အမေရိကန်တွေ ရင်ဆိုင်နေရတဲ့ ငွေဖောင်းပွမှုဟာ အနှစ် ၄၀အတွင်းမှာ အကြီးဆုံးပြဿနာကြီး ဖြစ်လိမ့်မယ်လို့ ဖေဖေါ်ဝါရီလထဲက ကလင်တန်နဲ့ အိုဘားမားလက်ထက်မှာ ဘဏ္ဍာရေးဝန်ကြီး လုပ်ခဲ့တဲ့ လာရီဆမ်းမားစ်က ဟောကိန်းထုတ်ခဲ့တာပါ။ အဲဒီလောက်ကြီးတဲ့ ပြဿနာဖြစ်လာဖို့ Federal Reserve ကရော ဘိုင်ဒန်အစိုးရကပါ မျှော်လင့်မထားခဲ့ကြတဲ့အတွက် ဘာမှ ကုစားဖို့ မပြင်ဆင်ထားတာ ဖြစ်နိုင်ပါတယ်။
ငွေဖောင်းပွမှုရဲ့ အဓိကအကြောင်းရင်းတခုကတော့ တိုင်းပြည်မှာလည်ပတ်နေတဲ့ ငွေတွေထဲကို ငွေစက္ကူသစ်တွေ ထပ်မံရိုက်နှိပ်ပြီး ထိုးထဲ့လိုက်တာကြောင့်ပဲဖြစ်ပါတယ်။ လည်ပတ်နေတဲ့ ငွေပမာဏများလာလေ ရှိပြီးသားငွေက တန်ဖိုးကျလေပါပဲ။ အဲဒီလို ရိုက်ထုတ်ရတဲ့ အကြောင်းရင်းကလည်း ကိုဗစ်ပိတ်ဆို့မှုတွေကြောင့်ဒုက္ခရောက်နေတဲ့ ပြည်သူကို ကူညီဖို့ အကြောင်းပြချက်နဲ့ ထုတ်ပြန်ခဲ့တဲ့ ၁.၉ ဘီလီယံ အစိုးရအသုံးစရိတ်က စပါတယ်။ စာမျက်နှာပေါင်း ထောင်ချီတဲ့ ဥပဒေကြမ်းကို ကြိုးစားပြီး ရသလောက်ဖတ်ခဲ့ကြတဲ့ အမတ်က လက်တဆုပ်စာထက် နည်းပါလိမ့်မယ်၊ အဲဒီဥပဒေကြမ်းထဲမှာ ပြည်သူ့အတွက်က ရာခိုင်နှုန်းအနည်းငယ်ပဲပါပြီး အမေရိကန်ကို ရန်လိုတဲ့နိုင်ငံတွေအတွက်က ဘီလီယံနဲ့ချီ ပါခဲ့တာကို သတိထားမိပါတယ်။
ဒီနှစ်ထဲမှာ လွှတ်တော်က အဆိုပြုတဲ့ အသုံးစရိတ်တွေကလည်း ထိုနည်းလည်းကောင်းပါပဲ။ အဲဒီအသုံးစရိတ်တွေကို ကာမိဖို့ အခွန်ကရတဲ့ငွေနဲ့ ဘယ်လိုမှ မလောက်ငနိုင်တာကြောင့် တချို့ကို ချေး၊ တချို့ကို ရိုက်ထုတ်ကြပါတယ်။ ရိုက်ထုတ်တဲ့ ပိုက်ဆံများလာရင် ငွေဖောင်းပွမှု ဖြစ်လာတာပါပဲ။ မနှစ်က မတ်လကနေ အခုအထိ ပြည်တွင်းမှာ လည်ပတ်နေတဲ့ ငွေပမာဏက ၃၆% တက်လာပါတယ်။ အဲဒီတော့ ငွေဖောင်းပွမှုနှုန်းကလည်း အခုထက် အများကြီး တက်နိုင်နေသေးတာကို သတိပြုသင့်ပါတယ်။
ငွေဖောင်းပွမှု ကျဆင်းဖို့/တက်နှုန်းနှေးသွားဖို့ဆိုရင် အစိုးရရော၊ လွှတ်တော်ရောက ငွေဖောင်းပွမှုကြောင့် ပြည်သူတွေ ဒုက္ခရောက်ကြရတာကို သေသေချာချာ လက်တွေ့ကျကျ စာနာနားလည်ပြီး ပြည်သူ့ဘဏ္ဍာကို စီစီစစ်စစ် အကျိုးရှိရှိ သုံးစွဲသူများ ဖြစ်ဖို့ လိုပါတယ်။ တသက်လုံးနိုင်ငံရေးပဲ လုပ်စားလာတဲ့လူတွေကတော့ လူထုနဲ့ ထိတွေ့မှုနဲသွားတဲ့အတွက် ပြည်သူတကယ်တွေ့ကြုံနေရတဲ့ ပြဿနာတွေကို သိဖို့မလွယ်တော့သလို သူတို့ကိုးကားတဲ့ ပညာရှင်ဆိုတာတွေကလည်း လက်တွေ့ကျကျ ဖြေရှင်းဖို့ထက် စာအုပ်ထဲက သီအိုရီတွေ ပေါ်လစီတွေ နိုင်ငံရေးအာဂျင်ဒါတွေပဲ ခေါင်းထဲမှာ ရှိနေဖို့ များမှာဖြစ်ပါတယ်။
ငွေဖောင်းပွမှုကြောင့် အလုပ်က အနားယူသွားသူတွေ ၆၅နှစ်အထက်တွေအတွက် social security စုဆောင်းငွေ ထုတ်ပေးမှုကို ၅.၉% တိုးတော့မယ်လို့ ပြီးခဲ့တဲ့လက ကြေငြာခဲ့ပါတယ်။ မနေ့ကတော့ အသက် ၆၅နှစ်တွေ လျောက်လို့ရတဲ့ Medicare ပရီမီယံကြေးတွေကို တိုးမြှင့်တော့မယ်လို့ ကြေငြာပါတယ်။ တက်လာတဲ့ ဆေးဈေးတွေနဲ့ ပန်ဒဲမစ်ကို အကြောင်းပြပါတယ်။ လစဥ်ပရီမီယံကို $22 တိုးမှာဖြစ်ပြီး annual deductible လည်း $30 တက်ပြီး $233 ဖြစ်တော့မှာပါ၊ Medicare Part A အတွင်းလူနာသမားတွေရဲ့ deductible က $72 တက်မှာဖြစ်တော့ နောက်နှစ်ဆို $1556 ဖြစ်သွားပါပြီ။ နေ့စဥ်ပေးရတဲ့ coinsurance နဲ့ ကျွမ်းကျင်နာ့စ် facility coinsurance ကလည်း အနည်းဆုံး $9 တက်ပါမယ်။
ခြုံပြောရရင် မက်ဒီကဲ ပရီမီယံတွေ တက်သွားတာက 14.5% ဖြစ်ပြီး social security က တိုးရမှာက 5.9% ဖြစ်တော့ လူကြီးတွေအတွက် ကုန်စျေးနှုန်းတက်၊ မီတာခတက်၊ ဆီဈေးတက်၊ အစားအစာဈေးတက်၊ လူသုံးကုန်ဈေးတက်၊ ငွေဖောင်းပွတာတွေအပြင် အသားတင်သုံးဖို့ ကျန်တဲ့ငွေကလည်း ကျုံ့သွားတော့မှာပါ။ အစိုးရ အသုံးမကျလို့ ပြည်သူတွေ ကျပ်တည်းရင် အရင်ဆုံးထိမှာက ငွေမရှာနိုင်တော့တဲ့ သက်ကြီးတွေနဲ့ အလှူခံပုဂ္ဂိုလ်တွေဖြစ်ကြပါတယ်။
CDC က အရာရှိတွေကို ဒီနှစ်ဆောင်းဦးမှာ Informed Consent Action Network ကို ကိုယ်စားပြုတဲ့ ရှေ့နေက ၁၊ ကိုဗစ်ကာကွယ်ဆေးမထိုးရသေးသူ၊ ၂၊ ကိုဗစ် တကြိမ်ဖြစ်ပြီး ပြန်ကောင်းသွားကာ နောက်ပြန်ကူးစက်ခံရသူ၊ ၃၊ ပြန်အကူးခံရတဲ့အချိန်မှာ တခြားတဦးကို ကိုဗစ်ပိုး ကူးစက်အောင် ဖြန့်ဖြူးသူ အဲဒီအချက်တွေနဲ့ ပြည့်စုံတဲ့လူတယောက်တလေများ မှတ်တမ်းတင်ထားတာ ရှိပါသလားလို့ မေးခဲ့ရာမှာ အဲဒီလိုမျိုး မှတ်တမ်းတင်ထားတာ မရှိကြောင်း ပြန်ဖြေခဲ့ပါတယ်။ အဲဒီလို ဖြေခဲ့တာက နိုဝင်ဘာ ၅ရက်နေ့မှာဖြစ်ပြီး ကနေ့မှာမှ တရားဝင်ထုတ်ပြန်တာဖြစ်ပါတယ်။
ကိုဗစ်ကူးစက်ခံရပြီး ပြန်ကောင်းသွားသူတွေကို သဘာဝခုခံအားရှိတဲ့လူတွေလို့ သိထားကြတာပါ။ ဒီလအစောပိုင်းက CDC က ထုတ်ပြန်ချက်တခုထဲမှာ သဘာဝခုခံအားရှိသူရော ကာကွယ်ဆေးထိုးထားသူရောရဲ့ ခုခံကာကွယ်နိုင်မှုက အနည်းဆုံး ၆လခံတယ်လို့ ဖော်ပြခဲ့ပေမယ့် ပြန်လည်ကူးစက်နိုင်မှုကိုတော့ ဖော်ပြမှုမရှိခဲ့ပါဘူး။
အစ္စရေးက လက်တွေ့စမ်းသပ်မှုအပါအဝင် စမ်းသပ်မှုပေါင်း ၁၀၀ကျော်မှာတော့ သဘာဝခုခံအားက ကာကွယ်ဆေးနဲ့စာရင် အများကြီး သာလွန်ကောင်းမွန်တဲ့ ကာကွယ်မှုကို ပေးတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့လည်း CDC အရာရှိတွေကတော့ သဘာဝခုခံအားရှိရင်တောင်မှ ကာကွယ်ဆေးထိုးသင့်တယ်၊ ဘာကြောင့်လဲဆိုတော့ သဘာဝခုခံအားက ကာကွယ်ဆေးလောက် ကြာကြာမခံလို့ပါဆိုတဲ့ အယူအဆကို သူတို့ဖာသာသူတို့ လုပ်ထားတဲ့ လေ့လာမှုနှစ်ခုကို ကိုးကားပြီး အတင်းတွန်းနေတာ တွေ့ရပါတယ်။
ကျွမ်းကျင်သူတွေကြားမှာလည်း သဘာဝခုခံအား ရှိပြီးသူတွေ ကာကွယ်ဆေး ထိုးသင့်/မသင့် အယူအဆတွေ ကွဲလွဲနေကြပါတယ်။ သေချာတာတခုကတော့ CDC မှာ လေ့လာမှုတွေ အများကြီး ရှိနိုင်နေပြီး အကုန်လုံးကို ချမပြပဲ သူတို့လိုချင်တဲ့အပိုင်းလေးကိုသာ ထုတ်နှုတ်ပြီး ကိုးကားနေတာက အာဏာလက်ရှိတွေရဲ့ မရိုးသားမှုတွေထဲက တခုဖြစ်ပါတယ်။
ပြဿနာက လာရင် အဖော်အပေါင်းနဲ့လာတာပါ။ ပန်ဒဲမစ်လော့ဒေါင်းတွေကြောင့် လူတွေ ဒုက္ခရောက်ကြသလို ဗက်ဆင်းမန်ဒိတ်ကြောင့် အလုပ်ပြုတ်သွားတာတွေလည်း မနည်းပါဘူး။ ကလေးတွေကိုပါ ဗက်ဆင်းမန်ဒိတ်လုပ်တော့ စိုးရိမ်တဲ့ မိဘတွေက ကလေးတွေကို ပုဂ္ဂလိကကျောင်းပို့ဖို့ မတတ်နိုင်လို့ အိမ်မှာပဲ သင်မယ်ဆိုရင် အနည်းဆုံး မိဘတဦးကတော့ အလုပ်ဆင်းလို့ မရတော့ပါဘူး။ အဲဒီလိုနဲပဲ လုပ်အားတွေ စျေးကွက်ထဲကလျော့၊ လုပ်သားနဲတော့ ကုန်စည်စည်းဆင်းမှုကကြန့်ကြာ၊ ဝယ်လိုအားက ရောင်းနိုင်အားထက်မြင့်တော့ ကုန်စျေးနှုန်းကတက်၊ အဲဒီပေါ်မှာ ဆီဈေး၊ မီတာခ၊ ငွေဖောင်းပွမှု စတာတွေ ပေါင်းလိုက်တော့ ဒုက္ခတွေ ဆတိုးတက်ပြီပေါ့။ အခုအစိုးရက အဲဒီပြဿနာတွေ ဖြေရှင်းဖို့ ဘာလုပ်နေလဲလိုက်ရှာကြည့်တာ ဘာမှမတွေ့နေဘူး။ ဒီတိုင်းဆိုရင်တော့ ရှေ့နှစ်ရွေးကောက်ပွဲမှာ ပြည်သူအတွက် တကယ်လုပ်တဲ့၊ လုပ်မယ့်လူတွေ နိုင်မှပဲ ဖြစ်တော့မယ်။