ကမလာနဲ့ ဒီမိုကရက်ထိပ်သီးတွေ၊ မီဒီယာတွေက ဆင်းရဲတဲ့နိုင်ငံတွေကလူတွေ အမေရိကန်ကို လာချင်ကြတာဟာ ရာသီဥတု ပြောင်းလဲမှုကြောင့်လို့ ပုံဖော်လေ့ရှိကြပါတယ်။ FAO က တရားဝင် သီးနှံထွက်ကုန်စာရင်းတွေအရ အမေရိကန်ကို ဝင်ရောက်လာမှုအများဆုံးနိုင်ငံတခုဖြစ်တဲ့ ဂွာတီမာလာနိုင်ငံမှာ ကမလာတို့ပြောသလို မိုးခေါင်၊ စိုက်ခင်းတွေပျက်၊ လူတွေငတ်နေတာမဟုတ်ပဲ တနှစ်ထက်တနှစ် ထွက်နှုန်းတိုးတက်နေပြီး ယခုအချိန်မှာ လွန်ခဲ့တဲ့ အနှစ် ၅၀ ကနဲ့စာရင် ထွက်ကုန် ၂ဆ တိုးနေပြီဖြစ်ပါတယ်။
လူတွေ နိုင်ငံကနေ ထွက်ပြေးရတဲ့ အဓိက အကြောင်းရင်းတချို့ကတော့ ရာဇဝတ်မှု၊ လူသတ်မှု စတာတွေ ခေါင်ခိုက်နေပြီး ၉၇% သောလူသတ်မှုတွေက အဖြေမပေါ်တာကြောင့် ဖြစ်နိုင်ပါတယ်။ အဲဒီလူတွေ ကံကောင်းတာက အမေရိကန်မြို့ကြီးတွေမှာ ရာဇဝတ်မှု၊ လူသတ်မှုတွေ မြန်မြန်ဆန်ဆန် တက်နေပေမယ့် သူတို့ဆီနဲ့စာရင် နဲနေသေးတာပါ။ အမေရိကန်မှာလည်း ရာဇဝတ်မှု၊ လူသတ်မှုတွေ ခုလိုလွှတ်ထားလို့ အများကြီး တက်လာခဲ့ရင် ဘယ်ပြေးကြမလဲလို့ မေးချင်ပါတယ်။
အရင်အပတ်တုန်းက ဗာဂျီးနီးယားမှာ ဂါဗာနာအဖြစ် ရွေးကောက်ခံရတဲ့ ဂလန်ယန်းကင်ကို လူမျိုးရေးခွဲခြားသူ၊ အစွန်းရောက်သူ၊ နာဇီလို့ ပြည်သူအများကမြင်အောင် တိုက်ခိုက်ခဲ့ကြတာက ဒီမိုကရက်တွေတင်မကပါဘူး၊ လင်ကွန်းပရောဂျက်ဆိုတဲ့ ရီပါဘလစ်ကန်အုပ်စုလည်း ပါနေပါတယ်။ သူတို့က neo-Nazis လို ဝတ်ဆင်ထားတဲ့သူတွေကို ယန်းကင်ရဲ့ မဲဆွယ်ပွဲတွေထဲကို ပို့ပြီး ယန်းကင်ကို လူထုထောက်ခံမှုကျဆင်းအောင် ပြုလုပ်ခဲ့ကြတာပါ။ လင်ကွန်းပရောဂျက်က လူတွေကလည်း ရီပါဘလစ်ကန်တွေလို့ သူတို့ကိုယ်သူတို့ ခေါ်ဆိုကြပေမယ့် ပိုနေမြဲ ကျားနေမြဲ စားကောင်း သောက်ကောင်း သမားရိုးကျ နိုင်ငံရေးကိုပဲ လက်ခံကြသူတွေ ဖြစ်ကြတဲ့အတွက် နိုင်ငံရေးသမား မဟုတ်သူတွေ နိုင်ငံရေးလောကထဲ ဝင်လာရင် နာဇီတွေ၊ အစွန်းရောက်တွေလို့ အခြေအမြစ်မရှိ စွပ်စွဲပြီး အပြင်းအထန် တိုက်ခိုက်ကြပါတယ်။ ထရမ့်ကို တိုက်ခိုက်တာကတော့ ဒီမိုကရက်တွေထက် တရွေးသားမှ မလျော့သလို အမုန်းမှာလည်း သူမသာ ကိုယ်အသုဘပါပဲ။
အခုလည်း ယန်းကင်က ထရမ့်နဲ့ မပါတ်သက်ပေမယ့် နိုင်ငံရေးလောကထဲက မဟုတ်တဲ့အတွက် ဝိုင်းပြီး တိုက်ခိုက်ကြတာထင်ပါတယ်။ လင်ကွန်းပရောဂျက်ရဲ့ ပူးတွဲတည်ထောင်သူ Steve Schmidt ကတော့ အဲဒီလို မရိုးမသားတိုက်ခိုက်မှုဟာ သူ့လက်ချက်မဟုတ်ဘူးလို့ ကြေငြာပေမယ့် သူ့အဖွဲ့အစည်းဖြစ်တဲ့ လင်ကွန်းပရောဂျက်က လုပ်ခဲ့တာကိုတော့ မငြင်းခဲ့ပါဘူး။ Schmidt နဲ့အတူ ပူးတွဲတည်ထောင်သူ John Weaver ရဲ့ လိင်အရှုပ်အရှင်းကိစ္စတွေကိုလည်း လင်ကွန်းပရောဂျက်ရဲ့ ခေါင်းဆောင်ပိုင်းက သိလည်းသိ၊ ဖုံးလည်း ထားပေးခဲ့တာပါ။ ပါတီထက် လူရည်လူသွေး၊ လုပ်ရည်ကိုင်ရည်၊ နောက်ခံသမိုင်း၊ ပြည်ချစ်စိတ်တွေကိုပါ ကြည့်သင့်တဲ့ သာဓကတခုပါပဲ။
တိုင်းပြည်အတွက် ဘာအကျိုးမှမရှိလို့ ရေဂင်လက်ထက်နဲ့ ထရမ့်လက်ထက်တွေတုန်းက နှုတ်ထွက်ထားခဲ့တဲ့ ကုလ လက်အောက်က အဖွဲ့အစည်းတွေကို ဘိုင်ဒန်တက်လာကထဲက ပြန်ဝင်နေခဲ့တာမှာ အခုဘိုင်ဒန်တို့ ပြန်ဝင်ဖို့ စိုင်းပြင်းနေတာကတော့ ယူနက်စကိုဖြစ်ပါတယ်။ ယူနက်စကိုက ခြစားတာတွေနဲ့ တရုပ်ဩဇာလွှမ်းနေတာအပြင် ဂျူးဆန့်ကျင်တဲ့ အစွန်းရောက် သဘောထားတွေရှိလို့ ထရမ့်နဲ့ အစ္စရေးအစိုးရတို့က လွန်ခဲ့တဲ့ ၄နှစ်တုန်းက နှုတ်ထွက်ခဲ့ကြတာပါ။ အခုတော့ နှစ်နိုင်ငံစလုံးမှာ အစိုးရပြောင်းသွားပြီဖြစ်တဲ့အတွက် နှစ်နိုင်ငံစလုံးက ပြန်ဝင်ဖို့ ကြိုးစားနေကြပါတယ်။ အရင်ဆုံးထိမယ့်အချက်ကတော့ ထည့်ဝင်ရမယ့် ငွေကြေးပါပဲ။ အနည်းဆုံး တနှစ်ကို သန်း၅၀၀ကျော် ကုန်ကျမှာပါ။
ဘုရှ်နဲ့ ကလင်တန်လက်ထက်က ပြဌာန်းခဲ့တဲ့ လက်ရှိအမေရိကန်ဥပဒေတွေအရ ယူနက်စ်ကိုက ပါလက်စတိုင်းနိုင်ငံဆိုတာကို အဖွဲ့ဝင်အဖြစ် လက်ခံထားတဲ့အတွက် ငွေကြေးထည့်ဝင်ဖို့ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ အဲဒီဥပဒေတွေကို အထက်လွှတ်တော်ရဲ့ Appropriation Committee က ဥပဒေအသစ် ပြဌာန်းပြီး အမေရိကန်ရဲ့ အကျိုးစီးပွားအတွက်ဆိုတဲ့ ချွင်းချက်နဲ့ ကျော်ခွဖို့ ပြင်ဆင်နေကြပါတယ်။
ဘယ်လောက်ထိရောက်သလဲဆိုတာကတော့ ဖွဲ့စည်းထားတဲ့ ရာစုဝက်လောက်အတွင်းမှာ ယူနက်စ်ကိုကြောင့် ဘယ်နိုင်ငံမှ တိုးတက်သွားတာ မရှိခဲ့သလို မစို့မပို့ ဟိုတစ ဒီတစ ရနေတဲ့ ယူနက်စကိုက အထောက်အပံ့တွေဆိုတာကလည်း အဖွဲ့ကြီးတခုလုံး ကုန်ကျစရိတ်ရဲ့ အစွန်းထွက်လောက်ကိုမှ နိုင်ငံငယ်လေးတွေရဖို့ အသည်းအသန် ကြိုးစားကြရတာပါ။
ယူအန်န်အဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင်နေရာမှာ တရုပ်စီစီပီက အရာရှိတွေ ဗြောင်ကျကျ တက်ထိုင်နေသလို အာဏာရှင်နိုင်ငံတွေကလည်း လုံခြုံရေးကောင်စီမှာ ဗီတိုအာဏာ သုံးခွင့်ရထားပြီး လူ့အခွင့်အရေးအချိုးဖောက်ဆုံးနိုင်ငံတွေက လူ့အခွင့်အရေးကောင်စီမှာ ခေါင်းဆောင်နေတဲ့ အဖွဲ့ကြီးကို ပြည်သူ့အခွန်ငွေ ဘီလီယံနဲ့ချီအကုန်ခံပြီး ပြန်ဝင်မယ်ဆိုတဲ့ ဒီမိုကရက်တွေရဲ့ အကြံက ဘိုင်ဒန်မှမဟုတ်ပဲ ဘယ်ဒီမိုကရက်မဆို ဒီလမ်းစဥ်ပဲ လိုက်မှာဖြစ်ပါတယ်။ သူတို့အကြံက တိုင်းပြည်အကျိုးအတွက် ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတာကို မမြင်လောက်အောင်တော့ မပိန်းသင့်ဘူးလို့ ထင်ပါတယ်။
အောက်တိုဘာ ၂၅တုန်းက အာဏာသိမ်းလိုက်တဲ့ ဆူဒန်ဗိုလ်ချုပ်ကြီးက လုယူထားတဲ့အာဏာကို မြဲမြံစေဖို့ သူ့ကိုယ်ကြားဖြတ်အစိုးရခေါင်းဆောင်အဖြစ် ခန့်အပ်လိုက်ပါတယ်။ အာဏာလုတာကို ပြည်သူတွေ သိန်းနဲ့ချီပြီး ဆန္ဒပြခဲ့လို့ စစ်တပ်က ပစ်သတ်ခဲ့တာ အနည်းဆုံး ၁၄ယောက်ရှိပြီး ရာနဲ့ချီ ဒဏ်ရာရထားပါတယ်။ တရုပ်ကတော့ ထုံးစံအတိုင်း မကန့်ကွက်ပဲ နှာစေးနေပြီး နောက်က မြှောက်ပေးနေမယ်လို့ ယူဆရပါတယ်။
ဒီအာဏာသိမ်းမှုဟာ ဆူဒန်မှာ အနှစ် ၃၀ အုပ်ချုပ်ခဲ့တဲ့ Omar al-Bishir ကို ဖြုတ်ချခဲ့တဲ့ ၂၀၁၉ အာဏာသိမ်းမှုအပြီးမှာ ၃၉လကြာမြင့်မယ့် ဒီမိုကရေစီအသွင်ကူးပြောင်းဖို့ ဖွဲ့စည်းခဲ့တဲ့ အရပ်သား ၅ဦး၊ စစ်ဖက် ၅ဦးနဲ့ ၂ဖက်သဘောတူ နောက်အရပ်သားတဦး ပေါင်း ၁၁ဦး ပါဝင်တဲ့ Sovereign Council အုပ်ချုပ်နေစဥ်မှာ မူလသဘောတူညီချက်အတိုင်း စစ်ဖက်က ပထမ ၂၁လ အုပ်ချုပ်မှုအပြီး အရပ်ဖက်ကို နောက် ၁၈လအတွက် အုပ်ချုပ်ဖို့ လွှဲရမယ့်အချိန်မှာ မလွှဲပေးချင်လို့ အချိန်ဆွဲနေရင်း ဖြစ်သွားတာပါ။ Sovereign Council ဥက္ကဌကတော့ အခုအာဏာလုတဲ့ ဘာဟန်ပဲဖြစ်ပါတယ်။ သူကလည်း အရင်သမ္မတ ဘီရှာလက်အောက်မှာ ရာထူးကြီးယူခဲ့သူဖြစ်ပြီး အာဏာနဲ့ လုပ်စားတာကနေ ချမ်းသာလာတော့ အာဏာပိုမက်လာတာဖြစ်ပါတယ်။ အာဏာမလုခင် လပေါင်းအတော်ကြာ တပ်နဲ့ အရပ်သားအစိုးရတို့ကြား တင်းမာမှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဆူဒန်နိုင်ငံကို လူသားချင်းစာနာတဲ့ အထောက်အပံ့တွေ အများဆုံးပေးနေတာက အမေရိကန်ဖြစ်ပေမယ့် အကြီးဆုံးရင်းနှီးမြှုပ်နှံသူကတော့ တရုပ်ပဲဖြစ်ပါတယ်။ ဆူဒန်မှာ အမေရိကန်ရဲ့ ရင်းနှီးမြှုပ်နှံမှုက ပြောပလောက်အောင် မရှိနေပါဘူး။ တရုပ်ရဲ့ ခါးပတ်လမ်း BRI မှာ ပါဝင်ခဲ့တဲ့အတွက် တရုပ်ကို ၆.၄ ဘီလီယံ ကြွေးတင်သွားခဲ့ပါတယ်။ အာဏာလုဗိုလ်ချုပ် ဘာဟန်က အာဖဂန်ကနေ အမေရိကန်တွေ အရှက်တကွဲထွက်သွားအပြီးမှာ နိုင်ငံတကာစာမျက်နှာမှာ ပျော့ညံ့တဲ့ ဘိုင်ဒန်အစိုးရကြောင့် ပိုအတင့်ရဲလာပုံရပါတယ်။
အာာဏာသိမ်းပြီးနောက် ဘိုင်ဒန်အစိုးရက အမေရိကန်ရဲ့ အကူအညီတွေ ဖြတ်တောက်ပစ်ခဲ့ပေမယ့် သုံးသပ်သူတွေကတော့ ဒီနည်းက မလုံလောက်/အလုပ်မဖြစ်တာ ဆူဒန်က သက်သေပဲလို့ ဆိုပါတယ်။ ဘာဟန်ကလည်း လူထုက သူ့ကို ဝက်ဝက်ကွဲ ဆန့်ကျင်ကြတယ်ဆိုတာကို တအံ့တဩ ဖြစ်နေခဲ့တယ်လို့ သိရပါတယ်။ အာဏာရှင်တွေက လူထုရဲ့ လက်တွေ့ခံစားချက်တွေနဲ့ ဝေးကွာတာ သဘာဝလိုဖြစ်နေပြီး အောက်ကလူတွေကလည်း အာဏာရှင်ကြားချင်တာကိုသာ ပြောကြတာ ဖြစ်ပါတယ်။ အာဏာနဲ့ လုပ်စားရတာကို အရသာတွေ့လာတဲ့ ပတ်ဝန်းကျင်မှာ ရှေ့တဦးကို နောက်တဦးက ဖြုတ်ချပြီး ပိုစားရအောင် လုပ်ဖို့ဆိုတာ ဖြစ်လေ့ရှိတဲ့ကိစ္စတခုပဲ ဖြစ်ပါတယ်။ အဲဒါကို ကာကွယ်ဖို့ အရည်အချင်းရှိသူမှန်သမျှ ချောင်ထိုးထားလိုက်တော့ တိုင်းပြည်ရဲ့ အခြေအနေအရပ်ရပ်ကလည်း ဒလိမ့်ခေါက်ကွေး ကျရတော့တာပါပဲ။ အာဏာရှင်တွေရဲ့ အဓိက ရေသောက်မြစ်ကတော့ သူတို့ကို မြှောက်ပေး/ပံ့ပိုးပေးနေတဲ့ တရုပ်စီစီပီပဲ ဖြစ်ပါတယ်။ သူတို့နဲ့ ပါတ်သက်နေတဲ့ အစိုးရတိုင်းက တိုင်းပြည်အကျိုးအတွက်ထက် အာဏာမြဲဖို့ လူထုအကျိုးစီးပွားကို ချနင်းပြီး လုပ်ကြတာပါ။ အဲဒီတော့ ကမ္ဘာမှာ ဒီမိုကရေစီမြတ်နိုးသော လူ့အသိုင်းအဝိုင်းတိုင်းက ခေါင်းဆောင်ရွေးမယ်ဆိုရင် တရုပ်ကြောက်သူတွေ၊ တရုပ်ဆီက လာဘ်စားထားသူတွေ၊ တရုပ်ကို မဝေဖန်ဝံ့သူတွေကို ပါတီမျက်နှာနဲ့ မရွေးမိဖို့ လိုပါတယ်။