မနေ့က ဗာဂျီးနီးယားမှာလုပ်တဲ့ ဂါဗာနာရွေးကောက်ပွဲမှာ ဒီမိုကရက်ပါတီက ဝင်ပြိုင်သူက ၂၀၁၄-၁၈အထိ ဂါဗာနာ တကြိမ်ဖြစ်ပြီးသားပါ။ ၂၀၁၈တုန်းကတော့ ဝင်မပြိုင်ခဲ့ပါဘူး။ ဗာဂျီးနီးယားက ၂၀၂၀ သမ္မတရွေးကောက်ပွဲမှာ ဘိုင်ဒန်က ၁၅ ပွိုင့်အသာနဲ့ နိုင်ခဲ့တဲ့ ပြည်နယ်ပါ။ အစောပိုင်း စစ်တမ်းတွေအရတော့ ဒီမိုကရက် မက်ကောလစ်ဖ် က အသာရနေခဲ့ပါတယ်။၊ အဲဒီအခြေအနေကနေ အရှုံးကို လက်ခံလိုက်ရတာကတော့ သူ့မှာ ခိုင်မာတဲ့ ပေါ်လစီ မချပြနိုင်တဲ့အပြင် CRT နဲ့ပါတ်သက်လို့ စိုးရိမ်ကြတဲ့ မိဘတွေကို ကျောင်းကိစ္စတွေမှာ ဝင်မစွက်သင့်ဘူး၊၊ ဝင်စွက်ကြတဲ့လူတွေက လူဖြူကြီးစိုးရေးဝါဒီတွေလို့ စွပ်စွဲခဲ့တာမှာ သူ့ကို အစွန်းရောက်မဟုတ်တဲ့ ဒီမိုကရက်တွေကပါ လက်လန်သွားတာဖြစ်ပါတယ်။
သူမဲဆွယ်တဲ့ပုံစံက ၂၀၁၆ ကစပြီး ဒီမိုကရက်တွေ လက်ကိုင်ထားတဲ့ ထရမ့်မုန်းတီးရေးပလက်ဖောင်းကိုပဲ ဆက်လက်သုံးစွဲနေဆဲပါ။ တော်ရုံလူက အမုန်းအမဲရိုးလေး ပေးထားလိုက်ရင် ပေါ်လစီတွေ လုပ်ငန်းစဥ်တွေ ဘာမှထည့်မစဥ်းစားတော့ပဲ အမုန်းရိုးကိုပဲ အပီဆွဲကြလောက်အောင် အမုန်းက စွမ်းအားကြီးခဲ့ပါတယ်။ ဒါပေမဲ့ အချိန်တန်ရင်တော့ အမှန်တရားက ပြန်အသာရတာပါပဲ။ အထူးသဖြင့် ထရမ့်အုပ်ချုပ်တာနဲ့ ဘိုင်ဒန်အုပ်ချုပ်တာ သက်ရောက်မှုချင်း နေ့နဲ့ညလို ကွာတဲ့အနေအထားမှာ ဘယ်သူက ဘာဆိုတာ ကြည့်မယ်ဆိုရင် မြင်လောက်နေပါပြီ။ မီဒီယာတွေကလည်း ထရမ့်က ကိုဗစ်ဆိုရင် Glenn Youngkin က ဒယ်လ်တာမျိုးကွဲဆိုတဲ့ အခြေအမြစ်မရှိတဲ့ တလုံးချိုင့်စွဲချက်မျိုးနဲ့ တက်လာတဲ့အဆင့်ပါ။
ဂါဗာနာအရွေးခံရတဲ့ ယန်းကင်ကတော့ ငွေကြေးစျေးကွက်မှာလုပ်တဲ့ စီးပွားရေးသမားတဦးဖြစ်ပြီး မနှစ်ကမှ အလုပ်က အနားယူလိုက်ပြီး ပြည်နယ်အကျိုးအတွက် ပြည်သူ့ဝန်ကို ထမ်းဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ သူကတော့ အခွန်အခတွေ လျော့ပေးမယ်၊ အလုပ်အကိုင်တွေ ဖန်တီးပေးမယ်၊ မိဘတွေကို ကျောင်းရွေးချယ်ခွင့်ပေးမယ်၊ မိဘတွေအနေနဲ့ ကလေးရဲ့ ပညာရေးမှာ ပါဝင်ဖို့ အားပေးမယ်၊ အခြေခံအဆောက်အဦတွေ ပြည့်စုံခိုင်မာဖို့ ပြုလုပ်ပေးသွားမယ်၊ ရာထူးစတင်လက်ခံမယ့် ပထမရက်ကစပြီး ဘာတွေလုပ်မယ်ဆိုတာ အစီအစဥ်ဆွဲထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။
မဲဆွယ်ပွဲတလျောက် ပြောစမှတ်အဖြစ်ဆုံးကတော့ သူ့ရဲ့ စွမ်းအင်ပါပဲ။ ၅၄နှစ်အရွယ် ဂလန်ယန်းကင်ဟာ မမောနိုင်မပန်းနိုင် ဆက်တိုက် မဲဆွယ်သွားခဲ့သလို အပြာအများကြီးပိုအားကောင်းတဲ့ မြို့ပြတွေကိုတောင် ချန်မထားပဲ နှံ့နှံ့စပ်စပ်ကို သွားပြီး လူထုနဲ့ ထိတွေ့မှုတွေ ပြုလုပ်ခဲ့ပြီး သူ့ရဲ့ လုပ်ငန်းစဥ်တွေကို ချပြခဲ့တာပါ။ သူ့ကြိုးစားမှုက အရာထင်ခဲ့ပါတယ်။ အရင်အပြာက အပြတ်အသတ်နိုင်တဲ့ မြို့ကြီးတွေမှာတောင် မဲကွာဟချက်က နဲလာပါတယ်။
မနေ့က ဗာဂျီးနီးယားရွေးကောက်ပွဲက ဂါဗာနာတင်မဟုတ်ပါဘူး၊ ဒု-ဂါဗာနာ၊ ရှေ့နေချုပ်တို့ကိုလည်း သီးသန့်စီ ရွေးကောက်ခဲ့ကြသလို ပြည်နယ်လွှတ်တော်အတွက်လည်း ရွေးကောက်ပွဲလုပ်ခဲ့ပါတယ်။ အနိုင်ရရှိသွားတဲ့ ဒု-ဂါဗာနာကလည်း ရီပါဘလစ်ကန်ပါတီက Winsome Sears ဖြစ်ပြီး ဗာဂျီးနီးယားသမိုင်းမှာ လူထုနဲ့ဆိုင်တဲ့ ရာထူးအတွက် အရွေးခံရတဲ့ ပထမဆုံး လူမည်းအမျိုးသမီး ဖြစ်လာပါတယ်။ သူက လူမည်း၊ အမျိုးသမီးဆိုပေမယ့် သူဘာဆိုတာက အရေးမကြီးပါဘူး၊ ဗာဂျီးနီးယားပြည်သူအားလုံးအဆင်ပြေဖို့က အဓိကကျပါတယ်လို့ ဆိုပါတယ်။
သူ့မိဘက ဂျမေကာကနေ အမေရိကန်ကို civil rights movement တွေ အရှိန်အမြင့်ဆုံးအချိန်မှာ $1.75 ထဲနဲ့ ဝင်ရောက်လာခဲ့ပြီး ရသမျှအလုပ် ကျုံးလုပ်ရင်း တဖက်ကျောင်းတက်ကာ နှစ်အတန်ကြာမှာတော့ ကလေးတွေကို ခေါ်ယူနိုင်ခဲ့ပါတယ်။ ဝင်ဆမ်က သူဟာ အမေရိကန်အိပ်မက်ပါ၊ အမေရိကန်ဟာ လူမျိုးရေးခွဲခြားတဲ့ တိုင်းပြည်မဟုတ်ဘူးဆိုတာ သူကိုယ်တိုင်က သက်သေပါပဲလို့ ပြောသွားပါတယ်။ အခုရွေးကောက်ပွဲမတိုင်ခင်က သူမဟာ ပြည်နယ်လွှတ်တော်က အမတ်တဦးဖြစ်ပါတယ်။
ဗာဂျီးနီးယားရှေ့နေချုပ်ရွေးကောက်ပွဲမှာလည်း ရီပါဘလစ်ကန် Jason Miyares က အနိုင်ရသွားပါတယ်။ ရှေ့နေချုပ်ရာထူးကို ရီပါဘလစ်ကန်ရတာဆိုတော့ မဲမသမာတာတွေ၊ လူကောင်းက လူဆိုးဖြစ်အောင် ဆွဲချတာတွေ၊ လူဆိုးကို ပ’စားပေးတာတွေကနေ ကာကွယ်နိုင်ပြီး တရားတဲ့ဥပဒေစိုးမိုးဖို့ အထောက်အကူဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ဗာဂျီးနီးယားပြည်နယ် အောက်လွှတ်တော်မှာလည်း ၂၀၀၅ ခုနှစ်ကတည်းက ၅၅-၄၅နဲ့ ဒီမိုကရက်တွေကြီးစိုးထားတာကနေ မနေ့က ရွေးကောက်ပွဲမှာ ရီပါဘလစ်ကန်အများစု ၅၁-၄၈-၁ နဲ့ အနိုင်ရခဲ့ပါတယ်။ မဲခရိုင်ပေါင်း ၅၉ခုရှိတာမှာ ၅၈က ၂၀၁၇နဲ့စာရင် ညာဖက်ကို ယိမ်းသွားခဲ့တယ်လို့ ဆိုပါတယ်။ မိဘတွေနဲ့ ကျောင်းအုပ်ချုပ်ရေးအဖွဲ့နဲ့ ပြဿနာတက်ကြတဲ့ Loudoun ကောင်တီမှာ ညာဖက်ကို ၁၀ point တိုးလာပါတယ်။
နယူးဂျာစီမှာတော့ ဒီမိုကရက်ပါတီက လက်ရှိဂါဗာနာ Phil Murphy က ရီပါဘလစ်ကန်စိန်ခေါ်သူကို ၅၀.၂ – ၄၉% နဲ့ အနိုင်ရခဲ့လို့ အနှစ် ၄၀အတွင်း ပြန်လည်အရွေးခံရတဲ့ ပထမဆုံး ဒီမိုကရက်ဂါဗာနာ ဖြစ်လာပါတယ်။ မဲအရေအတွက် အရမ်းကပ်နေလို့ ဒီနေ့ညနေမှ အနိုင်အရှုံးကြေငြာနိုင်ခဲ့တာပါ။ ပြည်နယ်အထက်လွှတ်တော်မှာတော့ ဒီမိုကရက်တွေက ၁၉နေရာအနိုင်ရပြီး ရီပါဘလစ်ကန်တွေက ၁၂နေရာ နိုင်နေပါတယ်၊ ကျန်တဲ့ ၉နေရာက အဖြေမသိရသေးပါဘူး။ ပြည်နယ်အောက်လွှတ်တော်မှာ ဒီမိုကရက်က နေရာ၂၀ အနိုင်ရထားပြီး ရီပါဘလစ်ကန်က ၁၀နေရာနဲ့ မဆုံးဖြတ်နိုင်သေးတာ နေရာ ၅၀ ဖြစ်ပါတယ်။
နယူးဂျာစီရွေးကောက်ပွဲမှာ ပြောစမှတ်ပြုလောက်တာတခုကတော့ လက်ရှိပြည်နယ်အထက်လွှတ်တော်ဥက္ကဌ ဒီမိုကရက် စတိဗ် ဆွီနီကို စိန်ခေါ်တဲ့ ရီပါဘလစ်ကန်ပြိုင်ဖက် ထရပ်ကားမောင်းသူက မဲ ၂၀၀၀ ကျော် အသာနဲ့ ဦးဆောင်နေတာဖြစ်ပါတယ်။ အဲဒီထရပ်ကားမောင်းသူက မဲဆွယ်ပွဲအတွက် $153 ပဲ သုံးထားတာက ဆွီနီအတွက် ပိုပြီး အခံရခက်စေမှာပါ။
မနှစ်က ဂျော့ဖလွိုက်ကိစ္စဖြစ်သွားခဲ့တဲ့ မင်နီဆိုးတားပြည်နယ်မှာ ရဲအင်အားကို ၁၀ယောက်မှာ ၁ယောက်နှုန်း ဖြုတ်ပစ်ဖို့ အဆိုပြုချက်ကိုတော့ ပြည်နယ်သူ/သားများက ၅၆-၄၄ နဲ့ ပယ်ချခဲ့ကြပါတယ်။ ရီပါဘလစ်ကန်အားလုံးက ဒီအဆိုကို ဆန့်ကျင်ကြမှာ သေချာပေမယ့် ဒီမိုကရက်တွေကြားထဲမှာတောင် မထောက်ခံတဲ့လူတွေ ရှိနေတဲ့ သာဓကပါပဲ။ အဲဒီအဆိုသာ အောင်မြင်သွားခဲ့ရင် လူဦးရေအလိုက် ရဲလိုအပ်ချက်သတ်မှတ်ထားတာတွေ ပြည့်မှီဖို့ မဖြစ်နိုင်တော့ပါဘူး။ အထူးသဖြင့် ဘီအယ်လ်အမ်တွေ၊ အန်တီဖာတွေ သောင်းကျန်းတဲ့ နေရာမှာ ရဲတွေ မနိုင်ဝန်ထမ်းရင် ဘာဖြစ်မယ်ဆိုတာတော့ ပြောစရာမလိုဘူး ထင်ပါတယ်နော်။
တက္ကဆက်စ်ပြည်နယ်က ဟစ်စ်ပန်နစ် ၇၅% ရှိတဲ့ မဲခရိုင်တခုမှာ အစဥ်အလာအရ ဒီမိုကရက်တွေ နိုင်လေ့ရှိတာကနေ မနေ့က ရွေးကောက်ပွဲမှာတော့ ရီပါဘလစ်ကန် နိုင်သွားခဲ့ပါတယ်။ ဟစ်စ်ပန်နစ်တွေက များသောအားဖြင့် ကက်သလစ်တွေဖြစ်ကြပြီး မိသားစုဘဝကို အလေးထားကြသူများ၊ ကိုယ်ပိုင်အလုပ်လုပ်သူများလည်း ဖြစ်ကြပါတယ်။ တက္ကဆက်စ်တောင်ပိုင်းက လက်တီနိုတွေသာ မက္ကဆီနဲ့ ပါတ်သက်တဲ့ သမိုင်းကြောင်းရှိတာကို အမြတ်တနိုး ဂုဏ်ယူတတ်ကြပေမယ့် တော်တော်များများက သူ့တို့ကိုယ်သူတို့ immigrant တွေ၊ အရောင်ရှိသူတွေလို့ မသတ်မှတ်ကြတဲ့အတွက် အရောင်နဲ့ လူမျိုးကို သိပ်အသားပေးလွန်းတဲ့ ဒီမိုကရက်တွေနဲ့ တဖြည်းဖြည်း ဝေးလာတဲ့ပုံ ဖြစ်နေပါတယ်။ ၂၀၂၀ရွေးကောက်ပွဲတုန်းကတော့ တောင်ပိုင်းတက္ကဆက်စ်က လာတီနိုတွေ ထရမ့်ဘက်ကို ပြောင်းပြီး မဲပေးကြတာတွေ စံချိန်တင် တိုးလာခဲ့ပါတယ်။ ထရမ့်အစိုးရရဲ့ နယ်စပ်ပေါ်လစီတွေကြောင့်လည်း ဖြစ်နိုင်သလို တနိုင်တပိုင် စီးပွားလုပ်ကြတဲ့ လာတီနိုတွေအတွက် စီးပွားလုပ်ရတာ အဆင်ပြေတာရယ်၊ အခွန်သက်သာတော့ ပိုသုံးနိုင်၊ လုပ်ငန်းတိုးချဲ့နိုင်တာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။
နယူးယောက်မြို့ဝန်ရွေးကောက်ပွဲမှာတော့ ရဲအရာရှိဟောင်းတဦးဖြစ်တဲ့ Eric Adams က ရာဇဝတ်မှုတွေနဲ့ ရဲတွေထဲ အာဏာအလွဲသုံးတာတွေကို ဖိဖိစီးစီး ကိုင်တွယ်မယ်ဆိုတဲ့ ကတိနဲ့ အနိုင်ရခဲ့ပါတယ်။ အဲရစ်က လက်ရှိဒီမိုကရက်ပါတီဝင်ဖြစ်ပြီး သူ့ဘဝမှာ ဒီမိုကရက်အနေနဲ့ ရပ်တည်ခဲ့တာများပေမယ့် ရီပါဘလစ်ကန်အဖြစ်လည်း ၄နှစ် ရပ်တည်ခဲ့ဖူးပါတယ်။ သူကတော့ နယူးယောက်မြို့ဝန်သမိုင်းမှာ ဒုတိယမြောက် လူမည်းဖြစ်ပါတယ်။
ဘော်စတွန်မြို့မှာတော့ သူ့ကိုယ်သူ အမေရိကန်အင်ဒီးယန်းပါလို့ ကြွေးကြော်လေ့ရှိတဲ့ လူဖြူအမျိုးသမီး အဲလစ်ဇဘက် ဝါရင်ရဲ့ တပည့် လက်ဝဲစွန်း မီရှဲလ်ဝူက အလယ်အလတ်ဒီမိုကရက်ပြိုင်ဖက်အပေါ် အနိုင်ရပြီး မြို့ဝန်ဖြစ်သွားပါတယ်။ အဲဒီမတိုင်ခင်ကတော့ သူက မြို့တော်ကောင်စီဝင်တဦးဖြစ်ပါတယ်။
Pittsburg မှာ လက်ဝဲစွန်း ပရိုဂရက်ဆစ်တဦးဖြစ်တဲ့ ပြည်နယ်လွှတ်တော်အမတ် အက်ဒ် ဂိန်နီက မြို့ဝန်အဖြစ် အရွေးခံရတာကြောင့် ပထမဆုံး လူမည်းမြို့ဝန်ဖြစ်လာမှာပါ။ Cleveland မှာတော့ ပရိုဂရက်ဆစ်တွေထောက်ခံတဲ့ Justin Bibb က မြို့ဝန်ဖြစ်လာမှာပါ။
မနေ့က ရွေးကောက်ပွဲနဲ့ ပါတ်သက်ပြီး CNN က သုံးသပ်ထားတာကတော့
- ဗာဂျီးနီးယားက တချိန်လုံး ပြာနေခဲ့တာက မနေ့က နီသွားပါပြီ။
- ရီပါဘလစ်ကန်တွေက စီးပွားရေးနဲ့ ပညာရေးကို အာရုံစိုက်လုပ်ပါတယ်။
- မဲပေးသူတွေက ကိုဗစ်ကာလတုန်းကနဲ့ မတူတော့ပါဘူး။
- ထရမ့်ကိုပဲ တချိန်လုံးတိုက်ခိုက်နေတာက အလုပ်မဖြစ်တော့ပါဘူး။
- နယူးဂျာစီမှာ မဲနဲနဲလေးအသာနဲ့ သိုးကာသီကာ အနိုင်ရလိုက်တာဟာ ဒီမိုကရက်တွေအတွက် မကောင်းပါဘူး။
- ရွေးကောက်ပွဲတွေက လူထုဆန္ဒကို ထင်ဟပ်နေပါသေးတယ်။
- မင်နီယားပုလိစ်မှာ ရဲတပ်ဖွဲ့ကို အခြေခံကျကျ ပြုပြင်ပြောင်းလဲ(ဖြုတ်ထုတ်သတ်) လုပ်ဖို့ကို မဲပေးသူတွေက ကန့်ကွက်ခဲ့ကြပါတယ်။
- မြို့ဝန်ရွေးကောက်ပွဲတွေကတော့ ပြောရခက်ပါတယ်၊ နယူးယောက်မှာ အလယ်အလတ်သမားနိုင်ပေမယ့် တခြားနေရာတွေမှာ လက်ဝဲစွန်းတွေ နိုင်ခဲ့တာက သမိုင်းမှာ ကဏ္ဍသစ် ဖွင့်လိုက်သလိုပါပဲ။