အမေရိကန်အများ စိတ်ဝင်တစား စောင့်ကြည့်နေကြတဲ့ Kyle Rittenhouse အမှုကတော့ ကနေ့အဆုံးသတ်သွားပါပြီ။ ၃ရက်လောက် အားလုံးသဘောတူတဲ့ ဆုံးဖြတ်ချက်ကို မရောက်နေခဲ့လို့ လူတွေရဲ့ စိုးရိမ်မှုက အထွတ်အထိပ်ကို ရောက်နေခဲ့တာပါ။ ဒီကြားထဲ စွမ်းအားရှင်လိုလူမိုက်တွေရဲ့ ခြိမ်းခြောက်မှုတွေနဲ့ မီဒီယာရဲ့ လိုရာဆွဲပုံဖော်မှုတွေ၊ ဘိုင်ဒန်အပါအဝင် နိုင်ငံရေးခေါင်းဆောင်များရဲ့ ကိုယ့် သား/မြေးလောက်အရွယ်အပေါ် အခြေအမြစ်မရှိ စွပ်စွဲနှုတ်သရမ်းမှုတွေကြောင့် ဇတ်ရှိန်က မြင့်သထက် မြင့်နေခဲ့ပါတယ်။
တကယ်တမ်းမှာ အခင်းဖြစ်တဲ့နေ့က ကိုင်လ်က ကျောင်းတကျောင်းမှာ မှုတ်ဆေးနဲ့ ဆွဲချင်ရာဆွဲထားတာတွေကို ခွင့်ပြုချက်ယူပြီး သွားရှင်းလင်းဆေးကြောပေးနေခဲ့တာပါ။ နောက်မှ ကီနိုရှာမှာ လုယက်မယ့်သတင်းတွေ ရှိနေတော့ သူနဲ့သိတဲ့ လုပ်ငန်းရှင်တွေက အကူအညီတောင်းလို့ သွားကာကွယ်ခဲ့တာပါ။ သူကိုင်တဲ့သေနတ်ကတော့ သူ့သူငယ်ချင်းက တရားမဝင် ဝယ်လာပေးတာပါ။ အဲဒီသေနတ်သာ မရှိခဲ့ရင် သူလည်း ခုဆို လူ့ပြည်မှာ ရှိတော့မှာ မဟုတ်ပါဘူး။
အစိုးရရှေ့နေရဲ့ စွဲချက်တွေ အမှုဖန်တီးမှုတွေကလည်း တော်တော့ကို ချာပါတယ်။ ပြောရရင်တော့ ဆွဲချတဖွဲ့လုံး အင်္ဂရုပ်ရော၊ အရည်အချင်းရော၊ စိတ်ဓါတ်ရော ဘာမှ မပြောချင်လောက်အောင်ပါပဲ။ စွဲချက်တွေကို ပံ့ပိုးပေးရမယ့် ဖြစ်စဥ်တွေကလည်း ကိုင်လ်ကို အပြစ်ဖို့ချင်လို့ ပြောလိုက်တိုင်း ကိုင်လ်အပြစ်မရှိတာကိုပဲ ပေါ်လွင်နေစေတာပါ။ လူဖြူကြီးစိုးရေးဝါဒီဆိုတာကို ရေလဲသုံးနေကြပေမယ့် ကိုင်လ်ပစ်လိုက်တဲ့ ၃ယောက်လုံးက လူဖြူတွေပါ။ သေသွားတဲ့ နှစ်ယောက်မှာသေနတ်မပါပေမယ့် ကိုင်လ်ကို စတင်တိုက်ခိုက်ခဲ့ကြတာပါ။ ကိုင်လ်လဲနေတုန်း ကိုင်လ်နှစ်ဆလောက်ကြီးတဲ့လူက ကိုင်လ်ခေါင်းကို ခုန်ပြီး ကန်ခဲ့တာ ဘယ်သူလဲဆိုတာကို အစိုးရရှေ့နေတွေက သိပေမယ့် ဖုံးကွယ်ထားတယ်လို့လည်း ဆိုပါတယ်။ ကိုင်လ့်ရှေ့နေတွေက မနေ့ကမှ အဲဒီလူဘယ်သူဆိုတာ သိကြတာပါ။
အမှုမှာ ဂျူရီတွေက စွဲချက် ၅ခုလုံးမှာ ကိုင်လ်အပြစ်မရှိကြောင်း သူတို့ရဲ့ဆုံးဖြတ်ချက်ကို ဖတ်ကြားအပြီးမှာတော့ ကိုင်လ်တယောက် ရှိုက်ငိုရင်း အရုပ်ကြိုးပြတ်ဖြစ်သွားပါတယ်။ ကိုင်လ်တင်မဟုတ်၊ သူ့မိခင်ရော တရားရုံးထဲကလူတွေ၊ စောင့်ကြည့်သူတွေပါ မျက်ရည်ဝဲလောက်အောင် ဝမ်းသာကြတာပါ။ စီရင်ချက် ချပြီးပြီးချင်း အသက်ရန်ရှာချင်သူ စွမ်းအားရှင်တွေ အပြင်မှာ စောင့်နေကြတဲ့အတွက် သူ့မိခင်နဲ့သူက အမြန်ဆုံး လုံခြုံရာကို ထွက်သွားကြရပါတယ်။
တနေ့တခြားတိုးလာတဲ့ အသက်အန္တရာယ်ခြိမ်းခြောက်မှုတွေကြောင့် သူတို့နေတဲ့အိမ်ကနေလည်း ပြောင်းရွှေ့ရတော့မယ်လို့ သိရပါတယ်။ ကီနိုရှာဖြစ်စဥ်စကထဲက ငြိမ်းငြိမ်းချမ်းချမ်းမနေခဲ့ရတဲ့ သားအမိမှာ ရှေ့နေတွေငှားထားရတာတင်မက လုံခြုံရေးအစောင့်အရှောက်တွေလည်း ငှားထားရတာပါ။ ကိုင်လ်ကို ကူညီချင်သူများ လှူဒါန်းနိုင်မယ့် GoFundMe ကိုလည်း ဘန်းလိုက်တဲ့အပြင် ဖဘကလည်း ကိုင်လ်ကို အစုလိုက်အပြုံလိုက် ပစ်ခတ်သူလို့ အကြောင်းပြပြီး ဘန်းထားခဲ့တာပါ။ ကိုင်လ်တင်မက ပတ်သက်သူ ထောက်ခံသူတွေပါ ဖဘအညိုးကို ခံစားနေခဲ့ရတယ်လို့ ဆိုပါတယ်။
ဒီမိုကရက်တွေနဲ့ မီဒီယာတွေ အညိုးတကြီးတိုက်ခိုက်နေတဲ့ ဂေးမဟုတ် လိင်ပြောင်းမဟုတ်တဲ့ လူဖြူယောက်ကျားတွေက စွန့်စားလိုတဲ့စိတ် သိပ်ပြင်းထန်ကြပါတယ်။ အဲဒါကြောင့် မီးသတ်တို့ ရဲတို့ စစ်တပ်တို့မှာ သူတို့တွေက အများစုဖြစ်သလို လမ်းမှာ အကူအညီလိုအပ်နေသူတွေ တွေ့ရင်လည်း ဘာမှမစဥ်းစားပဲ ချက်ချင်းဆင်းကူတတ်ကြသူတွေ များပါတယ်။ နေရာတိုင်းမှာ စုန်းပြူးတွေ ရှိတဲ့သဘာဝအတိုင်း အဲဒီလိုလူတွေလည်း ရှိတာကြုံဖူးပါတယ်။ ဒါပေမဲ့ အကူအညီလိုရင် အရင်ဆုံးလာကူကြတာ လူဖြူအမျိုးသားတွေ ဖြစ်နေတာများပါတယ်။
လူဦးရေအချိုးအစားများတာလည်း ပါကောင်းပါနိုင်ပေမယ့် အာရှသားများတဲ့နေရာမှာတောင် အာရှသားချင်း မကူညီကြတာ အကြိမ်ကြိမ်တွေ့ဖူးတော့ အရေအတွက်နဲ့လည်း မဆိုင်တာကို သတိထားမိပါတယ်။ လူဖြူယောက်ကျားတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာရဲ့ အကျိုးဆက်က တခုခုဖြစ်ရင် ကူညီမဲ့သူကင်းမဲ့ပြီး ဖုံးနဲ့ဓါတ်ပုံရိုက်ပြီး ပို့စ်တင်တဲ့လူတွေ များလာမှာကိုပါ မျှော်လင့်ထားရမှာပါ။ အရာရာမှာ အကျိုးနဲ့အကြောင်းရှိတဲ့အတွက် ကိုယ့်ရွေးချယ်မှုရဲ့ အကျိုးဆက်တွေကိုပါ သိအောင်လေ့လာသင့်ပါတယ်။
မီဒီယာတွေနဲ့ ဒီမိုကရက်တွေ ပြည်သူအပေါ် မရိုးသားတာ တဖြည်းဖြည်းသိလာကြတဲ့အတွက် တောင်ကာရိုလိုင်းနားက ကိုလံဘီယာမြို့က မြို့ဝန်ရွေးပွဲမှာ အစဥ်အလာ အပြာများတဲ့မြို့ဖြစ်ပေမယ့် ဒီနှစ်မှာတော့ ရီပါဘလစ်ကန်မြို့ဝန် နိုင်သွားခဲ့ပါတယ်။ မီဒီယာတွေမှာလည်း CNN တို့ MSNBC တို့မှာ ကြည့်ရှုသူ အများကြီး ကျဆင်းသွားပြီး Fox News က အစီအစဥ်အားလုံးလိုလိုမှာ အပြတ်အသတ်အသာနဲ့ ဦးဆောင်နေပါတယ်။ လူကြည့်များတဲ့ အချိန်တွေမှာဆိုရင် ကျန်တဲ့ချန်နယ်တွေ အားလုံးပေါင်းမှ Fox News ကို မှီသလောက်ရှိတာပါ။ ကိုယ့်ကို လိမ်နေတဲ့သူ၊ အမုန်းတွေပဲ ရိုက်သွင်းသူတွေကို နားလည်လာတဲ့ပြည်သူတွေက ဖယ်ကျဥ်လာကြပါပြီ။
ဒီနေရာမှာ ဘယ်ပါတီ ဘယ်လူ ဘယ်ချန်နယ်မှ အမြဲကောင်းနေမှာမဟုတ်ဘူးဆိုတာကိုတော့ ခေါင်းထဲထည့်ထားရပါမယ်။ လူတွေနဲ့ ပါတ်သက်နေသမျှ လမ်းမှားနိုင်ခြေ အမြဲရှိတဲ့အတွက် ဘာကိုမှ တရားသေစွဲမထားဖို့လိုကြောင်း ပြောချင်ပါတယ်။