သုတေသနပြုလုပ်ချက်အသစ်တခုအရ အမေရိကန်မှာ အသုံးပြုနေတဲ့ ကိုဗစ်ကာကွယ်ဆေး ၃မျိုးအနက် ၂မျိုးက ထိုးပြီး ၆လလောက်ကြာရင် ကာကွယ်နိုင်စွမ်းက ၅၀% အောက်ကို ကျသွားတယ်လို့ ဆိုပါတယ်။ မော်ဒါးနားဆေးက ၂ကြိမ်ထိုးပြီးချိန်မှာ ကာကွယ်နိုင်စွမ်းက ၈၉.၂% ရှိပေမယ့် စက်တင်ဘာမှာကျတော့ ၅၈% ပဲ ကျန်တော့တယ်လို့ သိရပါတယ်။ ဖိုင်ဇာဆေးက မူလ ၈၆.၉% ကနေ ၄၃.၃ % ကို ကျဆင်းသွားပြီး ဂျွန်ဆင်အန်ဂျွန်ဆင်က မူလ ၈၆.၄ % ကနေ ၁၃.၁ % ကို ကျဆင်းသွားတာပါ။ ဆေး ၂ကြိမ်ထိုးအပြီးမှာ ဆေးရုံတင်ရတဲ့အခြေအနေ မရောက်အောင် ကာကွယ်ပေးနိုင်မှုက မော်ဒါးနား 95%၊ ဖိုင်ဇာ 80% နဲ့ ဂျွန်ဆင်အန်ဂျွန်ဆင် 60% ဖြစ်ပါတယ်။ စစ်ပြန် ၅သိန်းအပေါ် လေ့လာမှုတွေအရ တကြိမ်သာ ထိုးရတဲ့ ဂျွန်ဆင်က မတ်လတုန်းက ကာကွယ်နိုင်မှု ၈၈% ရှိခဲ့ပေမယ့် ဩဂုတ်လလယ်မှာ ကာကွယ်ပေးနိုင်မှူ ၃% ပဲ ကျန်တော့တာပါ။ အဲဒီလေ့လာမှုမှာ အချိန်တူ ကာလအတွင်း မော်ဒါးနားက ကာကွယ်ပေးနိုင်မှု ၉၂% ကနေ ၆၄% ပဲကျန်တော့တာဖြစ်ပြီး ဖိုင်ဇာက ၉၁% ကနေ ၅၀% ဖြစ်သွားတာပါ။အသက် ၆၅နှစ်တွေကို အသက်ဆုံးရှုံးမယ့်ဘေးက ကာကွယ်နိုင်မှုမှာတော့ မော်ဒါးနားက 75.5%၊ ဖိုင်ဇာက 70.1% နဲ့ ဂျွန်ဆင်က 52.2% ဖြစ်ပါတယ်။ ငယ်ရွယ်တဲ့သူတွေကြား ထိရောက်စွာ ကာကွယ်နိုင်မှုမှာတော့ မော်ဒါးနားက 84.3%၊ ဖိုင်ဇာက 81.5% နဲ့ ဂျွန်ဆင်က 73% ဖြစ်နေပါသေးတယ်။ အစ္စရေးက သုတေသီတွေကတော့ ဖိုင်ဇာက ကူးစက်မှုကာကွယ်ပေးရာမှာရော ရောဂါပြင်းထန်လာမှုမှ ကာကွယ်ပေးရာမှာပါ ထိရောက်မှု နဲတယ်လို့ဆိုပါတယ်။ ဆွီဒင်က သုတေသီတွေကတော့ ဖိုင်ဇာက ဆေးထိုးအပြီး ၁၅ရက်ကနေ ရက် ၃၀အကြာမှာ ၉၂% ထိရောက်တာကနေ ရက် ၁၂၁-၁၈၀ ကြာတဲ့အခါမှာ ၄၇% ပဲ ထိရောက်တော့တယ်လို့ ဆိုပါတယ်။ မော်ဒါးနားကလည်း ထိရောက်မှုနှုန်း ကျဆင်းပေမယ့် ၁၈၁ရက် နောက်ပိုင်းမှာတောင် ကာကွယ်ပေးနိုင်မှုရှိနေသေးတယ်လို့ သိရပါတယ်။မော်ဒါးနားဆေးက တခါထိုးကို 100 mcg နဲ့ ၄ပတ်ခြားထိုးရပြီး ဖိုင်ဇာက တခါထိုးကို 30 mcg နဲ့ ၃ပတ်ခြား ထိုးရတာပါ။ ဂျွန်ဆင်ကတော့ ၅၀ ဘီလီယံပါ။ ထိုးပေးတဲ့ ပမာဏ အများကြီး ပိုများတဲ့အပြင် ၄ပတ်ခြားတာက မော်ဒါးနားဆေးရဲ့ ပိုထိရောက်တဲ့ အကြောင်းရင်းဖြစ်မယ်လို့ သုံးသပ်ကြပါတယ်။ ဘိုင်ဒန်အစိုးရရဲ့ စွမ်းအင်ဝန်ကြီး ဂျနီဖာ ဂရန်ဟုမ်ကို ပြီးခဲ့တဲ့အပတ်တုန်းက အမေရိကန်မှာ လောင်စာဆီဈေးတွေ တက်နေတာကို လျော့ချဖို့ ပြည်တွင်းလောင်စာထုတ်လုပ်မှုကို တိုးမြှင့်သွားဖို့ အစီအစဥ် ရှိ/မရှိ မေးမြန်းရာမှာ သူမက ဟားတိုက်ပျက်ရယ်ပြုခဲ့ပြီး ရီရတယ်ဟ၊ မင်းတို့ သိတဲ့အတိုင်း လောင်စာဆီက ကမ္ဘာ့စျေးကွက်လေ၊ အဲဒါကို ထိန်းချုပ်နေတာ ဂိုဏ်းချုပ်ကြီး၊ အိုပက်လို့ခေါ်တယ်၊ မနေ့ကပဲ သူတို့လက်ရှိလျာထားတာထက် ပိုမထုတ်ဘူးလို့ ဆုံးဖြတ်လိုက်ပြီ လို့ ပြန်ဖြေခဲ့ပါတယ်။ ဘိုင်ဒန်က အိုပက်ကို တိုးထုတ်ဖို့ တောင်းပန်ထားတာပါ။ ပြည်တွင်းမှာ ဈေးပေါပေါ လွယ်လွယ်ရနိုင်နေပါလျက်နဲ့ အပြင်က ဈေးကြီးပေးဝယ်ချင်တာ အဓိပ္ပါယ်မရှိသလို ဆီဈေးများလို့ ပြည်သူတွေ အခက်အခဲဖြစ်နေတာကို လှောင်ပြောင်စော်ကားတာကလည်း လုံးဝ မဖြစ်သင့်တဲ့ ကိစ္စပါ။ဘိုင်ဒန်နဲ့ သူ့အစိုးရအဖွဲ့ဝင်တွေရော သူတို့ကို မျက်စိမှိတ်ထောက်ခံနေသူတွေရောကို မေးချင်တာက သမ္မတထရမ့်တက်လာပြီး ၆လအတွင်းမှာ ပြည်တွင်းလောင်စာဖူလုံဖို့ တွန်းလုပ်ခဲ့တာကို မသိကြတာလား။ ပြည်တွင်းလောက်ငရုံတင်မက ကမ္ဘာ့ နံပါတ်တစ် လောင်စာထုတ်လုပ်သူအဆင့်ပါ သက်သက်သာသာလေး ရောက်သွားနိုင်တဲ့ အခြေအနေကနေ ကိုယ့်အကျိုးစီးပွား မလိုလားဆုံးလူတွေဆီမှာ အောက်ကျ နောက်ကျ ခယနေရတာက မသိလို့ဆိုတာထက် အကျပ်အတည်းတွေ ဖန်တီးပြီး နိုင်ငံရေးအမြတ်ထုတ်ချင် တာလား၊ ကိုယ်ကျိုးစီးပွားနဲ့ ပါတ်သက်နေလို့ သိသိချည့်နဲ့ တွန်းနေသလားဆိုတာကိုတော့ စဥ်းစားကြဖို့ လိုပါတယ်။ဒီမိုကရက်တွေ တွန်းနေတဲ့ ဘဒ်လ်ဘက်ဘီအက်စ်ဘေလ်မှာ ပြည်တွင်းအခွန်ဝန်ထမ်းအင်အားကို လက်ရှိထက် ၈၇,၀၀၀ ထပ်တိုးဖို့ အစီအစဥ်ပါဝင်နေပါတယ်။ လက်ရှိလည်း ဒီမိုကရက်ပါတီရဲ့ လက်ကိုင်ဒုတ်အဖြစ် ခြစားတာထင်ရှားနေတဲ့ ထိပ်ပိုင်းပုဂ္ဂိုလ်များကို ဟန်ဆောင်ပန်ဆောင်တောင် စစ်ဆေးမှုမပြုပဲ ရီပါဘလစ်ကန်ဖက်က နာမည်ရလာသူများနဲ့ စစ်ပြန်များကို ကူညီသူ၊ ကိုယ်ဝန်ဖျက်ချမယ်စဥ်းစားရာက စိတ်ပြောင်းလာတဲ့ မိန်းကလေးတွေကို ကူညီစောင့်ရှောက်သူ စတဲ့အဖွဲ့တွေ လူတွေကိုတော့ အညှိုးတကြီး ဘီးစိတ်နဲ့ အကြိမ်ကြိမ်တိုက်စစ်သလို အပြစ်မရှိ အပြစ်ရှာကြတာတွေက အိုဘားမားလက်ထက်ကထဲက ရှိနေခဲ့တာပါ။ (မ)တရားရေးမှာ ဆိုရော့စ်လူတွေက ကျောထောက်နောက်ခံ အဆက်အသွယ်ကောင်းပြီး ငွေလုံးငွေရင်းသုံးပြီး ရာထူးတွေရယူထားချိန်မှာ အိုင်အာအက်စ်နဲ့ အက်ဖ်ဘီအိုင်တို့က ပါတီတခုရဲ့ ခါးပိုက်ဆောင်အဖြစ် အင်အား ကြီးထွားလာမယ်ဆိုရင် သူတို့ကို ဆန့်ကျင်မှရယ် မဟုတ်တော့ပါဘူး။ သူတို့ထဲက ကိုယ့်ကို ကြည့်မရတဲ့ တဦးဦးက ဂျောက်ချလိုက်တာနဲ့ကို ပြဿနာအကြီးကြီး တက်သွားနိုင်ပါတယ်။ တရားဥပဒေစိုးမိုးဖို့ ဆိုတာ ဘယ်ပါတီနဲ့မှ မဆိုင်ပဲ လူ့အသိုင်းအဝိုင်းမှာ အမြဲတမ်းရှိနေရမယ့်အရာပါ။ တရားဥပဒေ မစိုးမိုးတော့ဘူးဆိုရင် အမှန်တရားက ဘယ်လောက်ပဲ ထင်ရှားနေပါစေ မျက်နှာပြောင်နဲ့ လီဆယ်အမိန့်ချတာကို အံကြိတ် မျက်ရည်သုတ်ပြီး ရင်ဆိုင်ရမယ့်နေ့တွေ ရောက်လာပါလိမ့်မယ်။