ဂျာမန်ကျန်းမာရေးအရာရှိတွေက တခြားဥရောပနိုင်ငံတွေလိုပဲ ကိုဗစ်ကာကွယ်ဆေးထဲမှာ မော်ဒါးနားက နှလုံးကြွက်သား ယောင်ယမ်းတာနဲ့ နှလုံးပတ်ပတ်လည်က တစ်ရှုးတွေ ယောင်ယမ်းတာ တွေက အသက် ၃၀အောက်လူငယ်တွေမှာ ပိုဖြစ်တတ်တဲ့အတွက် အသက် ၃၀အောက်တွေကို တခြားတံဆိပ်ထိုးဖို့ အကြံပြုထားပါတယ်။ ဖြစ်နှုန်းကတော့ ၁၈-၂၉နှစ်ကြား အမျိုးသားတွေမှာ လူတသိန်းကို ၁၁.၇၁ဦးဖြစ်ပြီး ဖိုင်ဇာကတော့ ၄.၆၈ဦးဖြစ်ပါတယ်။ အလားတူအသက်အုပ်စုက အမျိုးသမီးတွေမှာတော့ မော်ဒါးနားက လူတသိန်းမှာ ၂.၉၅ ဦးနဲ့ ဖိုင်ဇာက ၀.၉၇ဦး ဖြစ်ပါတယ်။
အသက် ၁၂-၁၇ အမျိုးသားအုပ်စုမှာတော့ လူတသိန်းကို ၁၁.၄၁ဦးဖြစ်ပြီး ဖိုင်ဇာက ၄.၈၁ ဖြစ်ပါတယ်။ အဲဒီအသက်အုပ်စုက အမျိုးသမီးတွေအတွက်တော့ ဒေတာ မရှိသေးပါဘူး။ မနေ့က မော်ဒါးနားက European Medicines Agency ကို အသက် ၆နှစ်က ၁၁နှစ်တွေအတွက် လူကြီးတခါထိုးရဲ့ တဝက်ဖြစ်တဲ့ 50mcg ထိုးခွင့်ပေးဖို့ လျောက်ထားလိုက်ပါတယ်။ ဆုံးဖြတ်ချက်ချဖို့တော့ ၂လလောက် ကြာမယ်လို့ EMA တာဝန်ရှိသူတွေက ကနေ့ တုန့်ပြန်ခဲ့ပါတယ်။
နောက်သတင်းတပုဒ်မှာတော့ မော်ဒါးနားက ၆လနဲ့အထက် ကလေးငယ်တွေအပေါ် ကိုဗစ်ကာကွယ်ဆေး စမ်းသပ်နေတယ်လို့ သိရပါတယ်။ ခုထိတော့ ကလေးငယ်ငယ်လေးတွေမှာ ကိုဗစ်ကူးစက်မှုနှုန်း အင်မတန်နဲပါးပြီး ဖြစ်လာရင်လည်း အသက်ဆုံးရှုံးတာ မရှိသလောက်ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဒီမိုကရက်တွေ တက်နေသ၍ အကြောက်တရားနဲ့ ဖြဲချောက်ပြီး မွေးကင်းစတွေကိုပါ ဆေးမထိုးခိုင်းဘူးလို့ မပြောနိုင်တဲ့အခြေအနေပါ။ အမေရိကန်မှာ ဆေးအသစ်တွေ စမ်းသပ်မယ်ဆိုရင် စိတ်ဝင်စားသူများ ပါဝင်နိုင်ဖို့ ခေါ်ယူကြပြီး အခကြေးငွေပေးပြီး ဆွဲဆောင်တာမျိုးလည်း ရှိပါတယ်။ ကလေးငယ်လေးတွေနဲ့ ပတ်သက်လာရင်တော့ မိဘက ဆုံးဖြတ်ရပါတယ်။
အခုမှ ကောင်းကျိုး ဆိုးကျိုး စီစစ်နေဆဲဖြစ်တဲ့ ဆေးတွေကို မထိုးမနေရဆိုတာကတော့ ဘာသိပ္ပံပညာ၊ ဘာကျိုးကြောင်းဆက်စပ်မှုမှ မရှိတဲ့ အာဏာပြခြင်းတမျိုးပဲ ဖြစ်လို့ ဘယ်လွတ်လပ်တဲ့ လူ့ဘောင်မှာမှ မလုပ်သင့်တဲ့ကိစ္စ ဖြစ်ပါတယ်။
ကျန်းမာရေးဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီကြီးတခုဖြစ်တဲ့ ကိုင်ဇာက စိတ်ကျန်းမာရေးဝန်ထမ်းနဲ့ ကုသမှုပေးသူ ၂၀၀၀ လောက်က အလုပ်မဆင်းပဲ တရက်ကြာ ဆန္ဒပြကြမှာဖြစ်ပါတယ်။ ကိုင်ဇာတာဝန်ရှိသူတွေက လုပ်ခတိုးပေးဖို့နဲ့ လူတိုးခန့်ဖို့ ညှိနှိုင်းတာ အဆင်မပြေတဲ့အတွက် ကန်ထရိုက်မရှိပဲ အလုပ်ဆင်းနေရတာ အောက်တိုဘာ လဆန်းထဲက ဖြစ်ပါတယ်။ စိတ်ကျန်းမာရေးလိုအပ်နေသူတွေအနေနဲ့ တပတ်တခါ ကုသပေးသူနဲ့ တွေ့ဖို့ လိုအပ်တာမှာ အခုဆို ရက်ချိန်းရဖို့ တလကနေ ၃လလောက်အထိ စောင့်နေရတာဖြစ်လို့ စိတ်ကျန်းမာရေးလိုအပ်နေသူတွေ အတွက် သိပ်အဆင်ပြေမနေပါဘူး။ ဒီကြားထဲ ဗက်ဆင်းမန်ဒိတ်နဲ့ ဆိုတော့ ပိုဆိုးဖို့ပဲ ရှိတော့တာပေါ့။ အများပြည်သူကျန်းမာရေးနဲ့ ဆိုင်တဲ့ ကိစ္စေဖြစ်တဲ့အတွက် ကုမ္ပဏီဘက်က ဘာအခက်အခဲတွေ ရှိနေသလဲဆိုတာ ကျန်းမာရေးဌာန/အုပ်ချုပ်သူတွေက ဝင်မေးမယ် ညှိနှိုင်းပေးမယ်၊ အစိုးရဖက်က လုပ်နိုင်တာ လုပ်ပေးမယ်ဆိုရင်တော့ အဆင်ပြေမှာပါ။ အစိုးရဖက်က လုပ်နိုင်တာဆိုတာက ဘတ်ဂျက်ချပေးတာ၊ အထောက်အပံ့ပေးတာကို ပြောတာမဟုတ်ပါဘူး၊ အဲဒါတွေက ဆေးမြှီးတိုတွေပါ။ အခွန်အခနဲ့ ဥပဒေ ဝန်ထုတ်ဝန်ပိုးတွေ လျော့ချပေးတာကမှ ရည်ရှည်ခံတဲ့ တိုးတက်မှုကို ရမှာပါ။
အမေရိကန်နိုင်ငံရဲ့ ငွေဖောင်းပွမှုဟာ မနှစ်က အောက်တိုဘာနဲ့ ပြီးခဲ့တဲ့အောက်တိုဘာကြား ၆.၂% တက်သွားခဲ့လို့ အနှစ် ၃၀အတွင်း တနှစ်တာ အမြင့်ဆုံးတက်ခဲ့တာဖြစ်ပါတယ်။ အောက်တိုဘာတလထဲမှာတင် ငွေဖောင်းပွမှုက ၀.၉% တက်သွားတာဖြစ်ပြီး စီးပွားရေးပညာရှင်တွေ မှန်းခဲ့တာက ၀.၆% ဖြစ်ပါတယ်။ တနှစ်ထက်တနှစ်တက်တာကိုတော့ စီးပွားရေးပညာရှင်တွေက ၅.၉% လို့ မှန်းခဲ့ကြတာပါ။
ဈေးတက်အကြမ်းဆုံးကဏ္ဍတွေကတော့ ဓါတ်ဆီ(လောင်စာဆီ)၊ ကားဟောင်းများနဲ့ စားသောက်ကုန်တွေပဲဖြစ်ပါတယ်။ အောက်တိုဘာလထဲမှာ ဓါတ်ဆီဈေး ၁၂.၃% တက်သွားပြီး မနှစ်ကနဲ့ ယှဥ်ရင်တော့ ၅၉.၁% တက်သွားတာပါ။ စွမ်းအင်စျေးကတော့ အောက်တိုဘာမှာ ၄.၈% တက်ပြီး တနှစ်တာအတွင်းမှာ ၃၀% တက်ခဲ့တာဖြစ်ပါတယ်။ တပတ်ရစ်ကားဈေးက အောက်တိုဘာလထဲမှာ ၂.၅% တက်သွားပြီး တနှစ်အတွင်းတက်တာက ၂၆.၄% ဖြစ်ပါတယ်။ ကားသစ်ဈေးကတော့ အောက်တိုဘာမှာ ၁.၄% နဲ့ တနှစ်အတွင်းတက်တာ ၉.၈% ဖြစ်ပါတယ်။ စားသောက်ကုန်တွေက အောက်တိုဘာမှာ ၀.၉% နဲ့ တနှစ်တာမှာ ၅.၃% တက်ခဲ့တာပါ။ အဲဒီထဲကမှ အသား ငါးနဲ့ ဥဈေးက ၁.၇% နဲ့ ၁၁.၉% တက်ခဲ့ပါတယ်။
ငွေဖောင်းပွမှုကို ဘိုင်ဒန်အစိုးရတာဝန်ရှိသူတွေက ယာယီပါလို့ ဖော့ပြောနေကြပြီး စိုးရိမ်တဲ့သူတွေကို ပျက်ရယ်ပြုခဲ့ကြပေမယ့် နံပါတ်တွေကတော့ မှန်းတာထက် ပိုဆိုးတဲ့ဘက်ကို ပြနေပါပြီ။ ဒီနှုန်းအတိုင်းတက်သွားရင် နောက် ၆လဆိုရင် ဘယ်လောက်တွေတောင် ဖြစ်နေမလဲ တွေးကြည့်ကြပေါ့။ ဒီနှုန်းအတိုင်းဖြစ်ဖို့ဆိုတာထက် ပြေလည်ရာပြေလည်ကြောင်း ဘာမှလုပ်နေတဲ့အပြင် ပြဿနာကိုပါ အသိအမှတ်မပြုနေတော့ ပိုဆိုးဖို့ပဲ ရှိတော့တယ်လို့ ဆိုရမှာပါ။
ဘိုင်ဒန်အစိုးရရဲ့ ဘဏ္ဍာရေးဝန်ကြီးဌာက ငွေကြေးထိန်းချုပ်မှုရုံးကို ဦးဆောင်မယ့်သူအဖြစ် အမည်စာရင်းတင်သွင်းထားတဲ့ ကောနယ်လ်တက္ကသိုလ်က ဥပဒေပါမောက္ခဖြစ်သူ Saule Omarova က ကောလိပ်မှာကတည်းက အမေရိကန်ကိုမုန်းပြီး ဆိုဗီယက်ကို အထင်ကြီးအားကျတဲ့ လက်ဝဲစွန်း မာ့က်စ်ဝါဒီတဦးဖြစ်ခဲ့ပြီး မာ့က်စ်ဝါဒနဲ့ ပတ်သက်တဲ့ စာတမ်းတွေ ရေးခဲ့သလို အာဏာရှင်နိုင်ငံတွေ မှာသာသုံးတဲ့ the National Investment Authority စတဲ့ ဗဟိုချုပ်ကိုင်တဲ့စနစ်တွေကို အဆိုပြုခဲ့တာဖြစ်ပါတယ်။ အခုထပ်မံထွက်ပေါ်လာတာကတော့ သူမရဲ့ ရေနံ၊ ဓါတ်ငွေ့နဲ့ ကျောက်မီးသွေးလုပ်ငန်းရှင်အငယ်လေးတွေ အများစုက မကြာခင် ဒေဝါလီခံရမှာဖြစ်ပြီး အဲဒါဟာလည်း ရာသီဥတုပြောင်းလဲတာကို ကုစားဖို့အတွက် ငါတို့က အဲဒီလို ဖြစ်စေချင်နေတာနဲ့ အကိုက်ပဲလို့ မတ်လတုန်းက ပြောခဲ့တဲ့ဗီဒီယိုပါ။ နောက်ဗီဒီယိုကလစ်တခုမှာတော့ ကာဗွန်လုပ်ငန်းရှင်တွေကို ချွေပြစ်ဖို့ သူတို့ဆီကို စီးဝင်နေတဲ့ ငွေအရင်းအမြစ်တွေကို မရှိတော့အောင် လုပ်ထားမှပဲဖြစ်မယ်လို့ Jain Family Institute က မေလထဲမှာ ကြီးမှူးကျင်းပတဲ့ Investment and Decarbonization virtual roundtable ဆွေးနွေးပွဲမှာ ပြောသွားပါတယ်။
ရီပါဘလစ်ကန် ဆီနိတ်တာ အယောက် ၅၀စလုံးက သူမကို ကန့်ကွက်ကြမယ်လို့ မျှော်လင့်ရပြီး ဒီမိုကရက်ဆီနိတ်တာ ၃ဦးကတော့ သူမရဲ့ အမြင်တွေအပေါ် စိုးရိမ်မှုတွေ ရှိနေကြပါတယ်။ သူပြုတ်စေချင်တဲ့ ကာဗွန်ထုတ်လုပ်သူတွေဆိုတာ ပြုတ်သွားရင် သူတို့ အလုပ်အကိုင်ပေးထားတဲ့ လူပေါင်း မြောက်များစွာ အလုပ်အကိုင်မဲ့ ဖြစ်ကြပြီး မှီခိုသူမိသားစုများစွာ ဒုက္ခရောက်ကြမှာ ဖြစ်ပါတယ်။ ဒါတင်မကပဲ လက်ရှိသုံးနေတဲ့ ကျောက်မီးသွေး၊ ရေနံ၊ ဓါတ်ငွေ့တွေကို လုံလုံလောက်လောက် စျေးသင့်သင့်နဲ့ အစားထိုးနိုင်တဲ့ စွမ်းအင် အသင့်မဖြစ်သေးပဲ လက်ရှိအသုံးဝင်နေတာတွေကို ကန့်သတ်၊ ဖျက်ဆီးတာက ဓါတ်လှေခါးတပ်လို့မပြီးခင် လှေခါးတွေ ဖြိုပစ်သလိုပဲ မိုက်မဲတဲ့ လုပ်ရပ်ဖြစ်တာကို သဘောပေါက်ဖို့ ဘာဘွဲ့မှ ရစရာ မလိုဘူးထင်ပါတယ်။ ပညာတတ်တိုင်း ပညာမရှိ၊ ရာထူးကြီးတိုင်း နှလုံးသားမကြီးတဲ့ သာဓကပါပဲ။
အမေရိကန်မှာ နယ်စပ်က ခိုးဝင်တာတွေနဲ့ ပါတ်သက်တဲ့ ပြဿနာတွေ တလှေကြီး တက်နေတာကို ဖြေရှင်းဖို့ တာဝန်အရှိဆုံးသူတဦးကတော့ ဘိုင်ဒန်က နယ်စပ်အရေးအကြီးအကဲခန့်ထားတဲ့ ကာမလာပဲ ဖြစ်ပါတယ်။ သူမက နယ်စပ်ကို သွားဖို့ အကြိမ်ကြိမ်ရှောင်လွှဲနေခဲ့ပြီး သွားတုန်းကလဲ နယ်စပ်နဲ့ တော်တော်ဝေးတဲ့ မြို့ကို သွားရောက်ခဲ့တာဖြစ်သလို နယ်စပ်လုံခြုံရေးတာဝန်ရှိသူတွေ၊၊ ဒေသခံတွေနဲ့ တွေ့ဆုံခဲ့ခြင်းလည်း မရှိပါဘူး။ ဒါပေမဲ့ တနင်္လာနေ့တုန်းကတော့ ကာမလာက နယ်စပ်ကနေ တရားမဝင်တွေ ဝင်ရောက်နေတာကို ကိုင်တွယ်ဖြေရှင်းဖို့ ဥရောပကို သွားရောက်မယ်လို့ သိရပါတယ်။ ဟုတ်ပါတယ်၊ နယ်စပ်သွားဖို့ကို တီဆားတို့သလို တွန့်ဆုတ်နေပေမယ့် ပဲရစ်မှာပြုလုပ်မယ့် လစ်ဗျားဒုက္ခသည်တွေ ဥရောပကို ဝင်လာမှာကို ဘယ်လိုတားဆီးကြမလဲဆိုတဲ့ ဆွေးနွေးပွဲကိုတော့ အစိုးရလေယာဥ်နဲ့ ပျော်ပျော်ကြီး သွားတက်ဦးမှာပါ။ အမေရိကန်သမိုင်းမှာ လူမကြိုက်ဆုံး ဒုသမ္မတဆိုတဲ့ စံချိန်က ဘာမှ အံ့ဩစရာမရှိပါဘူး။ အရောင်နဲ့မိန်းမမို့လို့ ဝိုင်းထောက်ခံခဲ့ကြသူများ လိပ်ခေါင်းကို မျက်စဥ်းခတ်ကုပြီး ဝေဒနာသက်သာဖို့ မျှော်လင့်နေတဲ့ မိန်းမကို တော်တော်ဂုဏ်ယူနေကြပြီလားလို့ မေးပါရစေ။
အော်ရီဂွန်က ဒီမိုကရက်ဆီနိတ်တာ Ron Wyden က ဘိုင်ဒန်ရဲ့ အကြီးကြီးဖြုန်းမယ့် စီမံကိန်းတွေကို ထောက်ပံ့နိုင်ဖို့ အခွန်တိုးနိုင်သမျှတိုးဖို့ ဘက်ပေါင်းစုံက ကြံစည်နေတဲ့ထဲက တခုဖြစ်တဲ့ ဓနခွန် ကို အတည်ဖြစ်ဖို့ တွန်းနေပါတယ်။ အဲဒီအခွန်က စတော့တွေ ဝယ်ထားရင် စျေးတက်လာတာနဲ့ စာရွက်ပေါ်က ဓနက တက်လာပါတယ်၊ ဒါပေမဲ့ မရောင်းရသေးသ၍ ဒါဟာ လက်ဆုတ်လက်ကိုင် ပြနိုင်တဲ့ ငွေကြေးမဟုတ်တဲ့အပြင် အချိန်နဲ့အမျှ ပြောင်းလဲနေတဲ့ ဈေးနှုန်းတွေဖြစ်တဲ့အတွက် ဘယ်ဟာကို အခြေပြုပြီး တွက်ချက်မယ်ဆိုတာနဲ့ အရှုံးကိုရော ဘယ်လို သက်သာခွင့်ပေးမလဲဆိုတာက ရှုပ်ထွေးလွန်းလှလို့ အခွန်ကောက်ဖို့ တော်တော့ကို ခက်ခဲမှာပါ။ ဒါပေမဲ့ စီးပွားရေးလဲ မလုပ်ဖူး၊ လူတွေရဲ့ လက်တွေ့ဘဝတွေနဲ့လည်း ဝေးကွာနေတဲ့ ဒီမိုကရက်ခေါင်းဆောင်တွေကတော့ အသက်ရှုရင်တောင် အောက်ဆီဂျင်ခွန်ကောက်လို့ရရင် ကောက်မယ့်သူတွေဖြစ်နေတော့ အကျိုးသင့်အကြောင်းသင့်ဆိုတာက သူတို့အဘိဓါန်မှာ ရှိမနေတဲ့အရာ ဖြစ်နေပါတယ်။
Ron Wyden က Elon Musk ကို မရောင်းရသေးတဲ့စတော့တွေအပေါ်မှာ အခွန်ဆောင်ဖို့ ဆွပေးနေခဲ့ပြီး Musk က သူ့တွဒ်တာဖော်လိုဝါတွေကို သူ့ ရှယ်ယာတွေရဲ့ ၁၀% ကို ထုတ်ရောင်းသင့် မရောင်းသင့် မေးခဲ့ပါတယ်။ သူ့ဖော်လိုဝါအများစုက ရောင်းသင့်တယ်ဖြေခဲ့ပါတယ်။ ဒီကနေ့မှာတော့ Musk က ၁.၁ ဘီလီယံဖိုး ထုတ်ရောင်းခဲ့ပါတယ်။ Ron Wyden ရဲ့ သား hedge fund လုပ်သူ Adam Wyden ကတော့ တသက်လုံးနိုင်ငံရေးလုပ်လာတဲ့သူတွေက စီးပွားရေးလုပ်ငန်းတခု ဘယ်လိုထူထောင်ရတယ်ဆိုတာရယ်၊ ကြုံရတဲ့ အခက်အခဲတွေ စွန့်စားမှုတွေရယ်ကို သိကို မသိကြဘူး၊ ဒါက ဘယ်သူ့ဘက်ကမှ လိုက်ပြောတာမဟုတ်ပဲ အမှန်တရားကိုသာ ပြောတာ၊ သူ့ဖခင်နဲ့ သူနဲ့လည်း အခွန်မူဝါဒတွေအပေါ်မှာ သဘောထား မတူကြဘူးလို့ မှတ်ချက်ပြုသွားပါတယ်။