နောက်ဆုံးပေါ် စီစီပီမျိုးကွဲဖြစ်တဲ့ အိုရှီခရွန်ပိုးကို အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှာ တောင်အာဖရိကက နိုဝင်ဘာ၂၂ တုန်းက ပြန်လာတဲ့သူဆီ၌ ပထမဆုံးတွေ့ရှိခဲ့ကြောင်း USCF က အတည်ပြုလိုက်ပါတယ်။ အဲဒီလူက ကာကွယ်ဆေး အပြည့်အဝ (၂ကြိမ်) ထိုးပြီးသားဖြစ်ပါတယ်။ သူနဲ့ နီးစပ်/ထိကပ်သူတွေကို စစ်ကြည့်ရာမှာတော့ အားလုံးက နဂ္ဂတစ်ဖြစ်ပါတယ်။ အဲဒီလူက အပျော့စား ရောဂါလက္ခဏာများ ခံစားနေရပြီး ပိုးရှိနေမှန်း သိရတဲ့ နိုဝင်ဘာ ၂၉ရက်နေ့ကနဲ့စာရင် သက်သာကောင်းမွန်လာတယ်လို့ ဆိုပါတယ်။ အဲဒီလူက လောလောဆယ် ပိုးမပြန့်အောင် ကိုယ့်ဖာသာကိုယ် သီးသန့်ခွဲနေတယ်လို့ သိရပါတယ်။
မနေ့က သတင်းမှာပါတဲ့ လက်ရှိနယူးယောက်မြို့ဝန်က မူးယစ်ဆေးစွဲနေသူတွေကို အခမဲ့ ဆေးထိုးနိုင်ကြဖို့ ဖွင့်လှစ်ပေးလိုက်တဲ့ နေရာလေးတွေက ပြည်သူ့အခွန်က လာတာဆိုပေမယ့် ကိုဗစ်လော့ဒေါင်းတွေကြောင့် စီးပွားရေးအထိနာထားတဲ့ မြို့ကြီးမှာ အခွန်တွေက တိုးရနေတာ မဟုတ်တာကြောင့် ခေါင်းစဥ်အသစ်နဲ့ သုံးရတဲ့ နေရာတိုင်းက လက်ရှိ အသုံးပြုနေတဲ့ နောက်တနေရာက လျော့ချဖြတ်တောက်တာတွေကပဲ ဖြစ်နေတာပါ။ လောလောလတ်လတ် နယူးယောက်မှာ ဖြတ်ထားတာက ထူးချွန်တဲ့ ကလေးတွေကို ပျိုးထောင်ပေးတဲ့ Gifted and Talented Program တွေ လျော့ချသွားမှာပါ။ ရဲဘတ်ဂျက် လျော့ချတာတွေကလည်း နောက်တခုပါပဲ။ ဒါက ဥပမာပြောတာပါ။
အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံမယ့် (သို့) ပြည်သူအများစု လုံခြုံ အဆင်ပြေမယ့် ခေါင်းစဥ်တွေက ဘတ်ဂျက်တွေကို လျော့ချ ဖြတ်တောက်ပြီး ဆေးသမားတွေ ရာဇဝတ်သားတွေ အတွက် ဖဲ့ပေး နေရတာ ကောင်းလား ဆိုးလားဆိုတာ စေ့ငုဖို့ မပျင်းကြ မကြောက်ကြဖို့ လိုပါတယ်။ မဲထည့်ပြီးတာနဲ့ ပြည်သူကောင်းတယောက်ရဲ့ တာဝန်က ပြီးသွားတာ မဟုတ်ပါဘူး။ ကိုယ်ရွေးထားတဲ့သူတွေ လမ်းမှန် ပေါ်မှာ ရှိရဲ့လား၊ ကိုယ်ထင်နေတာနဲ့ သူတို့လုပ်နေတာ တူရဲ့လားလောက်တော့ သိအောင် ကြိုးစားဖို့ လိုပါတယ်။ အခုဖြစ်နေတာတွေက လက်ဝဲစွန်းတွေက လိမ်စရာကို မလိုတော့ဘူး၊ ပေါ်ပေါ် ထင်ထင်ပဲ လူကောင်းအကျိုးပြုမှာတွေကိုလျော့ပြီး လူဆိုးကြိုက်မှာတွေကို တိုးလုပ်နေကြတာပါ။ အဲဒါကို မျက်စိအတင်းပိတ်ပြီး ကိုယ်မြင်ချင်တဲ့ အတွေးထဲကပုံလေးမှာပဲ ရှိနေဖို့ စိတ်ကူးယဥ်နေရင် နိုးလာတဲ့အချိန် အထိနာပါလိမ့်မယ်။
မနေ့ညက Chris Cuomo ကို အဲဒီည သူ့ရှိုးအတွက် ပြင်ဆင်ပြီးချိန်လောက်ကျမှ အလုပ်က အကန့်အသတ်မရှိ ရပ်နားကြောင်း CNN က ကြေငြာခဲ့ပါတယ်။ သူ့အကို ဂါဗာနာဟောင်းရဲ့ လိင်အရှုပ် တော်ပုံတွေမှာ ဘယ်လိုဖြေ၊ ဘယ်လိုကိုင်တွယ်ဆိုတာကို အဲဒီလိုကိစ္စတွေမှာ နောကြေနေတဲ့ မီဒီယာ သမားပီပီ အကြံပေးခဲ့တာကြောင့်ပါ။ ဒါ့အပြင် CNN ရဲ့ အရင်းအမြစ်တွေကို သုံးပြီး အန်ဒရူး ကိုမိုကို စွပ်စွဲခဲ့တဲ့ အမျိုးသမီးတွေကို နောက်ကြောင်းဖော်ပြီး ခြိမ်းခြောက်ခဲ့တယ်လို့လည်း သိရပါတယ်။
အမှန်တော့ သူအဲဒီအကြံမျိုး ပေးခဲ့တယ်လို့ သတင်းထွက်နေတာ ကြာပြီ ဖြစ်ပေမယ့် အရေးယူတာက နယူးယောက်ရှေ့နေချုပ်က ခုမှ တရားဝင်ဖွင့်ချလိုက်လို့ ခုမှလာတာပါ။ စောင့်ကြည့်သူတချို့ကတော့ CNN ဟာ သူ့ချန်နယ်ကို ကြည့်ရှုသူတဖြည်းဖြည်း နည်းလာနေတာကြောင့် တခုခု ထလုပ်သလိုလို ပြောကြပါတယ်။
ခရစ်စ်ကိုမိုကို တာဝန်က အကန့်အသတ်မရှိ ရပ်စဲလိုက်တဲ့အကြောင်းကို နောက်မီဒီယာကြီး တခုဖြစ်တဲ့ MSNBC က ဖော်ပြဖို့ ပျက်ကွက်ခဲ့ပါတယ်။ တချို့ ဖာကြသူတွေကလည်း ခရစ်စ်က မိသားစုအရေးနဲ့ အလုပ်အရေး ယှဥ်လာတော့ မိသားစုအရေးကို ဦးစားပေးလိုက်ရသလိုလို ပြောကြပါတယ်။ မိသားစုအရေးလို့ အမည်တပ်လိုက်တော့လည်း အကိုရဲ့ လိင်အရှုပ်တော်ပုံအကြံပေးနဲ့စာရင် ကြားလို့မဆိုးတာတော့ အမှန်ပါပဲ။
အခုလို ရုတ်တရက်ကြီး ရပ်ပစ်လိုက်တဲ့ သူ့နေရာ ၁နာရီစာကို အစားထိုးဖို့ အန်ဒါဆန်ကူးပါး တာဝန်ကျပါတယ်။ သေချာ ပြင်ဆင်ချိန်မရပဲ ရုတ်တရက် ဝင်ယူလိုက်ရတာပါ။
နောက်ထပ်မနေ့က သတင်းအဆက်တခုကတော့ မိရှီဂန်အထက်တန်းကျောင်းက ပစ်ခတ်မှုနဲ့ ပတ်သက်ပါတယ်။ ဒီနေ့ ဒဏ်ရာရသူထဲက နောက်တဦး သေဆုံးသွားပြန်တော့ သေဆုံးသူ ၄ဦး ရှိသွားပါပြီ။ ပစ်ခတ်သူ Ethan Crumbly က ဘာမှ ထုတ်မပြောသေးလို့ မှန်းဆချက်တွေပဲ ရှိနေပေမယ့် သူက ဘူလီအလုပ်ခံနေခဲ့ရတယ်လို့လည်း သတင်းတွေ တက်လာပါတယ်။ အစိုးရရှေ့နေကတော့ အီသန်က ဒီလိုပစ်ဖို့ ပြင်ဆင်ထားခဲ့တာ ဖြစ်တဲ့အတွက် သူ့ကို အရွယ်ရောက်ပြီးသား လူတဦးလို စွဲချက်တင်မယ်လို့ သိရပါတယ်။ ဖြစ်စဥ်အပြီး ၂၄နာရီအတွင်း သေချာတယ်ဆိုတာကတော့ နဲနဲလောနေသလားလို့ မေးစရာရှိပါတယ်။ ပစ်ခတ်သူ ၁၅နှစ်သား ၁၀တန်း ကျောင်းသားလေးကို မိဘက ပစ်ခတ်မှုမတိုင်ခင် ၄ရက်ကမှ သေနတ် ဝယ်ပေးခဲ့တာလို့ သိရပြီး အစိုးရရှေ့နေက မိဘတွေကိုပါ တရားစွဲသွားမယ်လို့ ဆိုပါတယ်။
ကျောင်းပစ်ခတ်မှုတွေမှာ ကျောင်းသားတွေက ပစ်တာဆိုရင် ပစ်ခတ်သူက ဘူလီအလုပ်ခံရတဲ့ (သို့) စိတ်ကျန်းမာရေး ဖေးမမှု လိုအပ်နေတဲ့ ရာဇဝင် အနည်းနဲ့အများ ရှိကြတာကို တွေ့ရမှာပါ။ အခုခေတ်မှာ လူဖြူမို့၊ လူမည်းမို့၊ အာရှသားမို့၊ ယောက်ကျားမို့၊ ခရစ်ယာန်မို့ စသဖြင့် လူ့အသိုင်းအဝိုင်းကို အစိတ်စိတ်မွှာပြီး သူက အခွင့်အရေးပိုရတယ်၊ ငါကလျော့ရတယ်၊ စသဖြင့် မမုန်း မုန်းအောင်၊ မခါး ခါးအောင်၊ မကွဲ ကွဲအောင် ချောပစ်နေကြတဲ့ identity politics အရမ်းကို အားကောင်းအောင် ပြည်ဖျက်တွေက တွန်းနေကြတဲ့ အချိန်ဖြစ်တော့ ကိုဗစ်ကြောင့် စိတ်ဖိစီးမှုတွေအပြင် စိတ်ခံစားချက်တွေက သိပ်မြင့်နေကြတော့ ဒါမျိုးဝမ်းနည်းစရာအဖြစ်တွေ လျော့သွားစရာမရှိသေးဘူးလို့ပဲ ပြောရပါမယ်။ ဘာကြောင့်ပဲဖြစ်ဖြစ် မပစ်သင့်တာမှန်ပေမယ့် မဖြစ်သင့်တာကနောက်၊ ပစ်ဒဏ်ကျတာကနောက်၊ ဆုံးရှုံးသွားတဲ့ဘဝတွေက အရင်လာတာပါ။ အမုန်းက ပြဿနာတွေရဲ့ အဖြေမဟုတ်ပဲ ပြဿနာတွေရဲ့ အစလို့တောင် ပြောလို့ရပါတယ်။ အဆိပ်ပင်ကို စိုက်ရင်တော့ အဆိပ်သီးပဲ သီးမှာပါ။
အသက်ရလာပြီဖြစ်တဲ့ ဒီမိုကရက်အမတ်တွေထဲက ၁၉ဦးက နောက်တခါ ရွေးကောက်ပွဲ မဝင်တော့ဘူးလို့ ကြေငြာခဲ့ကြပြီးပါပြီ။ သုံးသပ်သူတွေကတော့ အပြာအားကောင်းလွန်းတဲ့ မဲဆန္ဒနယ်တွေမှာ လစ်လပ်နေရာဖြစ်သည့်တိုင် ရီပါဘလစ်ကန် နိုင်မှာ မဟုတ်ပါဘူး၊ ဖြစ်နိုင်တာက သူတို့က ၂၀၂၂ ရွေးကောက်ပွဲကျရင် အနီတွေက အများစုဖြစ်လာတဲ့အခါ သူတို့က လူနည်းစုအနေနဲ့ မနေချင်တော့တာဖြစ်မယ်လို့ ဆိုကြပါတယ်။
ကျမအထင်က ဒီလူတွေက အသက်ကြီး လူဖြူယောက်ကျားတွေဖြစ်ကြတာများတော့ လိင်နဲ့ အသားအရောင်ကို အသားပေးလွန်းတဲ့ ဒီမိုကရက်တွေက ပိုလက်ဝဲစွန်းရောက်တဲ့ အရောင်ရှိ(သို့) မိန်းမ(သို့) အလားတူကို ရှေ့တန်းတင်လာကြပါလိမ့်မယ်။ အဲဒါဆိုရင် ဒီမိုကရက်တွေရဲ့ လက်ရှိဗျူဟာဖြစ်တဲ့ အကြောင်းအရာပေါ်မှာ အပြန်အလှန်မဆွေးနွေးပဲ ရီပါဘလစ်ကန်ဖက်က တင်သမျှလူ ချပြသမျှ issue တွေကို ရေ့စစ်တို့ လူဖြူကြီးစိုးရေးဝါဒီတို့ တံဆိပ်ကပ်ပြီး ဝိုင်းဖြဲလိုက်ရင် ဘာမူမှ ချပြစရာ မလိုတော့ဘူးပေါ့။ ခုမှ မဲပေးခွင့်ရမယ့် လူငယ်လေးတွေကလည်း ကျောင်းတွေကနေ ဦးနှောက်အဆေးခံပြီး ထွက်လာတော့ စိတ်ကူးယဥ်လို့ကောင်းတဲ့ လက်ဝဲဝါဒကို နားဝင်ချိုကြမှာပဲလေ။
ကမလာကို လူထုထောက်ခံမှု 28% ပဲ ကျန်တော့အထိ ကျနေခဲ့တဲ့အပြင် ပြီးခဲ့တဲ့အပတ်က ကမလာရဲ့ ဆက်သွယ်ရေးဒါရိုက်တာ Ashley Etienne နှုတ်ထွက်သွားပါတယ်။ ဒီကနေ့ ကမလာရဲ့ အကြီးတန်းအကြံပေးလဲဖြစ် ပြောရေးဆိုခွင့် ရှိသူလည်းဖြစ်တဲ့ Symone Sanders က ဒီလကုန် နှုတ်ထွက်မယ်လို့ ကြေငြာသွားပါပြီ။ လူထုထောက်ခံမှုတင်မဟုတ်ပဲ ရုံးထဲမှာတင် ထောက်ခံမှု မရှိသလောက် ဖြစ်နေပုံရပါတယ်။ အမှန်တော့လည်း ဘယ်လိုရှုထောင့်ကကြည့်ကြည့် ဘာရိုးသားမှုမှ မရှိနေတဲ့ ကမလာလိုလူအတွက် ဒါကသိပ်တော့ မထူးဆန်းပါဘူး။ အာရှသားလူညိုတွေနဲ့တွေ့ရင် လူညို၊ လူမည်းတွေနဲ့တွေ့တဲ့အခါ လူမည်း၊ လေယူလေသိမ်း accent ကအစ တွေ့တဲ့လူတွေကြိုက်ဖို့ ဦးတည်ချက် တခုထဲနဲ့ အမျိုးမျိုး လိုက်ပြောင်းနေတဲ့သူက မူတွေ အကြောင်းအရာတွေအပေါ် အာရုံစိုက်ဖို့ ဦးနှောက်ထဲမှာ ဘာအကန့်မှ မရှိနေမှာ ဖြစ်နေလို့ပါပဲ။ မူမရှိတဲ့လူက အခွံကြီးသက်သက်ပါ၊ အခွံနဲ့ ဘာကိစ္စမှ နက်နက်နဲနဲ ပြောလို့မရပါဘူး။ တခါတလေတွေ့ရင် မသိသာပေမယ့် နေ့တဓူဝ တွေ့နေရတဲ့လူတွေအတွက်က ဘယ်လိုမှ အဆင်မပြေနိုင်တဲ့ ကိစ္စပါ။
မနေ့က ဂျရှ်လင်အမှုတရားခွင်မှာ လေယာဥ်မောင်းသူ အစစ်ခံခဲ့ပါတယ်၊ သူက သမ္မတ ၂ဦးနဲ့ နာမည်ကြီးတွေ တော်တော်များများ အက်ပ်စတိန်းလေယာဥ် စီးခဲ့ဖူးကြောင်း အစစ်ခံပါတယ်။ ကလင်တန်ကတော့ အများဆုံးဖြစ်ပြီး လိုလိတာ အိပ်စ်ပရက်စ်လို့ခေါ်တဲ့ ဗာဂျင်းအိုင်းလန်းက ကိုယ်ပိုင်ကျွန်းပေါ်ကို အများဆုံး သွားခဲ့တယ်လို့ ဆိုပါတယ်။ ကလင်တန်က အရင်က အက်ပ်စတိန်း လေယာဥ်ကို ၄ကြိမ်စီးဖူးတယ်လို့ ပြောခဲ့ပေမယ့် ပျံသန်းမှုမှတ်တမ်းတွေမှာတော့ ၂၆ကြိမ်လို့ တွေ့ရှိရ ပါတယ်။ အဲဒီကျွန်းကို အက်ပ်စတိန်းက ရာထူး/ဩဇာ/အာဏာရှိတဲ့ မိတ်ဆွေများကို အရွယ်မရောက် သေးတဲ့ ကလေးမများနဲ့ ဧည့်ခံလေ့ရှိတယ်လို့ သိကြပါတယ်။ ထရမ့်ကတော့ အက်ပ်စတိန်းနဲ့ နယူးယောက်နဲ့ ဖလော်ရီဒါ Palm Beach မှာ အိမ်ရှိကြတဲ့ တမြို့ထဲသား လူကုံထံချင်း ဖြစ်တဲ့အလျောက် လူချင်းသိနေကြပြီး လိုလိတာ အိပ်စ်ပရက်စ်မဟုတ်တဲ့ နောက် အက်ပ်စတိန်းလေယာဥ်တစီးနဲ့ ဖလော်ရီဒါကနေ နယူးယောက်ကို တကြိမ် စီးခဲ့ဖူးတယ်လို့ သိရပါတယ်။
ခရစ်စမတ် ဈေးဝယ်ရာသီနဲ့ကိုက်ပြီး ဘီအယ်လ်အမ်တွေက လူဖြူတွေပိုင်တဲ့ စီးပွားရေး လုပ်ငန်းတွေကို ဒီဇင်ဘာတလလုံး သပိတ်မှောက်ဖို့ နှိုးဆော်နေကြပါတယ်။ သူတို့က လူမည်းတွေ ပိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေကိုသာ အားပေးဖို့လည်း ဆော်ဩကြပါတယ်။ မနှစ်က ဆူပူ လုယက် ဖျက်ဆီးမှုတွေ ဖြစ်တုန်းက လူမည်းပိုင် စီးပွားရေးလုပ်ငန်းတွေလည်း ချမ်းသာမပေးခဲ့ပါဘူး။ ဒါလူမည်းပိုင်တာလို့ ပိုင်ရှင်လူမည်းက ပြောနေတဲ့ကြားထဲက ဖျက်သွားကြတာ တွေ့လိုက်ပါတယ်။ သမိုင်းကို မလေ့လာဘူးဆိုရင်တော့ ဝံသာနုတာ အကောင်းလိုလို မြင်ကြမှာပါ၊ လက်ဝဲသမားတွေရဲ့ သရုပ်အမှန်က အားကြီးသူတွေကို အကုန်ဖြိုချပြီး အစိုးရရဲ့ အကြွင်းမဲ့အာဏာကို တည်ဆောက်ဖို့ပါ။ အခုအခါ လူမည်းလုပ်ငန်းရှင်တွေကို အားပေးတယ်လို့ ဟစ်နေပေမယ့် နောက်ကျရင် အဲဒီလူမည်းလုပ်ငန်းရှင်တွေကိုပဲ ဓနရှင် ဂုတ်သွေးစုပ်တွေလို့ လေဘယ်လ်တပ်ပြီး နှိပ်ကွပ်ကြဦးမှာပါ။