယ်။
ဒီနေရာမှာ ထောက်ပြချင်တာတခုက ဒီမိုကရက်တွေရဲ့ အာဖဂန်ကလူတွေကို နေရာချထားတာကိုကြည့်ရင် အာဖဂန်ကနေ တပ်တွေအတွက် တကယ်ကူခဲ့သူတွေ၊ အမေရိကန်တွေ၊ အမြဲနေထိုင်ခွင့် ရထားသူတွေ၊ အထူးပြည်ဝင်ခွင့် ရထားသူတွေကို ကယ်ဖို့ ငြင်းဆိုပြီး ကလေးနဲ့ လက်ထပ်ထားသူတွေ၊ မုဒိမ်းကောင်တွေ၊ ရာဇဝတ်နောက်ကြောင်း မရှင်းသူတွေကို ဘာလို့ ဦးစားပေးကယ်ခဲ့လဲဆိုတာ အဖြေပေါ်ပါလိမ့်မယ်။
ခုမှစဖတ်သူတွေအတွက် ရှင်းပြရရင်တော့ ပထမအုပ်စုကလူတွေက စဥ်းစားတတ်သူတွေ ဖြစ်နေနိုင်လို့ပါပဲ။ စဥ်းစားတတ်တဲ့လူတွေက သူတို့ပြောသမျှ တန်းယုံမှာမဟုတ်ပဲ ကိုယ့်ပတ်ဝန်းကျင်ကို ကောင်းအောင်တကယ်လုပ်မယ့် လူတွေကိုသာ မဲပေးကြမှာဖြစ်ပါတယ်။ ရာဇဝတ်သားလို အားနည်းချက်ရှိသူတွေ၊ မစဥ်းစားတတ်သူတွေကတော့ ရာဇဝတ်သားကို သက်ညှာတဲ့၊ အချောင်သမား ဦးစားပေးတဲ့၊ လာဘ်ပေးလို့ရတဲ့ အစိုးရမျိုးကိုပဲ အလိုရှိမယ်ဆိုတာ လူလည်ဒီမိုကရက်တွေ မစဥ်းစားမိစရာ အကြောင်း မရှိပါဘူး။
နောက်ဖြစ်နိုင်တာတခုကတော့ အဲဒီလူတွေက လာဘ်ပေးပြီးဝင်လာသူတွေ ဖြစ်နိုင်သလို ပထမအုပ်စုကလူတွေက status အခိုင်အမာရှိပြီးသားဖြစ်တဲ့အတွက် လာဘ်ပေးဖို့ မကြိုးစားကြသူတွေ ဖြစ်နိုင်ပါတယ်။ လာဘ်ပေးပြီး အလုပ်ဖြစ်အောင် လုပ်ချင်သူတွေက သန့်ရှင်းတဲ့အစိုးရကို ကြိုက်မလား၊ ခြစားအစိုးရကို ကြိုက်မလားဆိုတာတော့ ရှင်းစရာမလိုဘူးထင်ပါတယ်။
ဒါ့ကြောင့်လည်း ကျူးဘားမှာ ဖိနှိပ်တဲ့ ကွန်မြူနစ်အစိုးရကို ပြည်သူတွေ အုံကြွဆန္ဒပြတုန်းက ဘိုင်ဒန်အစိုးရက ဘာမှ ထိထိရောက်ရောက် မကူညီခဲ့တာပဲဖြစ်ပါတယ်။ ဒီရောက်နေတဲ့ ကျူးဘန်းတွေ အများစုက ဒီမိုကရက်တွေ သွားနေတဲ့လမ်းကို ကြုံခဲ့ဖူးသူတွေဖြစ်လို့ အမေရိကန်ပြည်ကို လက်ဝဲလမ်းစဥ်ကို မသွားစေချင်သူတွေ ဖြစ်နေပါတယ်။
အကျပ်အတည်းဖြစ်တိုင်းဖြစ်တိုင်းမှာ အကျပ်အတည်းကို ပြေလည်အောင် ဦးစားပေးစဥ်းစားသူ ရှိသလို အကျပ်အတည်းအပေါ် အမြတ်ထုတ်ပြီး ကိုယ်ကျိုးရှာသူတွေလည်း နေရာတိုင်းမှာ ရှိကြပါတယ်။ သမ္မတထရမ့်က အာဏာရတုန်းမှာ သူ့အာဏာတည်မြဲဖို့ အားထုတ်ခဲ့သလား၊ ပြည်သူတွေ သက်သာချောင်ချိဖို့ လုံခြုံဖို့ ဦးစားပေးခဲ့သလားဆိုတာ ကြည့်ရင် မြင်နိုင်သလို ဒီမိုကရက်တွေက အကျပ်အတည်းဖြစ်တိုင်း အကျပ်အတည်းပြေလည်ဖို့ထက် အဲဒီအပေါ်မှာ အမြတ်ထုတ်ပြီး သူတို့အာဏာကို ရည်ရှည်ဆုပ်ကိုင်ထားဖို့ ကြိုးစားကြတယ်ဆိုတာ လယ်ပြင်မှာ ဆင်သွားတာထက် ထင်ရှားနေပါတယ်။
အဲဒီလို အမြတ်ထုတ်နိုင်ဖို့လည်း အကျပ်အတည်းတွေကိုပါ တမင်ဖန်တီးယူတဲ့ အဆင့်ကို ရောက်လာပြီဆိုတာ ကိုဗစ်တို့၊ အာဖဂန်တို့၊ နယ်စပ်ကိစ္စ္စ္စတို့၊ ရေနံ/စွမ်းအင် စတဲ့အကျပ်အတည်း တွေကို ကြည့်ရင် သိနိုင်ပါတယ်။ အခုဖြစ်နေတဲ့ supply chain crisis ကိုတောင် တရုပ်အပါအဝင် အစိုးရတွေ ပူးပေါင်းကြံစည်တဲ့ အကျပ်အတည်းလို့ မသင်္ကာဖြစ်လာကြပါပြီ။ ထရပ်ကားတွေ တန်းစီစောင့်နေပေမယ့် ဘယ်ကရိန်းမှ အလုပ်မလုပ်နေတဲ့ ဆိပ်ကမ်းတွေရယ်၊ ကိုဗစ်+ တယောက် တွေ့လိုက်တာနဲ့ ပြန်လှည့်ခိုင်း/တဖွဲ့လုံး ပြောင်းခိုင်းတဲ့ တရုပ်အစိုးရရယ်၊ ဘိုင်ဒန်အစိုးရက ဘာမှပြေလည်အောင် လုပ်မပေးပဲ ဟာသလုပ်နေတာရယ်၊ ဝန်ကြီးက စတေးရှောင်နေတာရယ် စတာတွေကို ကြည့်ရင် မသင်္ကာစရာတွေ တော်တော်များပါတယ်။
အာဏာမြဲဖို့ ဦးစားပေး/မပေးဆိုတာက ထရမ့်ရယ် ဘိုင်ဒန်ရယ်မှ မဟုတ်ပါဘူး၊ ရီပါဘလစ်ကန် သမ္မတတွေ အမတ်တွေက ကိုယ် အာဏာမြဲဖို့ အခြေခံဥပဒေနဲ့ ဥပဒေအသစ်တွေကို လိုသလို အဓိပ္ပါယ်ဖွင့်/ပြဌာန်းကြတဲ့ အစဥ်အလာ မရှိသလို တပါတီထဲက အာဏာကို ရည်ရှည်ဆုပ်ကိုင်ထားတာ ကလည်း တိုင်းပြည်အတွက် အလွန်အန္တရာယ်ကြီးတဲ့ လုပ်ရပ်အဖြစ် သတိထား ရှောင်ရှားကြပါတယ်။
ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ငါ့ပါတီ အာဏာရရင်ပြီးရော၊ မတရားလဲ ငုံနေမယ်ဆိုရင် အဲဒီစိတ်ဓါတ်က အာဏာရှင်နဲ့ပဲ တန်တဲ့၊ တရားမျှတမှုကို အမှန်တကယ်မလိုလားတဲ့ စိတ်ဓါတ်ပါ။ တိုင်းပြည်တိုးတက် ချင်ရင်တော့ အရင်ဆုံးပြင်ရမှာ စိတ်ဓါတ်တွေဖြစ်ပါတယ်။ အဲဒါက ဘယ်မှာပဲဖြစ်ဖြစ် ဘယ်သူ့အတွက်ပဲ ဖြစ်ဖြစ် အမြဲတမ်း မှန်နေမယ့် အမှန်တရားတခုပါ။