ကိုင်လ့်အမှုဆုံးဖြတ်ချက်အပေါ် မကျေနပ်တာကို အကြောင်းပြပြီး လုယက်ကြတဲ့သူတွေကို ပြည်နယ်အစိုးရတွေက နိုင်နိုင်နင်းနင်း နှိမ်နှင်းဖို့ ပျက်ကွက်တာကတပိုင်း၊ တရားရေးဘက်ကလည်း နိုင်ငံရေးနဲ့ မပတ်သက်သ၍ နောက်ထပ် ကျူးလွန်နိုင်ခြေ နည်းအောင် ထိထိရောက်ရောက် အဟန့်အတားဖြစ်စေမယ့် ပြစ်ဒဏ်မျိုး မချမှတ်နေတာ တပိုင်းအပြင် အဆိုးဆုံးကတော့ လုယက်မှုတွေကို ပုံမှန်လို မြင်လာအောင် စကားလုံးတွေကို အဓိပ္ပါယ် လိုသလိုဖွင့်ဆိုလို့ရတဲ့ သားရေကွင်းအဘိဓာန်ကို လစ်ဗြဲဆရာကြီးများက ကြိုးစား မိတ်ဆက်နေကြတာ ဖြစ်ပါတယ်။ အရင်တုန်းက ဒီမိုကရက်တွေက ငတ်လို့ ခိုးတာ အပြစ်မရှိဘူးလို့ ဖာကြပေမယ့် အခုဟာက ငတ်လို့ခိုးတာမဟုတ်မှန်း သေချာနေတော့ တခြားနည်းနဲ့ ဖော့ဖို့ ကြိုးစားကြတာဖြစ်ပါတယ်။
University of New Heaven က Criminal Justice and Community Policing ဆိုင်ရာ ပါမောက္ခ ဒေါက်တာ လော်ရန်ဇိုဘွိုက်ဒ်က လုယက်တယ်ဆိုတဲ့ စကားလုံးက အရောင်ရှိတဲ့လူတွေအတွက် သိပ်ပြီး နစ်နာပါတယ်၊ တကယ်လို့သာ လူဖြူတွေက လုယက်ခဲ့ရင် အဲဒီလို စကားလုံး ရင့်ရင့်သီးသီးကြီး သုံးပြီး စွပ်စွဲမှာ မဟုတ်ဘူးလို့ သူ့ရဲ့ မဟာပညာရှိအမြင်ကို တင်ပြသွားပါတယ်။ အဲဒီလူမျိုးကို ဆရာဖြစ်နေတဲ့အပြင် ပညာတတ်လစ်ဗြဲတွေ မရှုပ်ရှုပ်အောင်ပြောတိုင်း အထင်တကြီး ဖော်လိုလိုက်သူတွေရှိနေတော့ တိုင်းပြည်အနာဂတ်ကို ပိုင်စိုးမယ့်လူငယ်တွေရဲ့ အတွေးအခေါ်အပေါ် အများကြီး စိုးရိမ်သွားမိပါတယ်။
တက္ကဆက်စ်လို ရီပါဘလစ်ကန်အုပ်ချုပ်တဲ့ ပြည်နယ်မှာတောင် ကျောင်းကောင်းတယ်ဆိုတဲ့ Round Rock ကျောင်းခရိုင်ရဲ့ ကျောင်းအုပ်ချုပ်ရေးအဖွဲ့က လက်နက်ကိုင်အစောင့်တွေ ငှားထားပြီး သူတို့ကို အာခံ တုန့်ပြန်တဲ့ မိဘတွေကို အစည်းအဝေးခန်းကနေ ဆွဲထုတ် ရဲစခန်းပို့လို့ ရဲစခန်းကအချုပ်မှာ ညအိပ်ရသူတဲ့ မိဘတွေ ရှိနေပါတယ်။ အစည်းအဝေးခန်းမထဲမှာတော့ ပုတ်သင်ညိုတွေပဲ ချန်ထားပြီး ကျန်တဲ့လူ အသံထွက်တာနဲ့ အပြင်ဆွဲထုတ်ပြီး ပိတ်ထားလိုက်တာပါ။ ကယ်လီဖိုးနီးယားတို့ နယူးယောက်တို့ဆို အဲဒီထက် အများကြီး ဆိုးနိုင်ပါတယ်။ အရေးကြီးတာက ဒီထက်ပိုပြီး ဖိမလာခင် ဖိမရအောင် နောင်မဖိရဲအောင် နည်းလမ်းရှာသင့်တယ်လို့ ထင်ပါတယ်။
ဘိုင်ဒန်က တက်နေတဲ့ ဆီဈေးတွေနဲ့ ပတ်သက်လို့ အမေရိကန်တွေကို လျှပ်စစ်ကားတွေ ဝယ်ရင် ဆီဖိုးသက်သာမယ်လို့ အကြံပြုလိုက်ပါတယ်။ သူပြောတာ မှားတယ်လို့ ပြောလို့မရပေမယ့် သမ္မတတယောက် ပြောရမယ့်စကားမဟုတ်သလို ဘာပြဿနာကိုမှလည်း မပြေလည်စေနိုင်ပါဘူး။ တော်တော်မောင်းနှင်နိုင်သေးတဲ့ အင်ဂျင်ကားဟောင်းတစီးကို အနည်းငယ်သော ထောင်ဂဏန်းမျှနဲ့ လွယ်လွယ်ကူကူ ဝယ်နိုင်ပေမယ့် လျှပ်စစ်ကားတွေကိုတော့ အနည်းဆုံး သုံးသောင်း + tax + fees ပေးရပါတယ်။ လူတိုင်းတတ်နိုင်တဲ့ အနေအထား မဟုတ်ပါဘူး။ အထူးသဖြင့် အခုလို ရတဲ့ငွေလေးတွေ ကြုံ့သထက် ကြုံ့ဝင်နေပြီး ကုန်ကျစရိတ်တွေ ကြီးသထက် ကြီးလာနေချိန်မှာပါ။ ပေါင်မုန့်မရှိရင် ကိတ်မုန့်စားဆိုတာထက် ဆိုးရွားတဲ့ စကားပါ။ အဲဒါကြောင့်လည်း ပြည်သူနဲ့ အလှမ်းဝေးနေတဲ့ ဒီမိုကရက်ခေါင်းဆောင်ဆိုတာတွေကို tone-deaf လို့ ညွှန်းကြတာပါ။
ဘိုင်ဒန်က ဘဏ်တွေနဲ့ ငွေကြေးဆိုင်ရာကိစ္စတွေကို အုပ်ချုပ်ဖို့ အမည်စာရင်းတင်သွင်းထားတဲ့ ကောနယ်လ်တက္ကသိုလ်က ဥပဒေပါမောက္ခ Saule Omarova ဟာ အထက်လွှတ်တော်မှာ အစစ်ခံရင်း သူ့ရဲ့ လက်ဝဲစွန်းသမိုင်းက ဖုံးမရ ဖိမရ ဖြစ်လာတာကြောင့် ဒီမိုကရက်တွေကြားမှာတောင် ကန့်ကွက်တဲ့သူတွေ ရှိနေပါတယ်။ ၅၀-၅၀ လွှတ်တော်မှာ ရီပါဘလစ်ကန်တွေ အကုန်လုံးက ကန့်ကွက်မှာအပြင် ဒီမိုကရက်တချို့ကပါ ကန့်ကွက်မယ်ဆိုရင် မဲအရေအတွက် ပြည့်မှာမဟုတ်လို့ ဒီအမည်တင်သွင်းမှု အထမမြောက်တော့ပဲ သူမလည်းခန့်အပ်ခံရမှာ မဟုတ်တော့ပါဘူး။
Omarova သာ ခန့်အပ်ခံရရင် သူမက national bank ပေါင်း ၁၂၀၀ လောက်နဲ့ ဆက်စပ် institution တွေကိုပါ တာဝန်ခံရမှာဖြစ်ပါတယ်။ အဲဒါတွေက တနိုင်ငံလုံးက ဘဏ်တွေရဲ့ ၇၀% ရှိပါတယ်။ ဒါ့အပြင် the Federal Deposit Insurance Corporation မှာလည်း ဒါရိုက်တာဖြစ်လာမှာ ဖြစ်ပါတယ်။
Omarova က အခု ခါဇက်စတန်နိုင်ငံဖြစ်နေတဲ့ ဆိုဗီယက် ပြည်ထောင်စုထဲမှာ မွေးခဲ့တာဖြစ်ပြီး မော်စကိုမှာ ဘွဲ့ရခဲ့တာပါ။ သူမက သူမကွန်မြူနစ် မဟုတ်ပါဘူး၊ အဲဒီအယူအဆကို သူလက်မခံပါဘူးလို့ အထက်လွှတ်တော်က စစ်ဆေးစဥ်မှာ ငြင်းခဲ့ပေမယ့် သူမက အမေရိကန်တွေရဲ့ ငွေတွေကို ပုဂ္ဂလိကဘဏ်တွေကနေ the Federal Reserve ကို ပြောင်းပြစ်ပြီး အမေရိကန်မှာ လက်ရှိကျင့်သုံးနေတဲ့ ဘဏ်စနစ်ကို တခန်းရပ်ပစ်ဖို့ အောက်တိုဘာလက law review ဆောင်းပါးတခုမှာ ရေးသားခဲ့ကြောင်း နယူးယောက်ပို့စ်က သတင်းပို့ထားပါတယ်။
အဲဒီဆောင်းပါးမှာ သူမအဆိုပြုခဲ့တဲ့ ဘဏ်စနစ် အသစ်ကိုတော့ the People’s Ledger လို့ ခေါ်ကြမယ်လို့လည်း ဖော်ပြထားပါတယ်။ အဲဒါဆို သူကွန်မြူနစ်ဝါဒကို လက်မခံဘူးဆိုတာ လိမ်တာပဲ ဖြစ်မှာပါ။ မလိမ်တတ်ရင် ဘိုင်ဒန့်အစိုးရမှာ မခန့်ဘူးလို့များ ကန့်သတ်ချက် ရှိနေသလားလို့တောင် တွေးမိပါတယ်။ ပုဂ္ဂလိကကဏ္ဍကို ချိနဲ့အောင်လုပ်ဖို့အပြင် နောက်တခု သူမ အရမ်းအလေးထားတာကတော့ ရာသီဥတု ပြောင်းလဲမှုပဲဖြစ်ပါတယ်။ အဲဒီအတွက် လုပ်ငန်းရှင်လေးတွေ ဒေဝါလီခံရလည်း တန်တယ်လို့ မြင်တဲ့သူပါ။ သေချာတာက သူမလဲ ဘိုင်ဒန်တို့လိုပဲ ပြည်သူချောင်ချိဖို့ အဆင်ပြေဖို့ကို လုပ်သင့်တဲ့ ကိစ္စအဖြစ် ခေါင်းထဲမှာ လုံးဝ ရှိမနေတာပါ။