နိုဝင်ဘာ ၁ ရက် ၂၀၂၁

Hertz ကားဌားတဲ့ ကုမ္ပဏီကြီးက တက်စ်လာကားပေါင်း ၁သိန်းဝယ်ဖို့ စာချုပ်ချုပ်အပြီးမှာ တက်စ်လာစတော့ဈေးတွေ ထိုးတက်ပြီး ကမ္ဘာ့အချမ်းသာဆုံးဖြစ်သွားတဲ့ Elon Musk ကို WFP က ဒါရိုက်တာက မင်းရဲ့ ပိုင်ဆိုင်မှုတွေထဲက ၂% ဖြစ်တဲ့ ၆ ဘီလီယံကိုသာ ကမ္ဘာမှာ ငတ်မွတ်ခေါင်းပါးနေကြတဲ့ လူ ၄၂သန်းကို လှူလိုက်မယ်ဆိုရင် သူတို့တွေဘဝ ဆက်လက်ရှင်သန်နိုင်မှာဖြစ်တယ်လို့ စိန်ခေါ်ခဲ့ပါတယ်။ အီလွန်က ဟုတ်ပြီ၊ မင်းတို့ယူအန်က ဘာတွေဘယ်လိုဘယ်လောက် သုံးတယ်ဆိုတာ စာရင်းတိတိကျကျ ပြနိုင်ရင် ငါက ၆ဘီလီယံ လှူဖို့ အဆင်သင့်ပဲလို့ တုန့်ပြန်ပါတယ်။ အဲဒီစာရင်းက လိုသလို ပြုပြင်ထားတဲ့ဟာမျိုး၊ တိတ်တိတ်လေး ကျိတ်ပြတာမျိုး မဖြစ်ရပဲ အများပြည်သူဝင်ရောက်ကြည့်ရှုနိုင်တဲ့ စာရင်းမျိုးဖြစ်ရမယ်လို့လည်း အီလွန်က တုန့်ပြန်စိန်ခေါ်သွားပါတယ်။

WFP က ဒေးဗစ် ဘီစလီက အများမြင်တဲ့စာရင်းအင်းမျိုးဆိုတာတော့ မကောင်းပါဘူး၊ လူအများဝင်ကြည့်နိုင်တယ်ဆိုရင် ရတဲ့ငွေအများစုက ဗျူရိုကရက်အဆင့်ဆင့်နဲ့ အရည်အချင်းမရှိ၊ စေတနာနတ္ထိ၊ ကြိုးစားအားထုတ်မှု သုည၊ တက်ကြွမှုဇီးရိုးနဲ့ လခယူကောင်းရုံ၊ အခွင့်အရေးယူကောင်းရုံလုပ်နေကြတာတွေ ပေါ်သွားမှာပေါ့၊ (အောက်ခြေကလူတွေကိုတော့ မဆိုလိုပါဘူး၊ ကိုယ့်ပြည်တွင်းကလူတွေအပေါ် စေတနာ တကယ်ထားတဲ့လူတွေလည်း ရှိနိုင်မှာပါ။ ဒါပေမဲ့ အပေါ်ပိုင်းအများစုနဲ့ စံနစ်ကိုတိုင်က အဲဒီလိုဖြစ်နေတာ အစိုးရရောအစိုးရမဟုတ်တဲ့ အဖွဲ့အစည်းအများစုမှာ ထူးမခြားနားပါပဲ။ အလုပ်ဖြစ်ဖို့ အဓိကထားတဲ့ ပုဂ္ဂလိကကဏ္ဍကတော့ ကွာပါတယ်။)  မင်းစာရင်းလိုချင်တယ်ဆိုရင် ငါတို့မှာရှိပါတယ်၊ မင်းလူတွေနဲ့ ညှိပြီး ကြည့်လို့ရအောင်လုပ်ပေးပါမယ်၊ ဒါပေမဲ့ လှို့ဝှက်တော့ ထားရမယ်လို့ ဆိုပါတယ်။

တကယ်တမ်းမှာ မနှစ်က WFP က အလှူခံရငွေက ၈.၄ ဘီလီယံ ဖြစ်ပါတယ်။ အဲဒါဆို ခုထိ ကမ္ဘာမှာ ငတ်မွတ်သူတွေ ဘာကြောင့် လျော့မသွားတာလဲဆိုတာ စဥ်းစားကြဖို့ မကောင်းဘူးလားလို့ ဉာဏ်ရည်တုပညာရှင် Eli David က ထောက်ပြသွားပါတယ်။  

အီလွန်က ငါ့ကို လှူခိုင်းတဲ့ ၆ ဘီလီယံနဲ့ ကမ္ဘာ့ငတ်မွတ်ခေါင်းပါးမှုပြဿနာကို ဘယ်လိုဖြေရှင်းမယ်ဆိုတာလေး အရင် ရှင်းပြပါဦးလို့ WFP ဒါရိုက်တာ ဒေးဗစ် ဘီစလီကို တောင်းဆိုလိုက်ပါတယ်။ ဘီစလီက ၆ဘီလီယံနဲ့တော့ ကမ္ဘာ့ငတ်မွတ်ခေါင်းပါးမှုကို မတိုက်ဖျက်နိုင်ဘူးပေါ့၊ ဒါပေမဲ့ ငတ်လို့ပြောင်းကြ ရွှေ့ကြတာတွေ နဲသွားမှာဖြစ်လို့ ပထဝီနိုင်ငံရေး တည်ငြိမ်မှုရှိလာမယ်၊ လူ ၄၂သန်းကိုလည်း ငတ်သေမယ့်ဘေးက ကယ်တင်နိုင်မယ်လေလို့ လျောချသွားပြီး လူကိုယ်တိုင်ပဲ လာဆွေးနွေးဖို့ ဖိတ်ပါတယ်။ အီလွန်ကတော့ လက်ရှိနဲ့ အဆိုပြုထားတဲ့ အသုံးစရိတ်အသေးစိတ်ကိုပဲ အရင်အများပြည်သူမြင်သာအောင် ထုတ်ပြပါဦး၊ နေရောင်က အံ့ဩဖို့ကောင်းလောက်အောင် လှပပါတယ်လို့ ပြောပါတယ်။

ယူအန်က သုံးစားမရတဲ့ အဖွဲ့အစည်းကြီး ဖြစ်နေတာ ကြာပါပြီ။ ဦးသန့်ခေတ်လောက်ကပဲ စစ်ပွဲတွေ တားနိုင် ဆီးနိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဆင်ဖြူတော်လိုအဖွဲ့ကြီးပဲ ဖြစ်နေပြီး တရုပ်လိုအာဏာရှင်တွေ ကြိုးဆွဲတိုင်း က နေရတာပါ။ ကုလ လူ့အခွင့်အရေးကောင်စီမှာ ကွန်မြူနစ်/အာဏာရှင်နိုင်ငံတွေဖြစ်တဲ့ တရုပ်၊ ကျူးဘား၊ ဗင်နီဇွဲလားနဲ့ ရုရှားတို့ ပါဝင်နေတာကိုကြည့်ရင် ကုလက အဖိနှိပ်ခံဖက်က ရပ်မလား၊ ဖိနှိပ်သူဘက်ကရပ်မှာလားဆိုတာ မြေကြီးလက်နဲ့ပုတ်သလောက် သေချာပါတယ်။

မကြာသေးခင်ကပဲ ကုလ ထွေ/ချုပ် Antonio Guterres က တာလီဘန်တွေ မိန်းမနဲ့ မိန်းကလေးငယ်တွေနဲ့ ပတ်သက်တဲ့ ကတိကဝတ်တွေကို ဖောက်ဖျက်ခဲ့တာကို ငြီးတွားနေခဲ့လို့ လူတွေက ဟားနေကြတာပါ။ အန်တိုနီယိုက တာလီဘန်အစိုးရကို ကူညီထောက်ပံ့မှုတွေ ပေးစေချင်ပါတယ်။ အာဖဂန်ရဲ့ စီးပွားရေး အသက်ရှုပေါက်ရအောင် နည်းလမ်းရှာရမယ်လို့ အကြောင်းပြပါတယ်။ အဲဒီလိုဖြစ်လာဖို့ နိုင်ငံတကာဥပဒေတွေ မူဝါဒတွေကို ချိုးဖောက်စရာ အလျော့အတင်းလုပ်စရာမလိုပဲ ဆောင်ရွက်နိုင်တာကြောင့် ကမ္ဘာ့နိုင်ငံတွေအနေနဲ့ အာဖဂန်စီးပွားရေးမဏ္ဍိုင် မပြိုလဲသွားအောင် ဝိုင်းလှူ/ကူကြဖို့ အန်တိုနီယိုက ဆော်ဩနေပါတယ်။ အီလွန်ပြောသလိုပဲ ဘာတွေ သုံးတယ်ဆိုတာ အတိအကျပြဖို့ကိုတော့ -ာပါးစပ်နဲ့ လျောက်ပြောပြီး ရှောင်ကြဦးမှာပါ။   

ယူအန်လိုအဖွဲ့တွေ မရှိရင် ဘာဖြစ်မလဲဆိုရင်တော့ ဘာမှသိပ်ထူးစရာ မရှိပါဘူး။ နိုင်ငံတွေအနေနဲ့ ပိုက်ဆံ ထည့်ရ သက်သာတာပေါ့။ ဆင်းရဲတဲ့ ဖွံ့ဖြိုးမှုနည်းတဲ့ နိုင်ငံတွေအတွက်ရောလို့ မေးရင် အရေးရယ်အကြောင်းရယ်ဆိုရင် ချမ်းသာတဲ့ အရင်းရှင်နိုင်ငံကြီးတွေက ပြည်သူတွေက လိုအပ်တဲ့နေရာတွေကို တိုက်ရိုက်ဝိုင်းလှူကြပါလိမ့်မယ်။ ပုံမှန်အနေအထားမှာဆိုရင်တော့ အဲဒီလို အရပ်ကို အသနားခံရတဲ့ ဘဝမရောက်အောင် လူ့သဘာဝနဲ့ အကိုက်ညီဆုံး၊ လူတွေရဲ့ တီထွင်ဖန်တီးမှု၊ စဥ်းစားဉာဏ်ကွန့်မြူးမှုကို အားအပေးဆုံးဖြစ်တဲ့ လွတ်လပ်တဲ့ အရင်းရှင်စံနစ်ကိုပဲ အခြေခိုင်အောင် ပျိုးထောင်ပေးသွားရင်း စျေးကွက်ကပဲ လိုအပ်ချက်တွေအားလုံးကို ညှိယူသွားမယ်၊ အစိုးရတွေကလည်း အာဏာရှင်တွေ မဟုတ်ဘူးဆိုရင် လူသားတွေရဲ့ ဆင်းရဲခြင်းအပေါင်း တော်တော်လျော့ကျသွားမှာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကမ္ဘာပေါ်က ပြဿနာတွေတော်တော်များများက အာဏာရှင်နဲ့ သူတို့ရဲ့စနစ်ဆိုးတွေကြောင့် ဖြစ်နေလို့ပါပဲ။  

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: