အမေရိကန်ရော ကမ္ဘာမှာပါ လျှပ်စစ်ကားနဲ့ပတ်သက်လို့ တခြားတံဆိပ်တွေထက် ၁၀ဆမက အအောင်မြင်ဆုံး ရောင်းအားအကောင်းဆုံး တီထွင် ထုတ်လုပ်သူက တက်စ်လာတည်ထောင်သူ အီလွန်မတ်စ်ခ်လို့ပြောရင် မှားမယ်မထင်ပါဘူး။ ကမ္ဘာမှာ လျှပ်စစ်ကား ထုတ်လုပ်သူတွေ များလာပေမယ့် စိတ်ချရမှု၊ သုံးတဲ့ပါဝါနဲ့စာရင် ခရီးရောက်မှု၊ သုံးစွဲရတာ ရိုးရှင်းလွယ်ကူမှု၊ အားသွင်းတဲ့နေရာတွေ အလုံအလောက် တည်ဆောက်ထားမှု၊ စတာတွေမှာ တက်စ်လာက ပြိုင်ဖက်ကင်းပါပဲ။ ဒါပေမယ့် ဘိုင်ဒန်အစိုးရက ပြီးခဲ့တဲ့လက လျှပ်စစ်ကားညီလာခံ ခေါ်တဲ့ထဲမှာ တက်စ်လာကို ချန်ထားခဲ့တယ်ဆိုတာ ခြစားမီဒီယာရဲ့ ကျေးဇူးကြောင့် လူတွေ သိပ်မသိလိုက်ကြပါဘူး။ ဖိတ်တာက စက်တင်ဘာနှောင်းပိုင်းမှာ ဖိတ်ခဲ့တာဖြစ်ပြီး ညီလာခံက နိုဝင်ဘာလထဲမှာ ဖြစ်ပါတယ်။ ညီလာခံမှာ ဘိုင်ဒန်က GM က Mary Barra ကို လျှပ်စစ်ကားလောကရဲ့ မီးရှူးတန်ဆောင်အဖြစ် ချီးမွမ်းသွားပါတယ်။ GM က လွန်ခဲ့တဲ့ အနှစ် ၂၀လောက်က လျှပ်စစ်ကား စထုတ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။
အဲဒီ EV ညီလာခံကို ကော်ပိုရိတ်လောကက GM, Ford, Stellantis (parent of Chrysler), အပါအဝင် ကားလောကရဲ့ အကြီးဆုံးယူနီယံဖြစ်တဲ့ the United Autoworkers (UAW) တို့ တက်ရောက်ခဲ့ကြပါတယ်။ အဲဒီကော်ပိုရိတ်လောကထဲက ဘောစိများက ဝါရှင်တန်မှာ လော်ဘီငှားထားကြသူများ ဖြစ်နေတာ တိုက်ဆိုင်မှုတခုတော့ မဖြစ်နိုင်ပါဘူး။ GM က ဒီနှစ်ထဲမှာတင် လော်ဘီခ ၇သန်းလောက် သုံးထားတာပါ။ နောက်စိတ်ဝင်စားစရာ ကောင်းတဲ့အချက်တခုက ဒီမိုကရက်ခေါင်းဆောင်တွေ ကော်ပိုရိတ်ဓေါင်းဆောင်တွေနဲ့ ယူနီယံတွေရဲ့ ပတ်သက်မှုပါ။ ယူနီယံကြီးစိုးတဲ့ ကဏ္ဍ၊ ဒေသတွေမှာ အလုပ်လုပ်ချင်ရင် ယူနီယံဝင်မှ ရပါတယ်။ အဲဒီအတွက် ရတဲ့လုပ်ခရဲ့ သတ်မှတ် ရာခိုင်နှုန်းကို ယူနီယံကို ပေးရပါတယ်။ ယူနီယံခေါင်းဆောင်တွေနဲ့ ကော်ပိုရိတ်ခေါင်းဆောင်တွေက သူတို့နဲ့ အပေးအယူတဲ့တဲ့ ဒီမိုကရက်ခေါင်းဆောင်တွေ အရွေးခံရအောင် သန်းနဲ့ချီ ပံ့ပိုးပေးကြပြီး အဲဒီလူတွေ အရွေးခံရတဲ့အခါ ယူနီယံခေါင်းဆောင်တွေ ကော်ပိုရိတ်ခေါင်းဆောင်တွေ လုပ်စားလို့ရအောင် ဥပဒေတွေ ဖိအားတွေနဲ့ ကူညီကြပါတယ်။
တက်စ်လာက ယူနီယံတွေကို အားမပေးသလို သူတို့ချုပ်ထိန်းမှုကိုလည်း မခံပါဘူး။ ဝန်ထမ်းတွေကလည်း ယူနီယံကို ပေးရတာမျိုး မရှိတဲ့အတွက် အလုပ်ချင်းတူရင် ငွေပိုရကြပါတယ်။ အလားတူပဲ အစိုးရကို လော်ဘီတွေလွှတ်ပြီး ဝယ်ဖို့ မကြိုးစားသလို အစိုးရနဲ့ပေါင်းပြီး ခွင်လည်း မရှာပါဘူး။ သူယုံကြည်ရာကိုသာ အကောင်းဆုံး၊ သုံးစွဲသူ အသက်သာ အဆင်ပြေဆုံးဖြစ်အောင် တစိုက်မတ်မတ် ကြိုးစားနေတာပါ။
တက်စ်လာကို ချန်ခဲ့တာဖြစ်နိုင်တဲ့ နောက်တချက်ကတော့ ပန်ဒဲမစ်လော့ဒေါင်းတွေ လုပ်တုန်းက စက်ရုံတွေကို မေ ၁၈မှ ပြန်ဖွင့်ဖို့ သဘောတူထားခဲ့ကြတယ်ဆိုပေမယ့် အီလွန်က ကယ်လီဖိုးနီးယား ပြည်နယ် ဖရီးမောင့်မြို့က စက်ရုံကို ရက်အနည်းငယ်စောပြီး ပြန်ဖွင့်ခဲ့ပါတယ်။ အာဏာရှင်တွေက ထုံးစံအတိုင်း အာခံရင် ပြဿနာရှာတတ်ကြတော့ တက်စ်လာက ပိုလွတ်လပ်တဲ့ တက္ကဆက်စ်ကို ရွှေ့သွားခဲ့ပါတယ်။ အစိုးရရဲ့ အာဏာရှင်ဆန်တဲ့အမိန့်ကို မလိုက်နာတာကို အစိုးရနဲ့ အဆင်ပြေကြတဲ့ ကားထုတ်လုပ်သူများနဲ့ ယူနီယံများကလည်း မနှစ်မြို့ကြဘူးလို့ သိရပါတယ်၊ မနာလိုတာလည်း ပါတော့ ပါမယ်ထင်ပါတယ်။
လော်ဘီအဖွဲ့တခုဖြစ်တဲ့ Alliance for Automotive Innovation (AAI) မှာ တက်စ်လာကလွဲလို့ အမေရိကန်စျေးကွက်က ကားထုတ်လုပ်သူတွေ တော်တော်များများ ပါဝင်ပါတယ်၊ သူတို့က federal safety standards for automated driving systems ကို ချမှတ်စေဖို့ ကြိုးစားနေကြတာပါ။ အခုအချိန်မှာ automated driving systems နဲ့ပတ်သက်ပြီး ရှေ့အရောက်ဆုံးဖြစ်နေတဲ့ တက်စ်လာမပါပဲ လုပ်တာက လုံးဝအဓိပ္ပါယ် မရှိပါဘူး။ နောက်တချက်ကလည်း Toyota, Hyundai, နဲ့တခြားထုတ်လုပ်သူတချို့က hydrogen fuel cell နည်းပညာကို သုံးပြီး ကားတွေ ဘတ်စ်တွေ ထရပ်တွေကို လျှပ်စစ်နဲ့မောင်းဖို့ ကြိုးစားနေတာပါ။ အီလွန်က fuel cell mobility ကို အယုံအကြည် မရှိပါဘူး။
တကယ်တမ်းမှာ မတူတာတွေရှိတာက ကောင်းပါတယ်။ ခိုးချမှပဲ အားလုံးတူမှာပေါ့။ မတူတာက အပြိုင်အဆိုင် ဖန်တီးနိုင်စွမ်းကို တက်တောင် တက်စေဦးမှာပါ။ အရေးကြီးတာက ခေါင်းဆောင်လုပ်တဲ့သူက စုစည်းနိုင်တဲ့ စွမ်းရည်ရှိဖို့နဲ့ သဘောထား ကြီးဖို့တော့ လိုပါတယ်။
တက်စ်လာက လျှပ်စစ်ကားလောကမှာ ဦးဆောင်နေတာတင်မက စက်တင်ဘာ ၁၅ရက်ကမှ Space X ရဲ့ Inspiration4 ကမ်ပိန်းကနေ အာကာသယာဥ်မှူး ၄ဦးကို ကမ္ဘာပတ်လမ်းထဲ လွှတ်တင်ပြီး ကလေးကင်ဆာဆေးရုံ St. Jude အတွက် ရံပုံငွေ သန်း ၂၀၀ကျော်ရှာပေးခဲ့ပါသေးတယ်။ အဲဒါတွေကို ဘိုင်ဒန်က တပါဒမှ ဟ မသွားခဲ့ပါဘူး။
ဒီနေရာမှာ သိပ်လက်ဝဲဆန်ချင်နေကြတဲ့ စိတ်ကူးယဥ်သမားများကို တခုပြောပါဦးမယ်။ အမေရိကန်နိုင်ငံက နာဆာက ဘယ်လောက် ကြီးမားတယ် တော်တယ်ပဲပြောပြော အာကာသထဲ လည်ပတ်တာ၊ ဒုံပျံ လွှတ်တင်တာတွေ မလုပ်နိုင်ခဲ့တာ တော်တော်ကြီးကို ကြာနေခဲ့ပါပြီ။ အခု အီလွန်မတ်စ်ခ်တို့ခေတ်ကျမှ ဒါတွေ ပြန်ဖြစ်လာတာပါ။ ဘာကြောင့်လဲလို့ သိပ်စဥ်းစားနေစရာ မလိုပါဘူး။ အစိုးရစီမံတဲ့ လုပ်ငန်းတွေမှာက ရှုံးလဲဒီလခ၊ မြတ်လဲဒီလခပဲဆိုတော့ တာဝန်ယူမှု တာဝန်ခံမှု ဆန်းသစ်တီထွင်မှု စတာတွေကို အားမပေးပဲ ရာထူးမြဲ/တိုးရေး၊ ဘတ်ဂျက် များများရရေး၊ ကိုယ့်ဌာနက ပိုရရေး စတာတွေနဲ့ လုံးချာလည်နေတော့ ဖွတ်တက်သလိုဖြစ်ပြီး ရှေ့ကို မရောက်တော့လို့ပါပဲ။ ပုဂ္ဂလိက ကဏ္ဍမှာလည်း အဖွဲ့ကြီးလာရင် အဲဒီလို ဖြစ်လာတတ်ပါတယ်။ ခေါင်းဆောင်က မူလလမ်းကြောင်းတွေကနေ မသွေဖယ်စေပဲ တင်းတင်းရင်းရင်း ကိုင်တွယ်မှသာ ထိပ်က မကျပဲ ပိုတိုးတက်နိုင်မှာပါ။
အီလွန်က ၂၀၁၆ ရွေးကောက်ပွဲမတိုင်ခင်က ထရမ့်ကို ဒီဘီလျံနာ တီဗီမင်းသားက ဘယ်လိုလုပ်ပြီး ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို သိမှာလည်း၊ သူ့လိုလူက ပြည်သူကို ကိုယ်စားပြုနိုင်မယ်လို့ မထင်ဘူးလို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် အနိုင်ရပြီးနောက် လုပ်ငန်းရှင်တွေကို ခေါ်တွေ့ကာ အီလွန်ကိုလည်း စီးပွားရေးအကြံပေးအဖွဲ့ထဲ ထည့်ထားခဲ့ပါတယ်။ အဲဒီမှာ အီလွန်က ပဲရစ်ရာသီဥတု သဘောတူစာချုပ်က ထွက်တဲ့အထိ လုပ်ပေးခဲ့ပါတယ်။ ထရမ့်က အီလွန်ဟာ အင်မတန်ထက်မြက်သူတဦးဖြစ်တော့ သူ့ကိုသတိထားပြီး ကိုင်တွယ်သင့်တယ်လို့ မှတ်ချက်ပြုပါတယ်။ အီလွန်က ရာသီဥတုပြောင်းလဲတာကို ယုံကြည်နေခဲ့သူပါ။ နောက်တော့ သူအာကသထဲ ဒုံးပျံအောင်အောင်မြင်မြင် ပစ်လွှတ်နိုင်ပြီး ချောချောမွေ့မွေ့ပြန်ဆင်းလာနိုင်တာကို သမ္မတထရမ့်က ချီးကျူးခဲ့သလို သူကလည်း ကျေးဇူးတင်ကြောင်း တုန့်ပြန်ခဲ့ပါတယ်။ အရင်တုန်းက အာကာသထဲ ပစ်လွှတ်တဲ့ ဒုံးပျံတွေက တခါသုံးပါပဲ၊ အီလွန်တို့ Space X က တီထွင်ပြီးမှသာ သူ့ဖာသာသူ ပြန်ဆင်းလာနိုင်တဲ့ ဒုံပျံ ဖြစ်လာတာပါ။ ရေရှည်မှာ ကုန်ကျစရိတ် ဘယ်လောက် သက်သာပြီး အာကာသခရီးမှာ ဘယ်လောက် တာသွားမလဲဆိုတာ တွေးကြည့်ရင် သိနိုင်ပါတယ်။
ဘိုင်ဒန်ကျတော့ စိတ်ထဲရှိတာ ပြောတတ်တဲ့ အီလွန်နဲ့ တွေ့ရမှာ ကြောက်ပဲနေသလား မုန်းပဲနေသလားမသိ ရှောင်နေတာတော့ အမှန်ပါပဲ။ အီလွန်က စိတ်ထဲရှိတာကိုပြောတာ ပါတီမရွေး လူမရွေးပါ။ ထရမ့်ကို မကျေနပ်လဲ ပြောတာပဲ။ ဒါပေမဲ့ ကွာတာက ထရမ့်က အီလွန်လို ထက်မြက်သူဟာ တိုင်းပြည်ရဲ့ ဂုဏ်၊ အင်အားဖြစ်တဲ့အတွက် ပုဂ္ဂိုလ်ရေးပြောတာတွေအပေါ် ဂရုမထားပဲ တိုင်းပြည်မျက်နှာနဲ့ အားလုံးနဲ့ လက်တွဲနိုင်အောင် ကြိုးစားခဲ့ပါတယ်။ ဘိုင်ဒန်ကတော့ အရည်အချင်းလည်းမရှိ၊ ကိုယ်ကျင့်တရားကလည်းဆင်းရဲတဲ့ကြားထဲ သိမ်ဖျင်းတဲ့စိတ်ဓါတ်နဲ့ တိုင်းပြည်ဂုဏ်ဆောင်နေတဲ့သူကို ချန်ထားခဲ့တာ ဘယ်လိုချွင်းချက်မျိုးနဲ့မှ နားလည်ပေးလို့ မရပါဘူး။
WHO က အရေးပေါ်ကိစ္စနဲ့ပတ်သက်တဲ့ ဒါရိုက်တာ Dr. Mike Ryan က စီစီပီပိုး ဘုစ်တာကို အကျိုးရှိကြောင်း သက်သေခံအထောက်အထား ဘာတခုမှ မရှိပါပဲ ၁၈နှစ်အထက်တွေ အားလုံးအတွက် ထိုးဖို့ တွန်းနေတဲ့ နိုင်ငံတွေကို မေးခွန်းထုတ်လိုက်ပါတယ်။ တကယ်လိုအပ်တာက ရောဂါအခံရှိသူတွေနဲ့ အသက်ကြီးသူတွေ၊ ပိုးသယ်ဆောင်သူတွေနဲ့ အမြဲထိတွေ့နေရသူတွေဖြစ်ပြီး အဲဒီထဲမှာမပါတဲ့ ပုံမှန်ကျန်းမာတဲ့ သူတွေအပေါ်မှာ ဘယ်လောက်ပိုပြီး ကာကွယ်မှု ပေးမှာလဲဆိုတာက မေးစရာဖြစ်နေတာပါ။
အိုမီခရွန်မျိုးကွဲက ကူးတာမြန်တယ် ဒါပေမဲ့ အပျော့စားလက္ခဏာတွေပဲဖြစ်ပြီး ဆေးရုံတင်ရ အသက်ဆုံးရလောက်အောင် မဖြစ်ဖူးလို့ တောင်အာဖရိက ကျန်းမာရေးအရာရှိက ရှင်းပြသွားပေမယ့် ကမ္ဘာတလွှားက အာဏာရှင်ဆန်တဲ့အစိုးရတွေကတော့ မျိုးကွဲသစ်ကို အကြောင်းပြပြီး အစိုးရရဲ့ အာဏာ ချဲ့ထွင်ဖို့ ကြိုးစားနေကြပါပြီ။ ဂျာမဏီမှာ ကာကွယ်ဆေးမထိုးထားရင် မရှိမဖြစ်မဟုတ်တဲ့ ပစ္စည်းတွေရောင်းတဲ့ ဆိုင်တွေ၊ အပန်းဖြေနေရာတွေကို သွားခွင့်မရှိပဲ လော့ဒေါင်းလုပ်ရမယ်လို့ ဆိုပါတယ်။ ဂျာမာန်လွှတ်တော်ကလည်း ကာကွယ်ဆေး မထိုးမနေရ ဥပဒေထုတ်ဖို့ စဥ်းစားနေတဲ့အပြင် EU ကိုပါ မန်ဒိတ်လုပ်ဖို့ တွန်းအားပေးချင်နေတယ်လို့ သိရပါတယ်။ လောလောဆယ် ဂျာမဏီလူဦးရေရဲ့ ၆၈.၇% က ဆေးထိုးပြီးဖြစ်ပါတယ်။နောက်ဆုံးအကြိမ်ဆေးထိုးပြီး ၉လကြာရင် ဆေးထိုးပြီးဆိုတဲ့ အနေအထားကနေ အလိုလို ပျက်ပျယ်မှာဖြစ်တဲ့အတွက် ဒီသံသရာက ဆုံးပါဦးမလားလို့ပဲ တွေးမိနေပါတယ်။
မနေ့ညက နယူးယောက်မြို့ ကိုလံဘီယာတက္ကသိုလ်မှာ ဘွဲ့လွန်တက်နေတဲ့ ကျောင်းသားကို ကျောင်းအနီးမှာပဲ (လူဆိုး) ဂိုဏ်းဝင်တဦးက ဓါးနဲ့ အသေထိုးသတ်လိုက်တယ်လို့ သိရပါတယ်။ တခြား နာမည်ကြီး တက္ကသိုလ်တွေဖြစ်တဲ့ Yale, Cornell, Columbia နဲ့ Brown တို့မှာ ပြီးခဲ့တဲ့ ၃ရက်အတွင်း ဗုံးခွဲမယ်လို့ ခြိမ်းခြောက်မှုတွေ ရှိခဲ့လို့ ကျောင်းသားတွေကို ကယ်ထုတ်ခဲ့ရတာမျိုးတွေ ရှိခဲ့ပေမယ့် တကယ်တမ်း ဗုံးပေါက်ကွဲတာမျိုးတော့ မရှိသေးပါဘူး။ အမုန်းတွေ စိတ်ဖိစီးမှုတွေ စိတ်နေသ၍ ဘယ်သူမှ အေးအေးချမ်းချမ်းနေရမှာမဟုတ်တဲ့အတွက် အမုန်းတွေရဲ့ ရင်းမြစ်ကို ပယ်ရှားပစ်ဖို့တော့ လိုပါမယ်။