ကိုင်လ်ရဲ့ အမှုပြီးသွားတော့ နောက်ဆက်တွဲအနေနဲ့ ကိုင်လ်တို့သားအမိတင် အန္တရာယ်ပြုခံရမယ့်ဘေး ကြုံနေရတာမဟုတ်ပဲ မြို့ကြီးတွေ တော်တော်များများမှာ ရဲတွေကို တပ်လှန့်ထားရပြီး လုပ်ငန်းရှင်ငယ်လေးတွေ ပြည်သူတွေ အလုခံရမလား၊ ရန်ပြုခံရမလား၊ ဖျက်ဆီးမီးရှို့ခံရမလားလို့ ရင်မနေရတဲ့ အချိန်ပါပဲ။
ကီနိုရှာကိစ္စကို ဖြစ်စေခဲ့တဲ့ မီးပွားကတော့ ဂျေကပ်ဘ် ဘလိတ်ခ် ဆိုတဲ့ လူမည်းကို အိမ်တွင်းပြဿနာကြောင့် ရဲခေါ်ရာက အသာတကြည်အဖမ်းမခံပဲ လက်မြှောက်ထားလို့ ပြောနေတဲ့ကြားက ကားထဲဝင်ပြီး ဓါးယူဖို့လုပ်ခဲ့လို့ ရဲက ပစ်ခတ်ခဲ့ပါတယ်။ အဲဒီလူက အရင်ကလည်း လိင်အကြမ်းဖက်မှုနဲ့ အဖမ်းခံထားခဲ့ပြီး အဲဒီမတိုင်ခင်လကမှ ရဲက စွဲချက် ၃ခုနဲ့ အလိုရှိနေသူဖြစ်ပါတယ်။ အဲဒီအိမ်ကလည်း သူရှောင်ရမယ့်အိမ် ဖြစ်နေတာပါ။
ရဲက ၇ ချက် ပစ်ခတ်ခဲ့ပြီးနောက် အသက်မသေပဲ အောက်ပိုင်းသေသွားခဲ့ပါတယ်။ ဂျေကပ်ဘ်ကို ကာမလာက ဘလိတ်ခ်မိသားစုဆီ ၁နာရီကြာသွားရောက်ပြီး မင်းအတွက် ဂုဏ်ယူပါတယ်လို့ ဆေးရုံပေါ်က ဘလိတ်ခ်ကို ဗီဒီယိုကောလ်နဲ့ ပြောခဲ့ပါတယ်။ ပလိုစီကလည်း လူမျိုးရေးခွဲခြားတဲ့တိုင်းပြည်မှာ အခုလို ဆူပူမှုတွေဖြစ်တာ ဖြစ်သင့်တဲ့ပုံစံမျိုး ပြောပါတယ်။
အဲဒီ ဂျေကပ်ဘ် ဘလိတ်ခ်ကိစ္စ မတိုင်ခင် တပြည်လုံး ဆူပူလုယက်မှုတွေ စခဲ့တဲ့ မီးပွားက ဂျော့ဂျ်ဖလွိုက်ဆိုတဲ့သူပါ။ ဆေးသုံးထားတဲ့ ရာဇဝဝတ်မှုနဲ့ အကြမ်းဖက်မှုရာဇဝင်ရှိတဲ့ လူမည်းလူထွားကြီးက ရဲအမိန့်ကို မလိုက်နာခဲ့လို့ ရဲက သူတို့ကို ရန်ရှာလာမှာစိုးလို့ ရဲလုပ်ရိုးလုပ်စဥ်အတိုင်း ထိန်းချုပ်ထားစဥ်မှာ အသက်ဆုံးရှုံးခဲ့ပါတယ်။ ဖြစ်ချင်တော့ သေတာကလူမည်းဖြစ်ပြီး သူ့ကိုအဓိကထိန်းချုပ်ထားတာက လူဖြူဖြစ်နေတာပါ။ ဒီမိုကရက်တွေအားလုံးနဲ့ မီဒီယာက ညာသံပေးဝိုင်းအော်ခဲ့ကြတဲ့အတွက် ရဲက ဖြစ်သင့်ဖြစ်ထိုက်တာထက် အများကြီးပိုပြီး ၂၂.၅နှစ် ထောင်ဒဏ် ကျခဲ့ပါတယ်။
ဒီလိုမျိုး လူမည်းရာဇဝတ်သားနဲ့ လူဖြူရဲထိတွေ့မှုမှာ လူမည်းသေဆုံး/ဒဏ်ရာရတာက အခြေအနေအမျိုးမျိုး လူအရောင်အမျိုးမျိုး ထိတွေ့တဲ့ ရဲမှုတွေမှာ ရာခိုင်နှုန်းနည်းပါးပေမယ့် နိုင်ငံရဲ့ ပထမဆုံးလူမည်းသမ္မတ အိုဘားမားလက်ထက်ကစလို့ မီဒီယာအားအပြင် လူကြိုက်များခဲ့တဲ့ သူ့ရဲ့ဩဇာကို အသုံးပြုပြီး ပုံကြီးချဲ့ကာ နိုင်ငံကို အစဥ်အလာ လူမျိုးရေးခွဲခြားတဲ့ တိုင်းပြည်အဖြစ် သွပ်သွင်းပုံဖော်ခဲ့ကြတာပါ။
ညစ်ပတ်တဲ့ နိုင်ငံရေးသမားတွေရဲ့ ပြည်သူမျက်ဖြူဆိုက်လေ သူတို့အမြတ်ထုတ်လို့ရလေဆိုတဲ့ အစီအမံကို အကောင်အထည်ဖော်ဖို့ မျက်ကန်း၊ သံယောင်များအပြင် ခေါင်းမပါပဲ ရှူးတိုက်တိုင်းကိုက်မယ့် စွမ်းအားရှင်တွေကလည်း မနည်းလှပါဘူး။ သူတို့အတွက် လောင်စာကတော့ အမုန်းပါ။ ဒါကြောင့်လည်း ဒီမိုကရက်ခေါင်းဆောင်တွေက ပြည်သူကို အစိပ်စိပ်ပိုင်း သပ်လျိုပြီး အချင်းချင်းကြား အမုန်းနဲ့ သံသယ ပျိုးပေးထားကာ လိုအပ်သလို မီးရှိန်အတက်အကျ ဖန်တီးတတ်တာ identity politics ကို နားလည်ပြီး လေ့လာရင် တွေ့ပါမယ်။
အိုဘားမားတို့ရဲ့ ပြည်ဖျက်အစီအစဥ်က တော်တော်အောင်မြင်ပါတယ်။ ဂျော့ဂျ်ဖလွိုက်နောက်ဆက်တွဲကတော့ ရဲတွေ အထူးသဖြင့် လူဖြူရဲတွေက လူမဲရာဇဝတ်သားတွေဆိုရင် ဘဝအပျက်မခံပဲ လက်ရှောင်ကြတာပါပဲ။ အကျိုးဆက်ဘာဖြစ်လာမလဲ သိချင်ရင် ကိုယ်တိုင် (သို့) ကိုယ့်မိသားစုတဦးဦးကို လူမည်းတယောက်/တအုပ်က စော်ကားနှောက်ယှက်နေရင် လူဖြူရဲက သူ့ဘဝအပျက်ခံပြီး ကိုယ့်ကို လာကယ်ပါ့မလား တွေးကြည့်သင့်ပါတယ်။ ရဲမပြောနဲ့ ကိုင်လ်လိုမျိုး ကူညီချင်စိတ်ရှိသူလေးတွေကလည်း ကူညီဖို့ လက်တွန့်နေပါလိမ့်မယ်။
ကိုင်လ်အဖြစ်မှာလည်း မနှစ်ကနွေရာသီမှာ ဖြစ်ခဲ့တာကနေ တနှစ်ကျော်ကြာ အမှုပြီးသွားတဲ့နောက်ပိုင်းမှာတောင် ပုံမှန်ကလေးတယောက်လို အပြင်ထွက် ကစား ခွေးကျောင်း အလုပ်လုပ် သူငယ်ချင်းတွေနဲ့ ဆုံကြ ပျော်ကြတာမျိုး အခွင့်အရေးတွေ အကုန်လုံး ဆုံးရှုံးသွားပြီး နေ့နေ့ညည မီဒီယာရဲ့ လေလှိုင်းက တိုက်ခိုက်မှုအပြင် အပြင်မှာပါရန်ရှာချင်ကြသူတွေကြောင့် လုံခြုံရေးမငှားပဲ ဘယ်မှ မသွားရဲလောက်အောင် ဘဝက ပြောင်းလဲသွားတာပါ။
တကယ်တမ်းကိုင်လ်က သေနတ်ယူသွားဖို့ မဟုတ်ပါဘူး။ သူက ဆရာဝန်ဖြစ်ချင်၊ လူတွေကို ကုချင် ကယ်ချင်တဲ့ ကလေးလဲဖြစ် အရေးပေါ်လူနာတင်ကားမှာကူဖို့ လေ့ကျင့်ထားသူလဲဖြစ်တော့ သူ့ဆေးအိတ်ကလေးနဲ့ သွားကူတာပါ။ သူ့သူငယ်ချင်းက အခြေအနေအရ လိုလိုမယ်မယ် သေနတ်ယူလာပေးခဲ့တာရယ် အခြေအနေက ဆေးအိတ်မလိုပဲ ကိုယ့်ကို အဝိုင်းခံလာရတဲ့အခြေအနေဖြစ်လာခဲ့လို့ နောက်ဆုံး ကျဥ်းတဲ ကျပ်ထဲရောက်ချိန်မှာ ပစ်ခတ်ခဲ့တာပါ။ အဲဒီဖြစ်စဥ်မှာ ကီနိုရှာမြို့တမြို့ထဲကို သန်း၅၀ဖိုးလောက် ပျက်စီးခဲ့တာပါ။ အဲဒါကိုတော့ လက်ဝဲ မီဒီယာတွေက မဖော်ပြကြတဲ့အပြင် ငြိမ်းချမ်းစွာ ဆန္ဒပြနေကြတာပါလို့ တချိန်လုံး လိမ်လည်နေခဲ့တာပါ။
သူပစ်လို့ သေခဲ့တာ လူမည်းပါရင်တော့ ဘိုင်ဒန်တို့ ညာသံပေးနေပုံနဲ့ အခုဆို ဒဲရစ် ချော်ဗင် (ဂျော့ဂျ်ဖလွိုက်ရဲ)ထက် နှစ်ပေါင်းများစွာ ပိုကျရင် ကျနေမှာပါ။ သူပစ်ခဲ့တာ အရွယ်ရောက်ပြီး လူဖြူတွေဖြစ်တဲ့အပြင် ရာဇဝတ်မှု နောက်ကြောင်းအသီးသီးရှိကြပြီး သူ့ကိုအရင် ဝိုင်းတိုက်ခိုက်ခဲ့ကြတာပါ။ သူပစ်ခဲ့အပြီးမှာလည်း ရဲကိုခေါ်ပြီး လူနာတင်ကားကို စောင့်ပေးခဲ့ပါတယ်။ ဘယ်သူပဲ အသက်ဆုံးဆုံး သေသူအတွက်ရော ကျန်ရစ်သူတွေအတွက်ပါ စိတ်မကောင်းစရာဖြစ်ပေမယ့် သူများကို ရန်ရှာချင်တဲ့သူတွေ ဒုက္ခရောက်ရင်တော့ ဘယ်သူမပြု မိမိမှုလို့ပဲ ပြောရမှာပါ။
ကိုင်လ့်အမှုမှာ အမှုသာပြီးသွားတယ်၊ မီဒီယာတွေက သတင်းအမှားတွေ တင်လို့ မှိုင်းတိုက်လို့ မဆုံးသေးသလို ဩဇာရှိတဲ့ ဒီမိုကရက်ခေါင်းဆောင်များကပါ အခြေအနေအရပ်ရပ်ကို ထည့်သွင်းမစဥ်းစားပဲ အတင်းကြီး အပြစ်ရှိတယ်ဆိုနေကြပါသေးတယ်။ လူမည်းဆိုလို့ သူ့ ၂ဆလောက်ကြီးတဲ့သူက ကိုင်လ်လဲနေချိန်မှာ ခေါင်းကို ခုန်ကန်တာပဲ ရှိတဲ့ကြားက အဲဒီလူဘယ်သူဆိုတာကို ဝိုင်းဖုံးထားကြပြီး ကိုင်လ်ကိုပဲ လူမျိုးရေးခွဲခြားသူအဖြစ် တွင်တွင်ပြောနေကြဆဲပါ။ သူ့နေရာမှာ လူမည်းဆိုရင်ဆိုတာမျိုးနဲ့လည်း သပ်လျိုကြပါသေးတယ်။ အမေရိကန်တရားရေးစနစ်မှာ အပြစ်ကျူးလွန်ကြောင်း သက်သေထင်ရှားမပြနိုင်သ၍ ဘယ်သူ့ကိုမှ အပြစ်ရှိတယ်လို့ မယူရ ဆိုတဲ့ အခြေခံအုတ်မြစ်ကို မျက်ကွယ်ပြုနေကြတာက နိုင်ငံရဲ့ အာဏာအရှိဆုံးသူတွေ၊ မီဒီယာကြီးတွေ၊ ထင်ရှားသူတွေ ဖြစ်နေတာ စိတ်မကောင်းစရာပါ။
အခုလိုတွေဖြစ်မယ်မှန်းသိရင် မနှစ်က ဘာပဲဖြစ်ဖြစ် သွားမကူပါဘူးလို့ တွေးမိနေတယ်လို့ သူမိခင်က ဆိုပါတယ်။ နိုင်ငံသားကောင်း ပီသချင်တဲ့ လူသားဆန်ချင်တဲ့ ကလေးတယောက် နောက်နောင် တ ဘယ်သူဘာဖြစ်ဖြစ် ကိုယ့်ဖာသာကိုယ် အိမ်ထဲပိတ်နေတာက အကျိုးရှိတယ်လို့ သင်ပေးလိုက်သလိုပါပဲ။ နေသာသလိုနေသူတွေ များလာရင် လောကကြီး အဆင်းဘီးတပ်ပေးလိုက်သလို ဖြစ်တော့မှာပါ။ အဲဒီလိုဖြစ်လာမှ ပိုကောင်းမယ့်နေရာလေး ပြောင်းသွားမယ့်အစား ကိုယ်နေနေတဲ့ ပတ်ဝန်းကျင်မှာ မတရားမှုတွေ စိုးမိုးမလာအောင် တတ်နိုင်တဲ့ဖက်က ကြိုးစားကြတာက ပိုလက်တွေ့ကျပါလိမ့်မယ်။ ပိုကောင်းမယ်လို့ထင်တဲ့နေရာကို ပြောင်းပြီး ကိုယ့်လက်ရှိ နိုင်ငံသားကောင်းမပီသတဲ့ နေသာသလိုနေချင်တဲ့ စိတ်ဓါတ်နဲ့ပဲဆိုရင် ဘယ်နေရာကို ပြောင်းပြောင်း အရင်နေရာလိုပဲ ဖြစ်နေဦးမှာပါပဲ။