ဘန်ဂျွန်ဆင် (ဒေးလီးဝိုင်ယာ)ကို မှီငြမ်းပါသည်။
မကြာသေးမီက အတည်ပြုပြဌာန်းလိုက်တဲ့ ၁.၂ ထရီလီယံကုန်ကျမယ့် အခြေခံအဆောက်အဦအသုံးစရိတ်ကို ပြဌာန်းဖို့ ကြိုးစားစဥ် မဲဆွယ်တုန်းက လမ်းအသစ်၊ တံတားအသစ်တွေ ဆောက်မယ်ဆိုပြီး ကတိပေးခဲ့တာပါ။ တကယ်တန်းထွက်လာတော့ တကယ်လမ်းတံတားအသစ် ဆောက်လုပ်ဖို့ ဘတ်ဂျက်က ၁၀% ဖြစ်တဲ့ ၁၁၀ ဘီလီယံ ပဲ ပါတာပါ။ အဲဒီထဲက ၄၀ ဘီလီယံက တံတားတွေ၊ ၄၂ ဘီလီယံက လေဆိပ်နဲ့ သင်္ဘောဆိပ်တွေ၊ ၅၅ ဘီလီယံက ရေပိုက်တွေ ပြန်ပြင်ဖို့ ပါပါတယ်။
မဲပေးရာမှာ ရှုံးနိမ့်သွားတဲ့ ဘိုင်ဒန်ရဲ့ Build Back Better ဆိုတဲ့ ဥပေဒေကြမ်းမှာတော့ အရင်က ၃.၅ ထရီလီယံကုန်ကျဖို့ အဆိုပြုထားခဲ့ပြီး အခုအတည်ပြုလိုက်တဲ့ infrastructure bill နဲ့ တွဲထုတ်ဖို့ စီစဥ်ခဲ့ပေမယ့် အရေးနိမ့်ခဲ့လို့ ခွဲလိုက်ရတာပါ။ BBB ရဲ့ နောက်ဆုံးဗားရှင်းမှာတုန်းက ၁.၇၅ထရီလီယံကုန်ကျမယ့် social spending အစီအစဥ်ပါပါတယ်။ အဲဒါကို social infrastructure လို့လည်း ညွှန်းကြပါတယ်။
Infrastructure bill က ကိုယ်ပိုင်ကားမောင်းသူတွေကိုလည်း ဒဏ်ပေးပါတယ်။ နာမည်ပေးတာကတော့ Congestion Relief Program ယာဥ်ပိတ်ဆို့မှုလျော့ကျရေးအစီအစဥ်လို့ နာမည်လှလှ ပေးထားပါတယ်။ မြို့ကြီးတွေမှာ ယာဥ်ကျပ်တာကို လျော့ချဖို့ မြို့ထဲဝင်တဲ့ ကားတွေကို ရုံးတက် ရုံးဆင်းချိန်လို အချိန်တွေမှာ မြို့ဝင်ခ ပိုကောက်မယ့်အပြင် မြို့ထဲမှာ ကြာကြာမနေအောင် ကားရပ်ခတွေ တိုးကောက်ပါမယ်။ ဘတ်စ်နဲ့ ရထားတွေကို သုံးစေချင်လို့ လုပ်တာ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် တိုးလာတဲ့ ရာဇဝတ်မှုတွေအပြင် နေရာတိုင်းမှာ ဘတ်စ်နဲ့ ရထားစနစ် မကောင်းတာကြောင့် ပြည်သူတွေကြား အခက်အခဲတွေ ပိုများလာနိုင်ပါတယ်။
နောက်တချက်ကလည်း ဘေလ်ထဲမှာ ကားမောင်းသူတွေကို လိုရာကို လုံခြုံမြန်ဆန်စွာ ရောက်ဖို့ထက် လမ်းပေါ်မှာ ကြာနေအောင် လမ်းပေါ်မှာ ယာဥ်အသွားအလာကို အေးသွားအောင် လမ်းဒီဇိုင်းဆွဲတာ၊ feature ထည့်တာ၊ measure ထည့်တာ စတာတွေနဲ့ ယာဥ်မြန်နှုန်းလျော့ချဖို့ အလေးပေးစီစဥ်ထားထာ ပါဝင်ပါတယ်။ ကားတွေကို လက်ရှိထက် အရှိန်လျော့ဖို့ သတ်မှတ်ရင် ကားမောင်းသူတွေက လမ်းပေါ်မှာ အချိန် ပိုဖြုန်းရမှာဖြစ်ပြီး လေထုလည်း ပိုညစ်ညမ်းမှာဖြစ်ပါတယ်။ ကားမောင်းချိန် ပိုကြာရင် စျေးသက်သာတဲ့ ဆင်ခြေဖုံးမြို့လေးတွေမှာ နေတဲ့လူတွေအတွက်က ပြဿနာပါပဲ။ မိသားစုအတွက်လည်း အချိန်နည်း၊ ဘဝအရည်အသွေးလည်းကျနဲ့ ကောင်းကွက် ဘယ်နားရှိလဲ စဥ်းစားလို့ကို မရသေးပါဘူး။
အဆိုးဆုံးကတော့ ရှိပြီးသားလမ်းတွေ တံတားတွေကို လူမျိုးရေး ခွဲခြားလို့ဆိုပြီး ပြန်ဖျက်ဖို့ သန်း ၅၀၀ လျာထားတာပါ။ လူမျိုးရေးခွဲခြားတယ်ဆိုတာက လူနည်းစုတွေ နေတဲ့ နေရာတွေကနေ အမြန်လမ်းပေါ် တက်ဖို့ ခက်ခဲတာကြောင့် သူတို့ဘဝတိုးတက်မှု နှောင့်နှေးရတယ်လို့ ဆိုပါတယ်။ ဟိုင်းဝေးတက်ဖို့ တချို့နေရာတွေကခက်ပြီး တချို့နေရာတွေကလွယ်တာ နေရာတိုင်းမှာ ပုံမှန်ပါပဲ။ အန္တရာယ်များတဲ့လမ်း၊ အသုံးမတည့် ကန့်လန့်ဖြစ်နေတာတွေကို ဖျက်ပစ်တာ နားလည်လို့ရပေမယ့် အဲဒီလိုမဟုတ်တဲ့ ရှိပြီးသားလမ်း/တံတားအကောင်းတွေကို ဖျက်လိုက်ရင် ကျန်တဲ့လမ်းတွေမှာ ကားပိုကျပ်မှာဖြစ်ပြီး ဆီနဲ့ အချိန် ပိုကုန်ပါမယ်။
ကားတွေ လမ်းပေါ်မှာ အချိန်ကြာလာတာက ပတ်ဝန်းကျင်အတွက်လည်း မကောင်းနိုင်တာ သေချာတဲ့အတွက် ဒီအချက်တွေကတင် ဒီမိုကရက်တွေက ပတ်ဝန်းကျင်ကို တကယ်ဂရုစိုက်တာမဟုတ်ပဲ သူတို့အာဂျင်ဒါတွန်းဖို့ ကာဗာအနေနဲ့ပဲ လုပ်နေတာ သိသာစေပါတယ်။ COP26 တုန်းကလည်း သိသာပြီးပါပြီ။ တခါလိမ် လိမ်သူအပြစ် နှစ်ခါလိမ် ခံသူအပြစ်ဆိုရင် အကြိမ်ကြိမ် ပျော်ပျော်ကြီး အလိမ်ခံနေသူများကို ဘယ်လိုပြောရပါ့။
Infrastructure bill မှာ public transport အတွက် ၃၉ဘီလီယံ လျာထားပါတယ်။ ဘိုင်ဒန်တို့ကတော့ ဒါက ပါ့ဘလစ်ထရန်စပို့အတွက် ဖက်ဒရယ်အစိုးရက အများဆုံး ချပေးတာလို့ ကြွားကြပါတယ်။ ရထားတွေ အတွက်က နောက်ထပ် ၆၆ ဘီလီယံ လျာထားပြီး အဲဒီထဲက အများစုက Amtrak အတွက် ဖြစ်ပါတယ်။ Amtrak က စတင်တည်ဆောက်တဲ့ ၁၉၇၁ကစပြီး အရှုံးတွေပဲ ဆင့်လာတာ ခုထိပါပဲ။ ပုဂ္ဂလိကလုပ်သမျှက မြတ်ပြီး အစိုးရဝင်စီမံသမျှ ရှုံးတာတွေကိုကြည့်ရင် ဆိုရှယ်လစ်စနစ်လိုဟာမျိုးက ဘယ်လိုမှ အောင်မြင်နိုင်ခြေမရှိဘူးဆိုတာ သိနိုင်ပါတယ်။
သူတို့ပြောတဲ့ bipartisan infrastructure bill မှာ ကလိုင်းမိတ်ပေါ်လစီနဲ့ ပါတ်သက်တာတွေလည်း ပါနေပါတယ်။ တိုတိုပြောရင်တော့ ပြည်နယ် ၅၀စလုံးရဲ့ ပတ်ဝန်းကျင်ရေးရာမူဝါဒတွေ ထိန်းချုပ်ခွင့်ကို ဘယ်ပြည်နယ်က ကာဗွန်အီမစ်ရှင် ဘယ်လောက်လျော့ချရမယ်လို့ ရုံးခန်းကနေ ထိုင်သတ်မှတ်ခွင့် ဝါရှင်တန်ကို ပေးအပ်လိုက်တာပါပဲ။ ပြည်နယ်တွေက သူတို့ကာဗွန်ထုတ်လွှင့်မှု ဘယ်လောက် လျော့ချမယ်ဆိုတာကို ဗျူဟာချမှတ်ပြီး ဖက်ဒရယ်အစိုးရဆီ ထောက်ခံအတည်ပြုချက် ယူရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ၄နှစ်တကြိမ်လည်း အပ်ဒိတ်လုပ်နေရဦးမှာ ဖြစ်ပါတယ်။ ဒါကတော့ ဘောင်ကျော်လာပါပြီ။
Green energy program တွေအတွက် ၁၅ ဘီလီယံနဲ့ လျှပ်စစ်ကားတွေ အားသွင်းဖို့အတွက် ၇.၅ ဘီလီယံ၊ လျှပ်စစ်/ကာဗွန်ထုတ်လွှင့်မှုနဲတဲ့ ဘတ်စ်နဲ့ ဖယ်ရီတွေ အတွက် နောက်ထပ် ၇.၅ ဘီလီယံ၊ အမေရိကန်ရဲ့ energy grid အတွက် ၆၅ ဘီလီယံ ခွဲတမ်းချထားတာဖြစ်ပါတယ်။ အဲဒီ ၆၅ ဘီလီယံထဲမှာလည်း green energy အတွက် ဘီလီယံနဲ့ချီပြီး ပါနေပါသေးတယ်။ ပေါ်ပေါ်ထင်ထင်ရော တခြားခေါင်းစဥ်တွေအောက်မှာ ပုန်းလျိုးကွယ်လျိုးရော ပါနေတာပါ။
အဲဒီဘေလ်မှာ အကြိမ် ၇၀တိတိ ပါနေတဲ့ စကားလုံးကတော့ လက်ဝဲတွေရဲ့ လက်သုံးစကားဖြစ်တဲ့ equity ပါ။ Digital equity ကို ဖော်ဆောင်နိုင်မှသာ လူမှု စီးပွားရေးအရ တရားမှာဖြစ်လို့ (ဘယ်လောက်ကုန်ကုန်) လုပ်သင့်တယ်လို့ ဆိုပါတယ်။ Equity ဆိုတာက equality နဲ့ မတူပါဘူး။ သူတို့ပြောချင်တဲ့ equity ဆိုတာက ဘယ်လို အရည်အချင်းမျိုးပဲရှိရှိ ဘယ်လိုအားထုတ်မှုပဲရှိရှိ သူတို့လဲ ဝေစုတူ ရလာဒ်တူ ရချင်တာပါ။ သိပ်ယုံကြည်တယ်ဆိုရင်တော့ ရောဂါကြီးကြီးဖြစ်လို့ ဆရာဝန်ပြရရင် တကယ်အရည်အချင်းရှိသူနဲ့မပြပဲ အုတ်ရောရော ကျောက်ရောရော အဆင့်နှိမ့်ခေါ်ထားတာတွေနဲ့ ပြကြပေါ့။ အိမ်ဆောက်ရင် ကားပြင်ရင် စာသင်ရင် စတာတွေလည်း တူတူပါပဲ။ ယုံကြည်တာကို ရွေးပါ၊ အသားအရောင်က ပိုအရေးကြီးတယ်ဆိုရင်လည်း ဘာဖြစ်ဖြစ် အရောင်နဲ့ရွေး၊ အရည်အချင်းက ပိုအရေးကြီးတယ်ထင်ရင် အရည်အချင်းနဲ့ ရွေးပေါ့။ ဒါပေမဲ့ ဒီမိုကရက်ခေါင်းဆောင်တွေကတော့ နေမကောင်းရင်ဖြစ်ဖြစ် အိမ်ဆောက်ရင်ဖြစ်ဖြစ် ကလေးပညာရေးဖြစ်ဖြစ် ဘယ်လိုလူတွေကို သုံးမယ်ထင်ကြလဲ။ ပြောစရာ မလိုဘူးထင်ပါတယ်။
အဲဒီ equity အစီအစဥ်တခုအနေနဲ့ ဝင်ငွေနည်းတွေ၊ လူနည်းစုတွေ၊ သက်ကြီးသူတွေနဲ့ ထောင်သားတွေကို မြန်နှုန်းမြင့်အင်တာနက်ပေးဖို့နဲ့ အင်တာနက် သင်တန်းပေးဖို့ ၆၅ဘီလီယံ ခွဲတမ်းလည်း ပါပါသေးတယ်၊။ အဲဒီအင်တာနက်ပေးမှုကို ကျောင်းစာပဲလုပ်ရမယ်၊ စာဖတ်တာ အကျိုးရှိတာပဲ လုပ်ရမယ်လို့ ကန့်သတ်ထားတာ မရှိပါဘူး။ အင်တာနက်က ကောင်းတာတွေ ရှာနိုင်သလို ဆိုးတာတွေလည်း ရှာနိုင်လို့ ထောင်ထဲကလူတွေကို မကောင်းတဲ့ဖက်မှာ မသုံးအောင် ဘယ်လိုထိန်းချုပ်မလဲ စသဖြင့် အများကြီး မေးစရာရှိလာပါတယ်။ အခုတောင် ကမ္ဘာ့အင်တာနက်အသုံးပြုမှုပေါင်းရဲ့ ၃ပုံ ၁ပုံနီးပါးက အပြာကားတွေ ကြည့်ကြတာပါ။
အခုလို အကုန်အကျအရမ်းများတဲ့ အသုံးစရိတ်ကို ဘာနဲ့ ပေးမလဲဆိုတော့ ကွန်ဂရက်စ်က အလုပ်လက်မဲ့ခံစားခွင့်အဖြစ် တပတ်ကို $300 အပိုဆောင်းပေးတာကို (အနီ)ပြည်နယ်တချို့က မယူခဲ့တဲ့အတွက် ကျန်နေတာရှိပါတယ်။ အဲဒါရယ် နောက်ပြီး ထရမ့်လက်ထက်က တိုင်းပြည်အရေးပေါ်အခြေအနေအတွက် လှောင်ထားတဲ့ အရံရေနံစည်ပေါင်း သန်း၅၀ ကို ထုတ်ရောင်းတာက ရမယ့်ငွေ ရှိပါမယ်။ အခွန်တွေ ခေါင်းစဥ်ပေါင်းစုံနဲ့ ပြည်သူအပေါ် တိုက်ရိုက်ရော၊ လုပ်ငန်းရှင်တွေကို အခွန်မြှင့်ကောက် အခွန်အမျိုးအစားတိုးကောက်ခြင်းဖြင့် (ကုန်ကျစရိတ်က ပြည်သူဆီကပဲ လာရမှာဆိုတော့) ပြည်သူကို သွယ်ဝိုက်အခွန်ကောက်တာရော အဲဒါတွေကလည်း လာပါမယ်။ လောလောဆယ် ကုန်စျေးနှုန်းတက်ရတဲ့ အကြောင်းတခုဖြစ်တဲ့ ငွေစက္ကူ ရိုက်ထုတ်နေတာလည်း ပါပါတယ်။
ကျန်တာက မိုးပေါ်က ကျလာလိမ့်မယ်လို့ ထင်နေကြသူတွေ ရှိသလို အခုလိုကလိုင်းမိတ်အရေးပေါ်ဖြစ်နေချိန်မှာ နောက်အနှစ် ၂၀ဆို ငါတို့တွေ ရှိချင်မှ ရှိတော့မှာဆိုတော့ ငွေကြေးကိစ္စက ထည့်ပြောနေရသေးလားလို့ အေအိုစီတို့ ဘာနီဆန်းဒါးစ်တို့ ဂရီတာသန်းဘတ်ဂ်တို့က အငေါ်တူးကြပါလိမ့်ဦးမယ်။ ပြောရရင်တော့ အများစုက တိုးလာတဲ့အခွန်တွေနဲ့ ငွေဖောင်းပွမှုတွေကြား ပင်ပင်ပန်းပန်း ငြိုငြိုငြင်ငြင် အကုန်အကျ ခံရမယ့်အပြင် ကိုယ့် သားသမီးမြေးမြစ်တွေ လက်ထက်အထိ ပြဲနင့်နေအောင် ဆပ်ရမှာပါ။ အဖေကရှာခဲ့ သိမ်းဆည်းခဲ့ အလုပ်အကိုင်ဖန်တီးပေးခဲ့ပြီး အိမ်လုံအောင်လုပ်ခဲ့သမျှ ပထွေးလက်ထက်မှာ အကုန် သုံးဖြုန်း ခြံစည်းရိုးတွေပါ ဖျက်ပြီး သာလာယံဇရပ် အလုပ်ခံရတာနဲ့ တူနေပါတယ်။