ဒီဇင်ဘာ ၄ ရက် ၂၀၂၁

ဘိုင်ဒန်အစိုးရက ခရီးသွားခွင့်ပိတ်ထားတဲ့ အာဖရိက ၈ နိုင်ငံမှာ ၂ နိုင်ငံမှာပဲ မျိုးကွဲသစ်တွေ့ရှိရပြီး ကျန် ၆နိုင်ငံမှာ မျိုးကွဲသစ် လုံးဝ မတွေ့ရှိရသလို တခြားမျိုးကွဲတွေ ဖြစ်ပွားမှု စိတ်နေတာမျိုးလည်း မဟုတ်ဘူးလို့ Today’s News Africa က သတင်းထောက် Simon Ateba က ဖောက်စ်သတင်းဌာနက ဂျက်ဆီ ဝပ်တားစ်ကို ပြောကြားလိုက်ပါတယ်။ အဲဒီအာဖရိက သတင်းထောက်က မျိုးကွဲသစ် လုံးဝမရှိတဲ့ ၆ နိုင်ငံကို မတရားပိတ်လိုက်တာကို မကျေနပ်လို့ ဘိုင်ဒန့်ပြန်ဝန်ကို နေ့စဥ်ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထောက်ပြမေးခွန်းတွေ မေးခဲ့ပေမယ့် ပြန်ဝန် ဂျန်ဆာကီဖြေတာတွေက လှီးလွှဲဖြေနေသလို ဖြစ်နေတာပါ။ သူက မင်းဖြေတာမှားနေတယ်လို့ ပြောပေမယ့် သူမက နောက်တဦးဆီ ကျော်သွားခဲ့ပါတယ်။

ဘိုင်ဒန်ပြဌာန်းလိုက်တဲ့ ခရီးသွားခွင့်ပိတ်လိုက်တာက အဲဒီမှာတင် ရပ်သွားတာမဟုတ်ပဲ တကမ္ဘာလုံးက နိုင်ငံကြီးတွေကပါ အမေရိကန်လုပ်တဲ့အတိုင်း လိုက်ဘန်းကြတဲ့အပြင် တခြားနိုင်ငံတွေကပါ သူတို့ဆီကို သွားဖို့ လန့်ကုန်ကြတဲ့အတွက် နိုင်ငံ အသေးလေးတွေအနေနဲ့ အများကြီး နစ်နာတယ်ဆိုတာ သိစေချင်လို့ ဒီစီကို လာခဲ့တာလို့ ဆိုပါတယ်။ ဘိုင်ဒန်အစိုးရက သူတို့နဲ့ သဘောမတူသူတွေကို လူမျိုးရေးခွဲခြားတယ်၊ လူမည်းတွေကို မုန်းတယ်လို့ တွင်တွင် စွပ်စွဲနေပေမယ့် တကယ်တမ်း သူတို့အာဖရိကန်တွေကို ခွဲခြားနေတာက ဘိုင်ဒန်အစိုးရဖြစ်နေပြီး လူမျိုးရေးခွဲခြားတယ်လို့ ဘိုင်ဒန်တို့ စွပ်စွဲနေတဲ့ ဖောက်စ်နယူးစ်က သူ့ကို ဖိတ်ခေါ် အင်တာဗျုးပြီး သူ့ပြောချင်တာတွေကို ပြောခွင့်ပေးလို့ အလွန်ကျေးဇူးတင်ရပါကြောင်း ပြောကြားသွားပါတယ်။

အဲဒီကိစ္စကို သေချာကြည့်ရင် နိုင်ငံငယ်လေးတွေက အင်အားကြီးနိုင်ငံတွေရဲ့ ခွဲခြားဆက်ဆံခံရတာပဲဖြစ်ဖြစ် နိုင်ငံရေးရည်ရွယ်ချက်တခုအတွက် အသုံးချခံရတာပဲဖြစ်ဖြစ် ကြုံလာခဲ့ရင် အရမ်းနစ်နာတယ်ဆိုတာနဲ့ အဲဒီလိုလုပ်တတ်တဲ့အစိုးရတွေဟာလည်း လူ့အခွင့်အရေးကို လိပ်ခေါင်းထွက်အောင် အော်နေသူတွေ ဖြစ်နေတတ်တာ သမိုင်းကို လေ့လာရင် ရှင်းပါလိမ့်မယ်။

ဘိုင်ဒန်က ထရမ့်လက်ထက်က ဝယ်လှောင်ထားခဲ့တဲ့ တိုင်းပြည်ရဲ့ ဗျူဟာမြောက်အရံရေနံစည် သန်း ၅၀ ကို ထုတ်ရောင်းလိုက်တာကြောင့် ဓါတ်ဆီဈေးတွေ ကျသွားပါတယ်လို့ ကြေငြာပါတယ်။ အဲဒီမှာ ပြထားတဲ့ ဂရပ်ဖ်က ပြားကိုပြန်စိတ်ထားတော့ ကျတာက အကြီးကြီး ကျသလို ထင်ရပေမယ့် နံပါတ်တွေကို ဖတ်ကြည့်လိုက်ရင် တဂါလံကို သက်သာတဲ့ပိုက်ဆံက ၂ပြားတောင် မပြည့်တာ တွေ့ရမှာပါ။ နားလှည့် ပါးရိုက်နည်းတမျိုးပါပဲ။ အဲဒါကလည်း ဘယ်လောက်မှ ခံမှာမဟုတ်ဘူးဆိုတော့ ဈေးမကျတဲ့အပြင် အရေးပေါ်အတွက် စုထားတာပါ ဆုံးတဲ့သဘောပါ။

CNN က ခရစ်စ်ကိုမိုကို အကန့်အသတ်မရှိ​ တာဝန်မှ ရပ်ဆိုင်းထားတာကနေ ရက်အနည်းငယ်အကြာ စစ်ဆေးအပြီး ကနေ့မှာတော့ အလုပ်ဖြုတ်ပစ်လိုက်ပြီ ဖြစ်ပါတယ်။​ ခရစ်စ်က သူ့အကို အန်ဒရူးရဲ့ လိင်အရှုပ်အထွေးတွေအတွက် တခြားဂျာနယ်လစ်တွေကိုပါ စည်းရုံးပြီး သူ့အကိုကို စွပ်စွဲသူ အမျိုးသမီးတွေကို နှောက်ယှက်ဖို့နဲ့ သူ့အကို အလုပ်မပြုတ်အောင် ကူညီခဲ့တာကို နယူးယောက် ရှေ့နေချုပ်က ဖွင့်ချလိုက်လို့ ဖြစ်ပါတယ်။​ ဒီတပတ်ထဲ ခရစ်စ်ကို တာဝန်မှ ရပ်နားထားစဥ် ထပ်မံ စစ်ဆေးမှုတွေအရ ထပ်မံရရှိတဲ့ သတင်းတွေကြောင့်လို့ CNN က ဆိုပေမယ့် ဘာသတင်းတွေဆိုတာ ကိုတော့ ပြောမပြသွားပါဘူး။ ခရစ်စ်ကတော့ တွဒ်တာကနေပဲ စိတ်ပျက်ကြောင်း ပြောသွားပါတယ်။

ခုရက်ပိုင်း လူစိတ်ဝင်စားတဲ့ နောက်သတင်းတပုဒ်ကတော့ ရက်ပ်ပါ ဂျက်ဆီ စမိုးလက်အမှုပါ။ ၂၀၁၉ခုနှစ် ဇန်နဝါရီ ၂၉ တုန်းက သူ့ကို နံနက် ၂နာရီ ရှီကာဂို လူကုံထံရပ်ကွက်က သူ့အိမ်နားမှာ လူမျိုးရေးခွဲခြားပြီး လိင်တူကြိုက်တာကြောက်သူတွေက မုန်းတီးမှုနဲ့ တိုက်ခိုက်ခဲ့ကြတယ်လို့ ရဲကို တိုင်ခဲ့ပါတယ်။​ သူ့ကို တိုက်ခိုက်သူတွေက မာဂါ(မိတ်ခ်အမေရိကားဂရိတ်အဂိန်း) လို့ အော်သွားတယ် ၊ ကြိုးနဲ့ သူလည်ပင်းကို ပတ်ဖို့ ကြိုးစားတယ်ဆိုတာလည်း ပါပါသေးတယ်။ ထရမ့်လူတွေလို့ ပြောချင်တဲ့သဘောပေါ့။​ ကမလာတို့ကလည်း ဒါမျိုးဂွင် စောင့်နေတာဆိုတော့ အူယားဖားယားဝင်ပြီး ဒါက (ဟိုးတုန်းကလိုမျိုး) လူမည်းတွေကို ကြိုးကွင်းစွပ်ဖို့လုပ်တာ၊ လူမျိုးရေးမုန်းတီးလို့ စသဖြင့် လူကြီးတယောက်လို ချင့်ချင့်ချိန်ချိန် မပြောပဲ အလျင်စလို အမုန်းမှတ်ချက်တွေ ပြုခဲ့ပါတယ်။​

နောက်ပိုင်းမှာ ထွက်ပေါ်လာတဲ့ ဗီဒီယိုတွေ အချက်အလက်တွေအရ ရုပ်ရှင်သရုပ်ဆောင်လည်းဖြစ်တဲ့ ဂျက်ဆီစမိုးလက်ကိုယ်တိုင်က အာဂျင်တိုင်းညီအကို နှစ်ဦးကို ငှားပြီး သူ့ကို ဘယ်လိုပြော၊ ဘယ်လို ဟန်လုပ်ထိုး စသဖြင့် သင်ပေးထားတာ ဖြစ်နေပါတယ်။ ဒီတိုင်းဆို ဒီမိုကရက်တွေက တဆိတ်ကို တအိတ်လုပ်ရုံတင်မကတော့ပဲ တဆိတ်ရော တအိတ်လုံးရောကို ဂျင်းအတောင့်လိုက် ထည့်နေကြတဲ့ သဘောမှာ ဖြစ်နေတာပါ​။ အခိုင်းခံရတဲ့ထဲ တဦးက တရားရုံးမှာ သူတို့ကို သင်ကြား ပိုက်ဆံပေးပြီး ခိုင်းခဲ့တယ်လို့ အစစ်ခံသွားပါတယ်။ အခုလိုသာဆိုရင် ရဲကို လိမ်လည်မှု၊ လိမ်လည်အမှုဖွင့်မှုနဲ့ ပစ်ဒဏ်ခံရနိုင်ပါတယ်။

အမေရိကန်မှာ မြင့်တက်လာနေတဲ့ ရာဇဝတ်မှုတွေရဲ့ နောက်ကွယ်မှာ ဘီလျံနာတွေ ရှိနေတယ်ဆိုတာ သတင်းတွေနဲ့ မျက်ခြေမပြတ်ရင် ရိပ်မိကြပါလိမ့်မယ်။ မီဒီယာရဲ့ ဦးနှောက်ဆေးတာကို ခံထားရသူတွေကတော့ မကောင်းတာဆိုရင် ထရမ့်ကိုပဲ ဆိုင်ဆိုင် မဆိုင်ဆိုင် အပြစ်တင်ကြမှာ ဖြစ်ပေမယ့် မျက်စေ့တွေ နားတွေ ဖွင့်ထားရင် အဲဒီဘီလျှံနာတွေထဲမှာ ဂျော့ဂျ်ဆိုရော့စ်၊ အန်ရွန်ပြိုလဲပြီး ဝန်ထမ်းတွေ၊ မိသားစုတွေ၊ ပင်စင်စုဆောင်းသူတွေ အများကြီး ဒုက္ခရောက်အောင်လုပ်ခဲ့ပေမယ့် သူက အငယ်ဆုံးဘီလျံနာဖြစ်သွားတဲ့ ဂျွန်အာနိုး၊ ဖဘကို ပူးတွဲတည်ထောင်သူ ဒပ်စ်တင် မော့်စ်ကိုဗစ်ရဲ့ ဇနီး ကာရီတူနာ၊ နက်ဖလစ်စ်ဥက္ကဋ္ဌ ရိဒ်ဟေ့စ်တင်ရဲ့ ဇနီး ပက်ထရစ်ရှာ ကွေလင်၊ စတာတွေ ပါဝင်ပါတယ်။ ထရမ့်ချမ်းသာတယ်ဆိုတာက သူတို့အစွန်းထွက်လောက်ပဲ ရှိတာပါ။

ကာရီတူနာက ၂၀၁၆တုန်းက ဟေလာရီနိုင်ဖို့အတွက် လက်ဝဲပေါ်လတစ်ကယ်အက်ရှင်ကော်မီတီကို ၅သန်းတကြိမ်အပါအဝင် သန်း ၂၀ လှူခဲ့သူပါ။ အဲဒီကော်မီတီကိုပဲ ဇကာပေါက်တို့က ၂၀၂၀ မှာ ဘိုင်ဒန်နိုင်ဖို့ သန်းပေါင်းများစွာ လှူခဲ့ပြန်ပါတယ်။ ကွေလင်ကလည်း နာမည်မထွက်ပေမယ့် လက်ဝဲစွန်းအုပ်စုတွေရဲ့ ရွေးကောက်ပွဲ၊ ရာဇဝတ်ဥပဒေတွေကို လူဆိုးလုပ်တာပေါ့အောင် လူကောင်းလုပ်တာ လေးအောင်ပြောင်းဖို့၊ လူမျိုးရေးခွဲခြားတာတွေကို ဥပဒေလုပ်ဖို့ စတာတွေမှာ သန်းနဲ့ချီ လှူနေတာပါ။ ဆိုရော့စ်ကတော့ တကမ္ဘာလုံးက ပြည်ဖျက်တွေ လက်ဝဲစွန်းတွေရဲ့နောက်မှာ ပိုက်ဆံထုတ်နဲ့ အမြဲကြိုးကိုင်နေသူပါ။ ဂျွန်အာနိုးက ရာဇဝတ်သားတွေ အာမခံတင်ရတာနဲအောင်၊ အာမခံမဖြစ်စလောက်နဲ့ အပြင်ပြန်ထွက်လာနိုင်အောင် (ဘေလ်ရီဖောမ်း) လုပ်ပေးနေတဲ့ ဗိသုကာတဦးပါ။  

သူတို့အားလုံး တူညီကြတာကတော့ သူတို့သည် မြင့်တက်လာတဲ့ ရာဇဝတ်မှုတွေရဲ့ နောက်ကွယ်မှာ ရှိနေတာပါပဲ။ ခရိုင်ရှေ့နေ (ဒီအေ)တွေ ရှေ့နေချုပ်တွေ ရွေးရင် သူတို့က သူတို့ကြိုက်တဲ့ လက်ဝဲအဆန်ဆုံး (အမိုက်ဆုံးသူ)ကို ငွေထုတ်ပိုက်ပြီး အရွေးခံရအောင် ကူကြပါတယ်။ ဒီမိုကရက်ပြည်နယ်တွေမှာ ဘေလ်ရီဖောမ်းလုပ်ပြီး လက်ဝဲဆွဲချ၊ လက်ဝဲရှေ့နေချုပ် စတာတွေနဲ့ တန်ဆာဆင်လိုက်တော့ အမေရိကန်ပြည်ကြီးက ခရိုင်းမ်တွေနဲ့ ဝေဝေစည်ပြီပေါ့။

သူတို့ကတော့ ဒီစီကဟာတွေလိုပဲ လုံခြုံရေးအစောင့်အရှောက်နဲ့ ခြံတံတိုင်းအမြင့်နဲ့ဆိုတော့ အကျိုးဆက်တွေကို သူတို့က မခံစားရဘူးလေ။ သူတို့ဘာကြောင့် ဒါတွေလုပ်နေတာလဲဆိုရင် လောကကြီးကို ချယ်လှယ်ချင်၊ ဥပဒေအထက်မှာ နေချင်၊ အဲဒီ ချင် တွေပြည့်ဖို့ အစိုးရက သူတို့ ကြိုးဆွဲနိုင်သူ ဖြစ်ဖို့လိုတယ်လေ။ ပြည်သူ့အကျိုးကြည့်မယ့်အစိုးရက ဘယ်သူ့အဝယ်မှ မခံပါဘူး။ ခရိုနီနဲ့ အာဏာရှင်က ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ဆိုတော့ အပြန်အလှန် ကိုင်ထားကြတာပါပဲ။

ဒီမိုကရက်ကြီးစိုးတဲ့ အီလီနွိုင်းရဲ့ အကြီးဆုံးကောင်တီတခုဖြစ်တဲ့ ကွခ်ကောင်တီမှာ ဒီနှစ်ထဲတင် လူသတ်မှုပေါင်း ထောင်ကျော်နေပြီဖြစ်ပြီး အဲဒီထဲမှာ ကလေး/ဆယ်ကျော်သက် က ၁၅၆ဦး ပါဝင်ပြီး အဲဒီထဲက ၉၆% က လူမည်း/လတီနိုတွေ ဖြစ်ကြပါတယ်။ ၂၀၁၉ကထက် ၄၀% တိုးလာတာ ဖြစ်ပါတယ်။ အဲဒီရာဇဝတ်မှုတွေကို ကျူးလွန်ကြတဲ့သူတွေရော ကယ်လီဖိုးနီးယားမြို့ကြီးတွေမှာ ဖြစ်နေတဲ့ ဖောက်ထွင်း လုယူ ထွက်ပြေးတဲ့ အမှုတွေမှာရော အများစုက ၁၈နှစ် အောက်တွေ ဖြစ်နေတာပါ။

ကြည့်ရတာ ရာဇဝတ်ဂိုဏ်းတွေက ငယ်ရွယ်သူတွေကို စည်းရုံးပြီး ကျူးလွန်ခိုင်းခြင်းဖြင့် ပြစ်ဒဏ်ကျရင်လည်း သက်သက်သာသာနဲ့ မကြာခင် ပြန်လွတ်နိုင်ခြေ ရှိနေတာကြောင့် ဖြစ်နိုင် ပါတယ်။​ ၁၈နှစ်အောက်ကို ကလေးထောင်ပို့ရင် ၂၁ ပြည့်ရင် အလိုလို လွတ်ပြီလေ။ အသက်ပြည့်တဲ့ ကျူးလွန်သူတွေကိုတောင် အကြောင်းမျိုးစုံပြပြီး ပြစ်ဒဏ်လျော့အောင်လုပ်၊ ထောင်ကျရင်တောင် အကြောင်းအမျိုးမျိုးပြပြီး လွှတ်၊ ပစ်မှုကြီးမယ်ထင်ရင် အရူးလက်မှတ် ပေးကြသေးတာဆိုတော့ ရာဇဝတ်မှုတွေကတော့ ကျစရာအကြောင်း ရှိကိုမရှိပါဘူး။ တက်ဖို့ပဲ ရှိပါတယ်။ ရှီကာဂိုမှာ  ကားလုတဲ့တဦးကဆို ၁၁ နှစ်ပဲ ရှိပါသေးတယ်။ အနာဂတ်ကတော့ အားတက်စရာပါပဲ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: