(Rabbi Dov Fischer/ Daily Wire)
လွန်ခဲ့တဲ့ နှစ် ၅၀ကို ပြန်ကြည့်လိုက်ရင် ဒီမိုကရက်တွေက လာဘ်လာဘ ရှာဖွေနေသူတွေ ရယူနေသူတွေကို အိမ်ဖြူတော်ကို ပို့ခဲ့ကြတာ အံ့ဩဖွယ် မြင်ရမှာပါ။
ဒီမိုကရက်တွေက သေချာအကွက်ချပြီး နိုင်ငံရေးသမားတွေကို ဘယ်လို ထိထိရောက်ရောက် ဝယ်ယူခဲ့ကြသလဲဆိုတာလဲ စိတ်ဝင်စားစရာပါ။ သူတို့က ပုန်းလျှိုးကွယ်လျှိုးတောင် လုပ်စရာမလိုပဲ အများအမြင်မှာကို သန်းနဲ့ချီတဲ့ လာဘ်ထိုးမှုတွေလုပ်နေပြီး အဲဒီအတွက်လည်း ဘာပြစ်ဒဏ်မှ ခံစရာ မလိုနေဘူးလေ။
နိုင်ငံရေးသမားတွေကို ကြိုးဆွဲချင်တဲ့လူတွေက သူတို့ရွေးကောက်ပွဲတွေမှာ ငွေများများလှူပြီး အတွင်းစည်းထဲရောက်အောင် လုပ်တတ်ကြတာ အားလုံးသိကြတဲ့အတိုင်းပါပဲ။ ဒါပေမဲ့လည်း လူများစုက အဲဒီလောက်မပြောနဲ့ $1000 လောက်လှူရင် xxx နဲ့ ညစာစားခွင့်ရမယ်ဆိုတဲ့ ပွဲမျိုးတောင် မတတ်နိုင်ကြတော့ သူတို့စိတ်ထဲ ကောင်းမယ်ထင်တဲ့လူကို $5 ကနေ $50 လောက်လှူပြီး အဲဒီလူတက်လာအောင် ကူညီကြရတာပေါ့။
ငွေမတတ်နိုင်တဲ့ လူတွေက မိတ်ဆွေတွေဆီ email ပို့ပြီး မဲဆွယ်ပေးခြင်း၊ email/pamphlet ပို့လို့ရနိုင်တဲ့ စာရင်းတွေ စုဆောင်းပေးခြင်း၊ ကောင်းနိုးရာရာ ဆောင်းပါးများကို မိတ်ဆွေတွေဆီ မျှဝေပေးခြင်း၊ တောင်းဟောလ်မီတင်လိုဟာမျိုး၊ ကျောင်းအုပ်ချုပ်ရေးအစည်းအဝေး စတာတွေကို မပျက်မကွက်တက်ခြင်း၊ ချာချ်ကျောင်းမှာ ဘုန်းကြီးကို ခေါင်းစဥ်တခုခု ပြောပေးဖို့ တောင်းဆိုခြင်း၊ ရုံးလက်ဖက်ရည်ဆိုင်မျိုးလို လူတွေဆုံတတ်တဲ့ နေရာမျိုးမှာ အာဘောင်အာရင်းသန်သန်နဲ့ မဲဆွယ်ပေးခြင်း စတဲ့နည်းတွေနဲ့ နိုင်ငံရေးသမားတွေနဲ့ နီးစပ်အောင် ချဥ်းကပ်တတ်ကြပါတယ်။
တချို့ကတော့ ကျမ်းစာထဲမှာတောင် တကယ်အပြစ်ကြီးတယ်လို့ ပါတဲ့ ကိုယ်ကျင့်တရားချွတ်ယွင်းမှုရဲ့ အထွဋ်အထိပ်ဖြစ်တဲ့ လာဘ်ပေးယူမှုကို လာဘ်စားခြင်းအနုပညာလိုမျိုး သိမ်မွေ့အောင် ဖန်တီးတတ်ကြတဲ့နေရာမှာ ပြိုင်စံရှားဖြစ်တဲ့ အောက်ပါ ၅ဦးကတော့ မှတ်တမ်းတင်သင့်တဲ့တဲမှာ ပါပါတယ်။
၁။ ဘိုင်ဒန် – ဒီပန်းချီကားလေး မင့်အိမ်မှာချိတ်ထားရင် မလှဘူးလား။
ဒီမိုကရက်သမ္မတတွေက ပိုက်ဆံသိပ်ကြိုက်ကြတာ ပြောစမှတ်ပြုလောက်ပါတယ်။ သူတို့ထဲမှာ ချမ်းသာတဲ့ ရုစဗဲ့တို့ ကနေဒီတို့ ရှိသလို အမျိုးတွေနာမည်နဲ့ ဖောင်ဒေးရှင်းတွေထောင်၊ အခမ်းအနားတွေကိုဖိတ်ပြီး စကားပြောခတွေ မတန်တဆယူ၊ ဘာမှလုပ်စရာမလိုတဲ့ ရာထူးမျိုးကို လခတွေ အများကြီးနဲ့ လက်ခံ (ကိုယ်တိုင်/မိသားစု)၊ အိမ်ဝယ်ရင် ကာလပေါက်စျေးထက် ၅သိန်းလောက် လျော့ပြီးဝယ်၊ ရာဇဝတ်သားတွေလွှတ်ပေးတာက ပိုကဆံရ နည်းတွေကို စုံနေတာပါပဲ။
နောက်ပုံစံတခုကတော့ ဘိုင်ဒန့်မိသားစုပေါ့၊ အထူးသဖြင့်ကတော့ ဟန်းတား။ သူလာဘ်ယူတဲ့ပုံစံက ပုံစံသစ်မို့ သီးခြားခေါင်းစဥ်တခု ဖွင့်လို့ရနေတာ။ ဘူရစ်စ်မာ ဒါရိုက်တာအဖွဲ့မှာ ထိုင်ခတင် တလကို ဒေါ်လာ ၅သောင်းအပြင် စတိုင်ပင်ပါ ရသေးတယ်။ ပြောရရင် ယူကရိန်းအကြောင်းရော စွမ်းအင်အကြောင်းပါ ဘာနကန်းတလုံးမှ မသိတဲ့သူ။ သူ့လက်ပ်တော့ပ်ထဲမှာပါတဲ့ လျှို့ဝှက်ချက်တွေကိုတော့ ဖွဘုတ်က ကာကွယ်ပေးထားပြန်ရော။ အခုတော့ သူက အနုပညာရှင်ကြီးဖြစ်သွားပြန်ပြီ။
အနုပညာရှင်တွေက ကိုယ်ပိုင်ဟန်နဲ့ ကျော်ကြားကြသလို ကျော်ကြားသလောက်လည်း အနုပညာကြေး ကြီးကြပါတယ်။ Rembrandt ရဲ့ လက်ရာတွေက ဓါတ်ပုံတခုလို သေသပ်လှပသလို Kandinsky ရဲ့ abstract ပုံတွေကလည်း စိတ်လှုပ်ရှားစရာပါ။ El Greco ရဲ့ Toledo landscape၊ မိုနေးရဲ့ လှပလွန်းတဲ့ impressionism ဂျပန်တံတား၊ Renoir ရဲ့ ကဖေးဆိုင်အပြင်က နေ့လည်စာ၊ ဗန်ဂိုးရဲ့ ကြယ်တွေနဲ့ညလိုမျိုး သူတို့မှာ ပြောစမှတ်ပြုရလောက်တာ တခုစီတော့ ရှိကြတယ်။
ဟန်းတားကျတော့ ဘာအနုပညာနောက်ခံမှလည်းမရှိ၊ ဘာပုံမှ ဆွဲဖူးတဲ့ သမိုင်းလည်း မရှိ၊ ဘာစတိုင်၊ ဘယ်သို့ ဘာညာလည်း မပြောနိုင်ပဲ အခုသူက ပန်းချီပြပွဲလုပ်နေတယ်လေ။ တချပ်ကို အနိမ့်ဆုံး $75,000 ပေးရမှာ။ ပန်းချီကားဝယ်ပြီး သူ့အဖေဆီက ကန်ထရိုက်တခုလောက်ရရင်တောင် ကျေလောက်ပါတယ်။ ကလင်တန်ပြောသလိုဆို မိသားစုတွေပဲလေ၊ ဟန်းတားရလဲ ဂျိုးရသလိုပဲပေါ့။
(သူရေးတားတဲ့ထဲမှာ တရုပ်နဲ့ ပတ်သက်တာ မပါဘူး။ နဂါးရိုက်မှာစိုးလို့လားတော့ မသိပါဘူး။ ဖြည့်ပဲ တွေးပေးလိုက်ပါ။ ကျမမနှစ်က ရေးထားတာ ရှိတယ်လေ။ )
2 & 3 ဟေးဘေလ်လာရီ – ကလင်တန်ဖောင်ဒေးရှင်းနဲ့ စကားသွားပွားခအတွက် ဂုဏ်ပြုငွေ
ဟေလာရီနဲ့ ဘေလ်တို့က အိမ်ဖြူတော်ကို မရောက်ခင်ထဲက ခြစားတဲ့ရာဇဝင် အရှည်ကြီး ရှိခဲ့တာပါ။ သူတို့လင်မယားအကြောင်းပြောရင် ခြစားတာက ပါကို ပါရပါတယ်။ ဘေလ်က အာကန်ဆောဂါဗနာဖြစ်တုန်းက အဲဒီကလူတွေက Slick ဝီလီအကြောင်း သိပ်သိကြသပေါ့။ ဘေလ်က ဘယ်လောက်ဖုံးဖုံး နောက်ဆုံးငြိတဲ့ မော်နီကာ လီဝင်းစကီးအပါအဝင်ဆို ၅ယောက်အနည်းလေးက လူတိုင်းသိကြတယ်။ စတိတ်ထရုပါတွေနဲ့ရော၊ မုဒိမ်းမှုစွပ်စွဲချက်တွေရော၊ သိသာတဲ့ အမှတ်အသားတွေရော၊ ဂါဝန်မှာ ပေနေတာတွေရော သက်သေတွေမှ အများကြီ။ ဒါပေမဲ့ လင်မယားနှစ်ယောက်လုံးက ဥပဒေကျွမ်းတဲ့အပြင် အာဏာလက်ရှိလဲဖြစ်၊ အဆက်အသွယ်တွေလဲ ကောင်းတော့ ကလင်တန်ကျူးလွန်ခဲ့တဲ့ အမျိုးသမီးတွေအတွက် ဘာတရားမျှတမှုမှ မရခဲ့ပါဘူး။
အဲဒီတုန်းက ဒီမိုကရက်နေရှင်နယ်ကွန်ဗန်းရှင်းမှာ ကျောမွဲတွေကို ကလင်တန်ပြောခဲ့တာ မှတ်မိကြသေးလား၊ မင်းတို့က ဟေလာရီနဲ့ ငါနဲ့ရဲ့ မိသားစုဝင်တွေ ဖြစ်နိုင်ပါတယ်ဆိုပြီးလေ။ ငမွဲတွေက သဘောတွေ ကျလိုက်ကြတာလေ။ အဲဒီလို ချိုချိုလေးပြောပြီး ငမွဲတွေဆီကပဲ အလှူလှိမ့်ခံလိုက်သေးတာ၊ အဲဒီလူတွေမှာ ကျွေးစရာ မိသားစု မရှိတာကျနေတာပဲ။ ဒါပေမဲ့လည်း အဲဒီနှစ် Thanksgiving ကျတော့ အဲဒီလူတွေက ကလင်တန်တို့ ဖိတ်တဲ့ထဲ မပါပါဘူး။ သူဌေးနဲ့ အာဏာရှိသူတွေပဲ ဖိတ်မှာပေါ့။ ငမွဲတွေ ဖိတ်စရာလား။
နောက်တော့ သူ့ဇနီး ဟေလာရီပါ ပါလာတာတွေ့ရတာပါပဲ။ Travelဂိတ် ဆိုတာရှိတယ်၊ လူအစုလိုက် အပြုံလိုက် အလုပ်ဖြုတ်ပစ်တဲ့ အရှုပ်အထွေးတွေ အိမ်ဖြူထရားဗဲလ်ရုံးမှာဖြစ်ခဲ့တယ်။ အိမ်ဖြူတော်ရဲ့ ဒု-ရှေ့နေ ဗင့်စ် ဖော်စတာဆိုတဲ့လူက သူ့ကိုယ်သူသတ်သေသွားတယ်။ နှင်းဆီဥပဒေအဖွဲ့ရဲ့ ငွေတောင်းခံမှုမှတ်တမ်းတွေ ဖျောက်ပစ်တဲ့ ခြစားမှုရှိတယ်။ ကက်တယ်ဖြူချားတွေမှာ ဟေလာရီအိတ်ထဲ အဲဒီအချိန်က တသိန်းလောက် အသားတင် ဝင်သွားတယ်၊ ဝင်ပြီး မကြာခင်မှာပဲ တိုင်ဆင်ကုမ္ပဏီက အစိုးရဆီက ချေးငွေ ၉သန်း ရသွားတယ်။ ဟေလာရီရဲ့ ရန်သူတွေအပေါ် အက်ဖ်ဘီအိုင်က နောက်ကြောင်းစစ်ဆေးတာမျိုး အကြိမ် ၇၀၀ လောက်လုပ်ခဲ့တယ်။
ကလင်တန်တို့နဲ့ ပတ်သက်ဖူးသူတွေထဲ နာမည်ကြီးတွေက
- ကလင်တန်တို့ အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုတွေမှာ ကူညီတဲ့ ဂျင်မ်နဲ့ ဆူဆန်မက်ဒူဂဲလ် (ဝှိုက်ဝါးတားဒီဗဲလုပ်မန့်ကော်ပိုရေးရှင်း၊ နောက်တော့ ပျက်သွားပါတယ်။)
- ပွန်ဇီစကင်မ်လုပ်တဲ့ နော်မန်ဆူး – သူကလည်း ဒီမိုကရက်ပါတီကို အကြီးအကျယ်လှူသူ။
- ဟောဟေး ကာဘရဲရား- သူက ဖီဒယ်ကက်စထရိုရဲ့ သူငယ်ချင်း၊ မူးယစ်ဆေးဒိုင်လုပ်တာ၊ ကလင်တန်တက်လာတော့ သမ္မတအာဏာနဲ့ အမျိုးသားမူးယစ်ဆေးထိန်းချုပ်မှုရုံးကို ရစရာမရှိအောင် ဖျက်ဆီးပစ်ခဲ့ပြီး ပြစ်ဒဏ်ကျပြီးသား မူးယစ်ဒိုင် ၇ယောက်လုံးကို သမ္မတအမိန့်နဲ့ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့တာ။
ဟေလာရီလိမ်ခဲ့တဲ့ နာမည်ကြီးကိစ္စတခုက ဘော့စနီးယားမှာ စနိုက်ပါကပစ်လို့ ဝပ်တွားပြီး ကားတန်းဆီကို သွားခဲ့ရတာလို့ ကြုံတိုင်းပြောပါတယ်။ အဲဒီခေတ်က မီဒီယာကလည်း ဒီလောက်မလွယ်သလို လူတိုင်းမှာလည်း ကင်မရာမရှိကြတော့ သူပြောတာ အဟုတ်လားပေါ့။ နောက်ပိုင်း ဗီဒီယိုတွေ တက်လာတော့မှ ဘာစနိုက်ပါမှလည်းမရှိ၊ ဘာတွားမှလဲ မသွားခဲ့ဘူး၊ အားလုံးက မျက်ရည်ချုတာ/ ဂရုဏာမဲချုတာ သက်သက်ပဲဆိုတာ ပေါ်သွားပါတယ်။
ဒီလောက်ပဲလားဆိုတော့ မကပါဘူး၊ လုံးဝမကပါဘူး။ အများကြီး ကျန်ပါသေးတယ်။ သူတို့လင်မယားက ဘယ်တော့မှလဲ တော်လောက်ပြီဆိုတာမျိုးနဲ့ ကျေနပ်မယ့် လူစားမျိုးတွေ မဟုတ်ပါဘူး။ မျက်နှာကျက်အထက်မှာ ပိုက်ဆံတွေအပြည့်နဲ့ နောက်ထပ် မျက်နှာကျက်တခုက သူတို့ ခြစားဖို့အတွက် ထပ်ရှိနေဦးမှာပါပဲ။ ဆုံးမှာမဟုတ်ပါဘူး။ ဒါပေမဲ့ ပိုစိတ်ဝင်စားစရာကောင်းတာက သူမကို မီဒီယာတွေအားလုံးက အာရုံစိုက်နေချိန်မှာ အဲဒါတွေကို ဘယ်လိုကျူးလွန်ခဲ့သလဲဆိုတာပါ။
ကလင်တန်ဖောင်ဒေးရှင်းထောင်လိုက်တာကတော့ တော်တော်လှတဲ့အကွက်လို့ပဲ ပြောရမှာပါ။ ထောင်ပြီးတာနဲ့ လာဘ်ပေးချင်သူတွေက ကလင်တန်နဲ့ လက်ပါးစေများဆီ သန်းနဲ့ချီပြီး ပေါ်တင် ငွေလွှဲလို့ ရသွားပြီလေ။ စားပွဲအောက်ကလဲ ပေးနေစရာမလို၊ ကြားပွဲစားလဲ မလိုတော့ဘူး၊ ဘယ်ရွေ့ဘယ်မျှလဲ မေးနေစရာ မလိုတော့ဘူး။ လွှဲရတဲ့အကြောင်းရင်းလား၊ လွယ်ပါတယ်၊ ဟေတီက ဆင်းရဲတဲ့ကလေးတွေကို ကူဖို့တို့ ဘာတို့ သတင်းထဲမှာ ဟော့နေတာတခုခုသာ ခေါင်းတပ်လိုက်၊ ကျန်တာ ကြုတ်ကျက်လိ လိုက်လို့ရတယ်။ ဒါလေးများ၊ ပါးပါးလေး။
ဖောင်ဒေးရှင်းပေးရိုးလ်ထဲမှာ ထည့်ထားတဲ့ အိတ်စ်ပတ်တွေဆိုတာလည်း အလုပ်လက်ကိုင်မရှိတော့တဲ့ ကလင်တန့်တပည့်တွေပဲပေါ့။ သူတို့တွေ ခရီးသွားရင်လဲ ပထမတန်းလက်မှတ် လုပ်ပေးရမယ်၊ လခကလည်း အမြင့်ဆုံးပေးရမယ်လေ။ တကယ်ရုံးတက်ပေးဖို့တော့ လိုချင်မှလိုမှာပေါ့။ အရည်အချင်းဆိုတာထက် အလုပ်ဖြစ်ဖို့က အဓိကမဟုတ်လား။ သစ္စာရှိ၊ နှုတ်လုံတဲ့တပည့်မွေးဖို့က မစို့မပို့ပေးလို့တော့ မရဘူးလေ။ သိတယ်မို့လား။
အော်ဒါနဲ့ မျောက်ပြဆန်တောင်းလို့ရအောင် ဖွဲ့ထားတဲ့ ကလင်တန်ဂလိုဘယ်လ်အင်နီရှီယေးတစ်ဆိုတာကို ဘယ်သူက ကူဖွဲ့ပေးခဲ့တယ်ထင်တုန်း၊ ဘယ်သူရှိမလဲ၊ ဂျက်ဖရေ အက်ပ်စတိန်းပေါ့။ မှတ်မိကြတယ်မှတ်လား။ ကမ္ဘာ့အာဏာအကြီးဆုံး ပိုက်ဆံအပေါဆုံးတွေကို ဖျော်ဖြေဖို့ အရွယ်မရောက်သေးတဲ့ ကလေးမလေးတွေ လိုက်ရှာ လေ့ကျင့်ပေးထားတဲ့သူလေ။ ကလင်တန်နဲ့ ပုလင်းတူဗူးဆို့တွေဆိုပါတော့။ (အဲဒီလူကမှ တကယ့်ရေ့စစ်၊ သူ့ကလေးမလေးတွေအားလုံးက အဖြူတွေ၊ သူ့ကလိုင်းယန့်တွေကလဲ အဖြူတွေပဲ။ အဲဒါကျတော့ ကာမလာတို့ မျက်စိလျှမ်းနေလားမသိ။)
ကလင်တန်ဖောင်ဒေးရှင်းက ဘယ်လိုမှ မထင်ရတဲ့လူတွေဆီကတောင် ဂရုဏာတွေ အတောင့်လိုက် ယိုဖိတ်ပြီး လှုလာဖို့ စွမ်းဆောင်နိုင်လောက်အောင် ဆရာကျတာ။ ဆော်ဒီက ရေနံတွင်းပိုင်ရှင်ကြီးတွေက ဟေတီက ကလေးလေးတွေကို ကူညီဖို့ ကလင်တန်ဖောင်ဒေးရှင်းကို လှူတာတဲ့။ အံ့ရော။ ၂၀၁၆တုန်းက (ဟေလာရီရွေးကောက်ပွဲနှစ်က) ကလင်တန်ဖောင်ဒေးရှင်းက အမေရိကန်ကော်ပိုရေးရှင်းကြီးတွေ၊ နိုင်ငံခြားအစိုးရတွေ၊ နိုင်ငံခြား ကော်ပိုရေးရှင်းတွေ၊ နိုင်ငံရေးအရ လှူသူတွေ၊ တခြားအုပ်စုတွေနဲ့ ပုဂ္ဂလိကတွေဆီက အလှူငွေ ၂ ဘီလီယံတောင် ရခဲ့တာ။ အမေရိကန်ဒေါ်လာနော်၊ ဒါပေမဲ့ အိုင်အာအက်စ်ကတော့ မမြင်ရှာပါဘူး။ မကြည့်ဝံ့တာလည်း ဖြစ်မှာပေါ့။
ဟေလာရီ နိုင်ငံခြားရေးဝန်ကြီးဘဝနဲ့ သမ္မတဖြစ်ဖို့ ကြိုးစားနေတုန်းက ဖီးမင်းနစ်ဇင်ပလက်ဖောင်းပေါ်ကနေ မဲဆွယ်ခဲ့တာ။ ဆော်ဒီမှာ မိန်းမတွေ ယောက်ကျားအစောင့်မပါပဲ ဘယ်မှ မထွက်ရဘူး၊ ကားမမောင်းရဘူး၊ ကာမေသုကျူးမိရင် ကျောက်တုန်းနဲ့ ပေါက်သတ်ခံရတာ။ ဒါပေမဲ့ ဟေလာရီကတော့ အဲဒါတွေ တခါမှ ထောက်မပြဖူးပါဘူး။ ရှိခ်ကြီးတွေက ဖောင်ဒေးရှင်းကို ၁၀-၂၅သန်းလောက် လှူနေတော့လည်း အပေါက်ပိတ်နေတော့တာပေါ့။ ဆော်ဒီတင်မကဘူး၊ အိုမန်ကလည်း အားကျမခံ သန်းနဲ့ချီ လှူပြန်တာပဲ။ ကာတာကလည်း တသန်း ရော့ အင့်ပဲ။ မီဒီယာတွေက သူသမ္မတဖြစ်မယ်ဆိုတာကိုး။ အဲဒီတော့လည်း ထောင်မြင် ရာစွန့်ပေါ့။
ကလင်တန်တွေက သိနေတယ်လေ၊ အဲဒီအလှူငွေတွေကို ဘယ်သူမှ လိုက်စစ်မှာမဟုတ်ဘူးဆိုတာ။ အလှူငွေထားပါဦး၊ လူ့အသက်တွေနဲ့ နိုင်ငံတော်အကျည်းတန်မှုတွေနဲ့ ပတ်သက်နေတဲ့ ဘန်ဂါဇီကိစ္စမှာ သူနိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူထားတဲ့ကြားက သံအမတ်နဲ့ သံဝန်ထမ်းတွေ နိုင်ငံသားကန်ထရိုက်တာတွေကို ခွေးသေဝက်သေ ပစ်ထားခဲ့ရုံတင်မက သူမကြောင့် လုံခြုံရေးစည်းပေါက်ခဲ့တဲ့အပေါ် အမှုပတ်လာနိုင်တဲ့ အီးမေးလ် ၃၀,၀၀၀ ကိုပါ အသာလေး ဖျက်ပစ်လိုက်ပါတယ်။ သူ့ကွန်ပြူတာကို တမင်ရှင်းထားတာလားလို့ မေးတော့ ဆပ်ပြာနဲ့ဆေးတာကို ပြောတာလား ဟားဟားဆိုပြီး အရူးလုပ်သွားပါတယ်။
အဲဒီလိုကိစ္စမျိုးကိုတောင် အသာလေး ပုခုံးတွန့်ပြီး လစ်ထွက်သွားနိုင်သေးတာ၊ အလှူငွေဆိုတာက စာမဖွဲ့လောက်ပါဘူး။ ရှိသေးတယ်၊ ချယ်လ်ဆီးကလင်တန်လက်ထပ်ပွဲမှာဝတ်တဲ့ ဗယ်ရာဝမ်း မင်္ဂလာဝတ်စုံ၊ ဟေလာရီရဲ့ ယိုးဂသင်တန်းး အကုန်လုံးနောက်မှာ ပုံပြင်လေးတွေ ရှိကြတာချည့်ပဲ။ ဘယ်ဟာမှ မရိုးစင်းဘူး။ ဒါပေမဲ့ပေါ့လေ နှာခေါင်းမပါတဲ့လူတွေကတော့ ဘာကျွေးကျွေး ဟပ်မှာပဲလေ။
မာသာစတီးဝပ်နဲ့ ဟေလာရီနဲ့ ကွာတာက မာသာက အင်္ကျီတွန့်နေရင် ဘယ်လိုမီးပူတိုက်၊ ရာသီပင်လေးတွေ အချိန်လွန်မှစိုက်မိရင် ဘယ်လိုရှင်အောင်လုပ်မယ်ဆိုတွေကို ပြောပြလုပ်ပြတဲ့ ရှိုးလုပ်နေတာ အဆင်ပြေသား။ ဒါပေမဲ့ မှားချင်တော့ ပညာတတ်ဆိုပြီး စတော့တွေကို အတွင်းသတင်းယူပြီး အပြင်လူတွေမဝယ်/မရောင်းခင် သူက ကြိုသိတဲ့ သတင်းအရ ဝယ်/ရောင်းတဲ့ အင်ဆိုဒ်တာထရိတ်ဒင်းလုပ်တယ်လေ။ အဲဒီတော့ ထောင်ကျတာပေါ့။
ကလင်တန်တို့ကတော့ ဘာလာလာ ပူစရာမလိုဘူး။ ရသမျှ လာထားပဲ။ အစိုးရစုံထောက်ဆိုတာလည်း သူတို့မျက်နှာကြည့်နေရသူတွေပဲလေ။ လုံတာမှ ခြုံရော။ လူတကာက ဟေလာရီရဲ့ အီးမေးလ်တွေနဲ့ ကလင်တန်ဖောင်ဒေးရှင်းကို အာရုံစိုက်နေတုန်း ဘေလ်က အရှေ့ဥရောပက အာဏာရှင်နိုင်ငံတွေကိုသွား၊ သူတို့တက္ကသိုလ် စတာတွေမှာ စကားသွားပြော၊ ပြောခ သန်းခဲ့ချီယူခဲ့တာ။ ၂၀၀၆တုန်းက ၄၈နာရီအတွင်း ဘေလ်က ချာရတီအတွက် ၄သိန်းခွဲ၊ လန်ဒန်က နောက်တနေရာမှာ ၂သိန်း၈သောင်း၊ ဒဗ္ဗလင်မှာ နောက်ထပ် ၂သိန်း၈သောင်း တောင် ရခဲ့တယ်။ တနေ့ထဲနဲ့ တသန်းဝင်တာလို့ ပြောလို့ရတာပေါ့။ လောကမှာ တရက်ထဲ စကားလေး ၃ခါပြော ဒေါ်လာ တသန်းရတာ ဘယ်မှာ ကြားဖူးလဲ။
အဲဒီလူတွေကပဲ ထရမ့်က သမ္မတလုပ်ချင်တာ သူ့ဟိုတယ်တွေ၊ ကာဆီနိုတွေအတွက် ကိုယ်ကျိုးရှာချင်လို့လို့ ပြောထွက်ကြတယ်။ အခုတော့ ဒေါ်နယ်ထရမ့်က သမ္မတ ၄နှစ်လုပ်လိုက်တာ သူ့လက်ထက်မှာ ပြည်သူတွေသာ အဆင်ပြေသွားတယ်၊ သူကအချမ်းသာဆုံးစာရင်းတောင် မဝင်တော့ဘူး။ ပြုတ်သွားပြီ။ ပျော်တယ်မို့လား။
၂၀၁၄တနှစ်ထဲတင် ကလင်တန်မောင်နှံက စကားပွားခတင် ဘယ်လောက်ရတယ်ထင်လဲ? ၂၅သန်း နှစ်ဆယ့်နဲ့မှ ငါးသန်းနော်။ ယုံထားလိုက်။ ဒါပေမဲ့ မြင်ရဖို့တော့ မမျှော်လင့်နဲ့။ ဟေလာရီက နိုင်ငံခြားရေးဝန်ကြီး(သမ္မတပါ ဖြစ်နိုင်သေးသူ)နဲ့ တွေ့ချင်ကြတဲ့ ဝေါစထရိက အင်ဗက်စ်မန့်ဘန်ကာတွေကို ၁၅မိနစ်လောက် တွေ့ခွင့်ပေးခဲ့တာတောင် အားလုံးဝိုင်းဖုံးထားကြသေးတာပဲ။ ဖော်ကောင်လုပ်ဖို့ကြိုးစားသူတွေလဲ ရှိပါတယ်၊ အဲဒီလူတွေကလဲ ထူးဆန်းစွာနဲ့ သူ့ကိုယ်သူသတ်သေသွားကြတယ်လေ။ လိုက်စုံစမ်းတဲ့လူတွေလဲ သတိထား။ ကေးလာရီလို့တောင် ခေါ်ကြပါတယ်ဆို။
၄။ အိုဘားမား – မီရှဲလ်က ဆေးရုံမှာ အလုပ်လုပ်လို့ရတယ်
ကွန်ဆာဗေးတစ်တွေက ကလင်တန်တို့လိုပဲ အိုဘားမားတို့လင်မယားကို စထွက်လာကတဲက အကျင့်ပျက်ခြစားတွေလို့ မြင်ထားပြီးသား။ ဟူစိန်က ဟားဗတ်လောရီဗျူးမှာ အယ်ဒီတာချုပ်လိုမျိုး ခေါင်းဆောင်နေခဲ့ပေမယ့် ကနေ့အထိ တခါမှ ဥပဒေနဲ့ပတ်သက်တဲ့ သုံးသပ်ချက်ဆောင်းပါးတွေ ရေးဖူးတာမဟုတ်ဘူးလေ။ အရပ်ထဲက လူမှုအသိုင်းအဝိုင်းစည်းရုံးသူအဆင့်လောက်လုပ်နေတဲ့သူက တခြား ဘာအလုပ်မှ လုပ်မနေပဲ သူစည်းရုံးနေတဲ့ အသိုင်းအဝိုင်းတွေ အားလုံးထက်ပိုပြီး ချမ်းသာလာတာ ဘာကြောင့်ဖြစ်နိုင်လို့လဲ။ စည်းရုံးသူအဆင့်က ဘာမှလဲဝင်ငွေရတဲ့ အလုပ်မှ မဟုတ်တာ။ အဆက်အသွယ်ကောင်းရင်တော့ တမျိုးပေါ့။ ဒီနေရာမှာ လူတယောက်ကို ဘာမှမဖြစ်ခင် မရှိခင်ထဲက ကြိုပုံသွင်းပေးထားတဲ့အနေနဲ့ ပေးကမ်းထားတာနဲ့ ပြည့်စုံလာတော့မှ စားတာနဲ့က ကွာတယ်ဆိုတာတော့ သိရမယ်။ အိုဘားမားတို့က ဘာမှမရှိတဲ့ဘဝက လာတာ။
ရှီကာဂိုတက္ကသိုလ်ဆေးရုံက မီရှဲလ်ကို လူထုဆက်သွယ်ရေး ဒု-ဥက္ကဌရာထူးကို ၂၀၀၀အစောပိုင်းနှစ်တွေက လခ $121,910 ပေးပြီး ငှားထားခဲ့တာ။ အဲဒီအချိန်ကပိုက်ဆံနဲ့ဆို တော်တော်လေး များပါတယ်။ ဒါတောင်အဲဒီအချိန်က ဟူစိန်က ဘာရာထူးမှ ရှိသေးတာမဟုတ်ဘူး။ ဟူစိန်လဲဆီနိတ်တာဖြစ်ပြီးရော မီရှဲလ်ရဲ့လခက မျက်လှည့်ပြလိုက်သလို $316,962 ဖြစ်သွားပါလေရော။ အလုပ်နဲ့ ရာထူးတော့ မပြောင်းပါဘူး၊ ဘာမှလဲလုပ်ချင်မှလုပ်ရမှာပေါ့။
တိုက်တိုက်ဆိုင်ဆိုင်ပါပဲ။ အိုဘားမားက အီလီနွိုင်းဆီးနိတ်ထဲ ရောက်သွားပြီးပြီးချင်း ပထမဆုံးလုပ်တာက မီရှဲလ်ကို ခန့်ထားတဲ့ ဆေးရုံကို အစိုးရထောက်ပံ့ငွေ သန်းနဲ့ချီပြီး ရအောင် လုပ်ပေးသွားပါတယ်။ ရှင်းတယ်နော် ဘယ်လိုတွေ လုပ်သွားကြတယ်ဆိုတာ။ အဲဒီလို လုပ်တာတွေကို တားဆီးနိုင်ဖို့ တနည်းပဲရှိတယ်၊ အဲဒါကတော့ ရိုးသားမှုပဲ။ အိုဘားမားတို့ အိမ်ဖြူရောက်သွားပြီးနောက်မှာတော့ အဲဒီအလုပ်/ရာထူးက ဆက်ခံသူ/လစ်လပ်နေရာ ဘာမှ မရှိပဲ တိတ်တိတ်လေး ပျောက်သွားပါတယ်။ ဒီလိုရာထူးမျိုး လုံးဝ မရှိခဲ့သယောင်ယောင် လက်စဖျောက်လိုက်ကြတာပါ။
အိုဘားမား – ငါ့မိတ်ဆွေ တိုနီ နဲ့ တွေ့လိုက်ပါဦး
အိုဘားမားက သူကိုယ်တိုင်ထောင်ထွက်မဟုတ်ပေမယ့် ထောင်ထွက်ရာဇဝတ်သားတွေနဲ့တော့ အမြဲ အဖွဲ့ကျလေ့ရှိပါတယ်။ ဥပမာပြရရင်တော့ တိုနီရက်ဇ်ကိုဆိုပါတော့။
အိုဘားမား နိုင်ငံရေးလောကထဲ ဝင်လာခါစ ၁၉၉၅ ဇူလိုင်တုန်းက နိုင်ငံရေးအလှူငွေ ၃ကြိမ်ပဲ လက်ခံရရှိခဲ့ပါတယ်၊ လိုကယ်ရှေ့နေတဦးဆီက $300၊ ကားဒီလာတဦးဆီက ချေးငွေ $5000 နဲ့ တိုနီရက်ဇ်ကိုပိုင်တဲ့ ကုမ္ပဏီ ၂ခုက $2000 ပါ။ အဲဒီကနေ နောက် ၁၅နှစ်အတွင်းမှာတော့ ရက်ဇ်ကိုက အိုဘားမားရဲ့ မဲဆွယ်ပွဲပေါင်းများစွာမှာ အဓိက အလှူငွေ ရှာပေးသူတယောက် ဖြစ်လာပါတော့တယ်။ အပေါ်လွင်ဆုံးကတော့ ၂၀၀၇-၂၀၀၈ခုနှစ်မှာ ရက်ဇ်ကိုနဲ့ ရင်းနှီးသူတစုပေါင်းပြီး ဒေါ်လာ ၂သိန်းခွဲကျော် လှူခဲ့ကြတာဖြစ်ပါတယ်။
၂၀၀၇ ဇွန်လမှာတော့ The Sun-Times က ၁၉၉၇တုန်းက မြို့နဲ့ ပြည်နယ်အရာရှိတွေဆီကို ရေးခဲ့တဲ့ အိုဘားမားရဲ့ စာတွေအကြောင်း ဖော်ပြခဲ့ပပါတယ်။ အဲဒီစာတွေထဲမှာ ရက်ဇ်ကိုနဲ့ ဒေးဗစ်စ်ဦးဆောင်တဲ့ ဝင်ငွေနည်းသက်ကြီးတွေအတွက် အိမ်ယာဆောက်လုပ်တဲ့ပရောဂျက်ကို ဘယ်လို ထောက်ခံသင့်ကြောင်း ပြောထားတာပါ။ အဲဒီပရောဂျက်က ရက်ဇ်ကိုနဲ့ ဒေးဗစ်စ်အတွက် ဆောက်လုပ်ခ $885,000 အပါအဝင် အခွန်ထမ်းပြည်သူတွေဆီက ဒေါ်လာ ၁၄သန်း ရရှိခဲ့ပါတယ်။
အိုဘားမားရဲ့ Cottage View Terrace တိုက်ခန်းတွေ ဆောက်လုပ်တဲ့ ပရောဂျက်နဲ့ ပါတ်သက်ပြီး ထောက်ခံရေးသားထားတဲ့ စာတွေကို သူ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဘေလ်ဘာတန်က အဲဒါက ဘယ်သူ့ကိုမှ ဖေဗာပေးပြီး ဆောက်ထားတာမဟုတ်ပါဘူး၊ အဲဒီကွန်မြူနတီကလူတွေ အကျိုးအတွက် ဆောက်တာပါ၊ အကျိုးရှိတော့လည်း အဲဒီလူတွေပဲရှိတာပါလို့ ပြောပါတယ်။ သူ့ကို လွန်ခဲ့တဲ့ ၉နှစ်က ဒီလိုစာရေးဖို့ ဘယ်သူက တောင်းဆိုထားလဲတော့ မသိဘူး။
၂၀၀၅ခုနှစ်မှာတော့ အိုဘားမားက ရှီကာဂို ကန်ဝုဒ်ခရိုင်မှာ အိမ်အသစ်တလုံးကို ၁.၆၅သန်းနဲ့ အိမ်ရှင်ခေါ်ဈေးထက် ၃သိန်းလျှော့ပြီး ဝယ်သွားပါတယ်။ အဲဒါနဲ့ တရက်ထဲမှာပဲ ရက်ဇ်ကိုရဲ့ မိန်းမ ရီတာရက်ဇ်ကိုက အိုဘားမားဝယ်သွားတဲ့ အိမ်ဘေးက ကပ်လျက်မြေကွက်အလွတ်ကို အိုဘားမားကို ရောင်းလိုက်တဲ့လူဆီကပဲ ခေါ်စျေးအတိုင်းပေးပြီး ဝယ်သွားပါတယ်။ တော်တယ်နော်။
၅။ ဂျင်မီကာတာ – “သူကမလေးပါဘူး၊ သူက ငါ့အကိုလေ”
ဂျင်မီကာတာက သမိုင်းမှာ အသုံးမကျဆုံး သမ္မတတွေထဲကတယောက်ပါ။ အီရန်က အယာတိုလာက အမေရိကန်သံတမန်တွေကို အကြာကြီးဖမ်းဆီးထားခဲ့တာတောင် ဘာအရေးယူမှုမှ မလုပ်ပြနိုင်ခဲ့ဘူး။ ငွေဖောင်းပွမှုကလည်း ၁၉%အထိ တက်ခဲ့တယ်။ ဘွန်းဈေးကွက် ပြိုလဲသွားတယ်။ အိမ်ခြံမြေစျေးကွက်လဲ ထို့အတူပဲ။ တိုင်းပြည်လဲ ဖြစ်ချင်တိုင်း ဖြစ်နေခဲ့တယ်။ ကာတာကတောင် အမေရိကန်ရဲ့ တက်တဲ့အချိန်ဟာ ပြီးဆုံးသွားပါပြီလို့ ပြောခဲ့တယ်။
ချာတူးလန်သမ္မတတဦးဖြစ်ခဲ့ပြီး အဆိုးဆုံး အနိမ့်ဆုံးစံချိန်သစ်တွေ အကြိမ်ကြိမ် တင်နိုင်ခဲ့လို့ သူက Millard Fillmore, Franklin Pierce နဲ့ James Buchanan တို့နဲ့အတူ Mount Rushmore မှာ ထုပေးထားဖို့တောင် သင့်လျော်နေပါတယ်။ ဒါပေမဲ့ မျှမျှတတ ပြောရမယ်ဆိုရင် ဂျင်မီကာတာက သူလုံးဝ လိမ်မပြောဘူးလို့ ကြွေးကျော်ထားခဲ့တာ။ သူကိုယ်သူက အရိုးသားဆုံးနဲ့ ကိုယ်ကျင့်တရားအကောင်းဆုံးသမ္မတလို့ ယူဆနေခဲ့တယ်။ ရိုးချင်လဲ ရိုးမှာပါ၊ ဒါပေမဲ့ အ တဲ့ဖက်က ပိုတယ်လို့တော့ ပြောရမယ်၊ အချာဆုံးသမ္မတဆိုတော့လေ။
သူ့ကိုလည်း လာဘ်ပေးဖို့ (ဝယ်ဖို့) ကြိုးစားကြတာပေါ့။ တခါက လစ်ဗျားခေါင်းဆောင် ကဒါဖီးက ရှုပ်ထွေးခက်ခဲတဲ့ ပြဿနာ တခုနဲ့ ကြုံနေရတယ်။ ကာတာက လာဘ်မယူဘူးလို့ ဆိုတယ်လေ၊ ဒါပေမဲ့ သူနဲ့ သူ့မိသားစုက သိပ်နီးကပ်တယ်။ သူ့မိခင် မစ္စလီလီယန်က စာအုပ်တွေရေးတဲ့ နာ့စ်မ။ သူတို့ဂျော်ဂျာက တောင်ပိုင်းသားတွေက သိပ်ဖော်ရွေတယ်။
တခါက သတင်းထောက်တဦးက သူတို့နေတဲ့ Plains ကိုသွားပြီး မစ္စလီလီယန်ကို အင်တာဗျူးတယ်၊ လီလီယန်က Plains က ကြိုဆိုပါတယ်၊ တွေ့ရတာလဲ အရမ်းဝမ်းသာပါတယ်၊ ရှင့်ဂါဝန်လေးက လှလိုက်တာ၊ သံပုရာရည်သောက်ဦးမလား စသဖြင့် လောကွတ်ပြုပါတယ်။ သတင်းထောက်မက လိုရင်းပဲ ကဲ ရှင့်သားကတော့ ရွေးကောက်ပွဲဝင်တော့မယ်၊ သမ္မတဖြစ်ရင်ဖြစ်သွားမယ်၊ ဒါနဲ့ သူပြောတဲ့ ဘယ်တုန်းကမှ မလိမ်ဘူးဆိုတာ အဟုတ်လားလို့ မေးတော့ မစ္စလီလီယန်က ဂျင်မီလား၊ တချိန်လုံး မုသားအဖြူတွေချည့် သုံးနေတာလေလို့ ဖြေတော့ သတင်းထောက်က မုသားအဖြူဆိုတာ ဘာကိုပြောတာလည်း ရှင်းပါဦးဆိုတော့ ဘွားတော်က စောစောက ညဥ်းကိုပြောတဲ့ ကြိုဆိုပါတယ်တို့ တွေ့ရတာ ဝမ်းသာလိုက်တာတို့ ဆိုတာတွေက မုသားအဖြူတွေပဲလေလို့ ပြန်ဖြေပါတယ်။
နောက်တဦးက ဘီလီ၊ ဂျင်မီရဲ့ ညီ၊ မြေပဲတောင်သူကနေ ဘီယာရောင်းတာ။ သူ့အကိုသမ္မတဖြစ်ပြီးတော့ သူပါ နာမည်ကြီးလာတာကို အကြောင်းပြုပြီး အေးဂျင့်ငှား၊ ဟိုပါ ဒီပါတွေလုပ်၊ တခါပါ $5000 ရတယ်၊ အဲဒီအချိန်ကပိုက်ဆံဆိုတော့ တော်တော်တန်ဖိုးရှိတာပေါ့။ နောက်တော့ ဘီယာထုတ်လုပ်သူနဲ့ပေါင်းပြီး ဘီလီဘီယာဆိုတာ လုပ်လိုက်သေးတယ်၊ သိပ်မခံပါဘူး။ ၁၉၇၈မှာ ဘီလီက လစ်ဗျားဘက်က တောင်းပန်ပေးတဲ့လူဖြစ်လာပါရော၊ ၁၉၈၀မှာကျတော့ သူက သူ့ကိုယ်သူ လစ်ဗျားအေးဂျင့်လို့ စာရင်းသွင်းပြီး ကဒါဖီဆီက ဒေါ်လာ ၂သိန်း၂သောင်း ယူမိပါတယ်လို့ ဝန်ခံတယ်။
တကယ်တမ်းက ကဒါဖီက ဘီလီကို လွှဲတာက ၂သန်းလောက်အထိတောင် ရှိနိုင်တယ်။ ကာတာက အဲဒါကြောင့်တော့ အမေရိကန်ပေါ်လစီတွေ မပြောင်းပါဘူးဆိုပေမဲ့ ကာတာလက်ထက်မှာ ကဒါဖီးအိမ် ဗုံးကြဲမခံခဲ့ရပါဘူး။ အဲဒီလုပ်ရပ်တွေက ျင်မီအတွက်လည်း ရှက်ဖွယ်လိလိတွေ ဖြစ်ကုန်ပေမယ့် ဘီလီနဲ့ နီးကပ်မှုကတော့ လျော့မသွားခဲ့ပါဘူး။ မိသားစုတွေပဲလေ။