South African Medical Association က ဥက္ကဋ္ဌ Dr. Angelique Coetzee က အခုထွက်နေတဲ့ မျိုးကွဲအသစ်နဲ့ ပတ်သက်ပြီး သတိပြုဖို့ အားလုံးကို တပ်လှန့်ခဲ့သူတဦးဖြစ်ပါတယ်။ သူမရဲ့ လူနာ ၃၀ကျော်ကို ပြီးခဲ့တဲ့ ၁၀ရက်အတွင်း လေ့လာချက်အရ အိုမီခရွန်မျိုးကွဲသစ်ဟာ အရင်မျိုးကွဲတွေနဲ့ မတူနေပေမဲ့ ရောဂါလက္ခဏာတွေက ပြင်းထန်မှုမရှိသလို ဆေးရုံတင်ရတဲ့အထိ ဖြစ်မလာပဲ ပြန်ကောင်းသွားကြတယ်လို့ ဆိုပါတယ်။ ဆေးခန်းကို ရောက်လာကြတဲ့သူတွေကလည်း အလွန်အမင်း နုံးနယ်နေတာကြောင့်သာဖြစ်တယ်လို့ ဆိုပါတယ်။ ဖြစ်တဲ့အမျိုးသားအများစုက အသက် ၄၀ အောက်ဖြစ်ပြီး တဝက်နီးပါးက ကာကွယ်ဆေး ထိုးထားသူတွေ ဖြစ်ကြပါတယ်။
ကာကွယ်ဆေး ထိုးမထားသူတွေကြားမှာလည်း ရောဂါလက္ခဏာတွေက ထိုးပြီးသားလူတွေလိုပဲ အပျော့စားပဲဖြစ်တယ်လို့လည်း ပြောပါတယ်။ သူတို့က ကိုဗစ်ပိုးရှိကြောင်း ပြပေမယ့် လက္ခဏာက မတူနေတာကြောင့် သတိထားမိတာဖြစ်ကြောင်း၊ အခုမျိုးကွဲသစ်ရဲ့ လက္ခဏာတွေက ကြွက်သားကိုက်ခဲမှုအပျော့စား၊ လည်ချောင်းယားခြင်းနဲ့ ချောင်းခြောက်ဆိုးခြင်းတွေ ဖြစ်ကြပြီး လူနာအနည်းငယ်မှာသာ အဖျားနဲနဲရှိကြောင်း ရှင်းပြသွားပါတယ်။ ဒါတွေက ခုထိ သူမတွေ့ရှိထားတာတွေဖြစ်ပြီး နောက်ပိုင်းမှာ ရောဂါပိုး ပြင်းထန်လာမလာဆိုတာကိုတော့ မသိနိုင်ဘူးလို့ ဆိုပါတယ်။
အာဖရိကမှာ ကိုဗစ်ပိုးတွေ့သူပေါင်းရဲ့ ၄ပုံ ၃ပုံက အိုမီခရွန်မျိုးကွဲဖြစ်ပြီး ကူးစက်နှုန်းကတော့ အလွန်မြန်ပါတယ်။ ဗုဒ္ဓဟူးနေ့က ပိုးတွေ့သူ ၃.၆% ရှိရာကနေ စနေနေ့ကျတော့ ၉.၂% တွေ့တယ်လို့ သိရပါတယ်။ အဆိုပါဆရာဝန်မက ဥရောပမှာလည်း မျိုးကွဲသစ် တော်တော်လေး ရောက်နေလောက်ပြီလို့ ဆိုပါတယ်။
အားတက်စရာကောင်းတာက အဲဒီဆရာဝန်မဟာ ရာထူးကြီး ယူထားပေမယ့် ဖောက်ချီတို့လိုမဟုတ်ပဲ လူနာနဲ့ ကုသမှုတွေ မြေပြင်အခြေအနေနဲ့ ထိတွေ့မှု မပြတ်တဲ့အပြင် သူမပြောတဲ့ ပုံစံကလည်း ယထာဘူတကျတာ တွေ့ရပါတယ်။
UC Berkeley ရဲ့ လူထုကျန်းမာရေးကျောင်းက ပါမောက္ခ Dr. John Swartzberg က အိုမီခရွန်ရဲ့ ရုပ်ပိုင်းဆိုင်ရာဖွဲ့စည်းပုံက ကာကွယ်ဆေးတွေမှာ လုပ်ထားတဲ့ (ဆူးလိုမျိုး) ရုပ်ပိုင်းနဲ့ ကွဲပြားနေမယ်ဆိုရင် ကာကွယ်ဆေးထိုးထားတဲ့ ထိရောက်မှုက လျော့ကျသွားမလားဆိုတာ မသေချာသေးဘူးလို့ ဆိုပါတယ်။
ကာတာနိုင်ငံက လူပေါင်း သုံးသိန်းခွဲကျော်ပါဝင်ပြီး ၂၀၂၀ ဖေဖေါ်ဝါရီ ၂၈ ကနေ ၂၀၂၁ ဧပြီ ၂၈ ရက်အတွင်း ပြုလုပ်ခဲ့တဲ့ သုတေသနတခုမှာတော့ အရင်ကူးစက်ခဲ့ဖူးပြီး ဆေးထိုးမထားသူတွေကို ထပ်မံကူးစက်မှုက ၀.၄% သာရှိပြီး ကူးစက်ခဲ့ပါကလည်း ပြင်းထန်နိုင်မှုက ၀.၁% (၄ ဦး) ပဲရှိတယ်လို့ သိရပါတယ်။
စီစီပီပိုးအကြောင်းပြပြီး mandate တွေ မရှိတဲ့ ဖလော်ရီဒါပြည်နယ်မှာ ပြီးခဲ့တဲ့ သောကြာနေ့က ဒေတာတွေအရ လူတသိန်းမှာ ၆ဦးသာ ကူးစက်တဲ့အတွက် အမေရိကန်တနိုင်ငံလုံးမှာ လူဦးရေအလိုက် ကိုဗစ်ဖြစ်ပွားမှုနှုန်း အနိမ့်ဆုံးဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒါက အရင် ၂ပတ်ကထက် ၅% ကျဆင်းသွားတာဖြစ်ပါတယ်။ ဟာဝိုင်အီမှာလည်း လူတသိန်း ၆ဦးသာဖြစ်ပြီး တက္ကဆက်စ်၊ အလာဘားမား၊ ဂျော်ဂျာ နဲ့ လူဝီစီယားနားပြည်နယ်တွေမှာလည်း ခုရက်ပိုင်းအတွင်း ဖြစ်ပွားမှုနှုန်းတွေ ကျဆင်းလာတယ်လို့ သိရပါတယ်။ နယူးဟမ်ရှိုင်းယားမှာ လူတသိန်းကို ၇၃၊ နယူးမက္ကဆီကိုမှာ ၆၇၊ ဗာမောင့်မှာ ၆၁ နဲ့ မိရှီဂန်မှာ ၈၅ဦးဖြစ်ပါတယ်။ မိရှီဂန်က ပြီးခဲ့တဲ့ ၂ပတ်ကနဲ့စာရင် ၅၉% တက်သွားတာပါ။
နယူးယောက် ဂါဗာနာ ကေသီဟိုချူးလ်ကတော့ ဘေးအန္တရာယ်အရေးပေါ်အခြေအနေ ကြေငြာလိုက်ပါတယ်။ လက်ရှိ ဖြစ်နှုန်းမြင့်လို့လား၊ မျိုးကွဲသစ်ကြောင့်လားဆိုတာကိုတော့ သဲသဲကွဲကွဲ မပြောထားပါဘူး။ အလျင်စလိုတွေ ဆုံးဖြတ်ရင် အခုမှ နာလံထခါစ လုပ်ငန်းရှင်လေးတွေ ပြည်သူတွေ ကလေးတွေ လူကြီးတွေ အကြီးအကျယ် ဒုက္ခရောက်ကြပါဦးမယ်။
ဘိုင်ဒန်အစိုးရကလည်း လေကြောင်းနဲ့ဝင်တာ ဘယ်လောက်ပိတ်ပိတ် တောင်ဖက်နယ်စပ်အပွင့်ကြီးနဲ့ဆိုရင် ဟန်လုပ် ဂရုစိုက်ပြနေတာပဲ ဖြစ်မှာပါ။ အခုအချိန်မှာ တောင်အမေရိကကနေ လူ ၃၀၀၀-၄၀၀၀ လောက် ပါလာမယ့် ကာရာဗန်က အမေရိကန်နယ်စပ်နား ရောက်နေပါပြီ။ ဘိုင်ဒန်တို့က ရူးချင်ယောင်ဆောင်ပြီး ဝင်ခွင့်ပေးဦးမှာပါ။
မနှစ်က ထရမ့်က တရုပ်နဲ့ ဥရောပကအဝင်ကို ဖောက်ချီတို့က ပိတ်စရာမလိုဘူး ပြောနေတဲ့ကြားက ပိတ်ခဲ့လို့ အစောပိုင်းကူးစက်နှုန်း သက်သာခဲ့တာပါ၊ အဲဒီတုန်းက ဘိုင်ဒန်က ထရမ့်ရဲ့ ပြည်ဝင်ခွင့် ပိတ်တာက လူမည်းနဲ့ လူညိုတွေကို ပစ်မှတ်ထားပြီး တိုင်းပြည်ကို ဝင်ရခက်အောင်လုပ်တာလို့ ဘာမှမဆိုင်တဲ့ လူမျိုးရေးကို ဆွဲထည့်စွပ်စွဲခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ ပြည်သူလုံခြုံဖို့ထက် ထရမ့်က လူမျိုးရေးခွဲခြားသူလို့ လူတွေမြင်လာအောင် ဂုံးတိုက်ခဲ့တာဖြစ်ပါတယ်။ အခုတော့ ကိုဗစ်ကလည်း ၂ နှစ်ပြည့်တော့မယ်၊ ဘိုင်ဒန့်စေတနာနဲ့ အရည်အချင်းလည်း မြင်ပြီးပြီဆိုတော့ သူ့ရဲ့ အတွင်းသရုပ်ကို သဘောပေါက်သင့်နေပါပြီ။
နယူးယောက်မြို့ဝန် de Blasio အစိုးရက အငြိမ်းစားယူသွားပြီဖြစ်တဲ့ မြို့တော်ဝန်ထမ်း ၂၇၅,၀၀၀ ဦးအတွက် ကျန်းမာရေးအာမခံတင်ဒါ ခေါ်ယူရာမှာ Alliance နဲ့ မရိုးမသားလက်ဝါးရိုက်ထားကြောင်း တွေ့ရတယ်လို့ ဒုတိယနဲ့ ရှုံးခဲ့ရတဲ့ Aetna က စွပ်စွဲခဲ့ပြီး မြို့ဝန်အစိုးရကို တရားစွဲဆိုလိုက်ပါတယ်။ Alliance မှာ Emblem Health, Anthem/Blue Cross Blue Shield တို့ ပါဝင်ပြီး ယူနီယံခေါင်းဆောင်တွေနဲ့ ကြီးမားတဲ့ ဆက်နွယ် ပတ်သက်မှုတွေ ရှိနေပါတယ်။ အဲဒီတင်ဒါနဲ့ပတ်သက်ပြီး ထူးခြားမှုတွေ ရှိနေတာက ပြည်သူတွေရဲ့ အခွန်ငွေတွေ သန်း ရာဂဏန်းလောက် ဆုံးရှုံးသွားနိုင်ပြီး နံပါတ်တွေကလည်း ရှေ့နောက်မညီဖြစ်နေတယ်လို့ ဆိုပါတယ်။
Aetna က သူတို့ပေးတဲ့လေလံက ပိုကောင်းတဲ့ စျေးနဲ့ဖြစ်ကြောင်း အထောက်အထားများနဲ့ ယှဥ်ပြသွားပါတယ်။ Anthem BC က အရင်က အကောင်းဆုံးထဲမှာ ပါပေမယ့် နောက်ပိုင်းမှာ Anthem BC ရော Aetna ရော မကြာသေးမီကမှ သုံးထားသူအနေနဲ့ ပရီမီယံ ပေးရတဲ့ ပမာဏ တူရင်တောင် Aetna က အများကြီး ပိုကောင်းတာက ကိုယ်တွေ့ပဲ ဖြစ်ပါတယ်။ Provider ကွာရင် ခံစားခွင့်တွေ ကွာကြတော့ တရားသဖြင့် ယှဥ်ပြိုင်ပြီး မှန်မှန်ကန်ကန်ရလာတဲ့သူကို ရွေးရင် ပြည်သူ့အခွန် လေလွင့်မှုနည်းမယ့်အပြင် သုံးစွဲသူတွေလည်း အများကြီးပို အဆင်ပြေမှာပါ။ နယူးယောက်အစိုးရ ခြစားတာတွေက မဆန်းတော့လို့ ဆုံးဖြတ်ပေးတဲ့ တရားသူကြီးက အဂတိကင်းပြီး သတ္တိရှိသူဖြစ်ပါစေလို့ ဆုတောင်းပါတယ်။
ဟန်းတားဘိုင်ဒန်ရဲ့ လက်ပ်တော့ပ်ထဲမှာ ထပ်တွေ့ရတာတွေကတော့ ကမ္ဘာ့အကြီးဆုံး စွမ်းအင်ကုမ္ပဏီတခုဖြစ်တဲ့ တရုပ်အစိုးရနဲ့ ပတ်သက်နေတဲ့ စီအီးအက်ဖ်စီ ဥက္ကဋ္ဌ ရေကျန်မင်းက ဟန်းတာကို F VS2 အရည်အသွေးရှိပြီး အကောင်းဆုံးသွေးဖြတ်ထားတဲ့ ၃.၁၆ ကာရက် ရှိတဲ့ စိန်အဝိုင်းတပွင့် လက်ဆောင်ပေးခဲ့တာဖြစ်ပါတယ်။ တကယ်တမ်းက အဲဒီစိန်က အဆာပြေအနေနဲ့ ပေးတာဖြစ်ပြီး တကယ်ကျွေးလိုက်တာက သန်း ၃၀ အထက် ဖြစ်ပါတယ်။ တနှစ် ၁၀ သန်းအပြင် ဘောနပ်စ်နဲ့ အနည်းဆုံး ၃ နှစ်ပေးမယ်လို့ ကမ်းလှမ်းခဲ့တာပါ။ ဟန်းတားတာဝန်ကတော့ သူနဲ့တွဲလုပ်တဲ့ အဲဒီလူတွေကို သူတို့တွေ ဒီစီရောက်တိုင်း သူ့ဖခင်ဂျိုးဆီ ခေါ်သွားတွေ့ပေးခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ဂျိုးက ဒုသမ္မတဖြစ်နေဆဲပါ။
စဥ်းစားကြည့်မယ်ဆိုရင် ဂျိုးက တသက်လုံး နိုင်ငံရေးလုပ်စားလာပေမယ့် ပြောင်မြောက်တဲ့ အတွေးအခေါ် လုပ်ရည်ကိုင်ရည် ဘာမှ ပြစရာ မရှိခဲ့ပါဘူး။ ဟန်းတားကျပြန်တော့လည်း ဘာကျွမ်းကျင်မှုမှ ပြစရာ ရေရေရာရာ မရှိတဲ့အပြင် တပ်ထဲကနေ ကိုကင်းသုံးလို့ ထုတ်ပယ်ခံထားရတာပါ။ အဲဒီလိုလူတွေကို ဘာ contribution မှမရှိပဲ ဒီလောက်များတဲ့ပိုက်ဆံ ပစ်ပေးရအောင် ဘယ်စီးပွားရေးသမားမှ မ အ ကြပါဘူး။ ထောင်မြင်လို့သာ ရာစွန့်တာဖြစ်ပါမယ်။ အထူးသဖြင့် သူများဆီက အဆီ အသား အရေ အကုန်စုပ် အမြတ်ထုတ်တတ်တဲ့ အဲဒီနိုင်ငံကလူတွေဆို အလကားပေးဖို့ ပိုတောင်ဝေးပါသေးတယ်။ အခုတော့ ကုန်ရကျိုးနပ်လို့ ပျော်နေကြရောပေါ့။