The Cato Institute’s နောက်ဆုံးအစီရင်ခံစာဖြစ်တဲ့ Freedom in the 50 states မှာ ပြည်နယ်၅၀ရဲ့ ငွေကြေးပေါ်လစီ၊ အစိုးရဥပဒေများနဲ့ လွတ်လပ်စွာရေးသားပြောဆိုဖော်ထုတ်ခွင့်၊ လွတ်လပ်စွာ ဆောင်ရွက်/လှုပ်ရှားခွင့်စတဲ့ မက်ထရစ်တွေအများကြီးအပေါ်မှာ သုံးသပ်ထားတဲ့ ထုတ်ပြန်ချက်မှာ အနီပြည်နယ်တွေက ပြည်သူတွေ ဘဝအရည်အသွေး မြင့်မြင့်မားမားနဲ့ နေရဖို့ ပိုအားထုတ် လေ့ရှိတယ်လို့ တွေ့ရှိရကြောင်း ဒေးလီးဝိုင်ယာက ဘန်ဇေးစ်လော့ဖ်က တင်ပြထားပါတယ်။
အစီရင်ခံစာထဲမှာ တခုနဲ့တခု အဖြည့်ခံဖြစ်တဲ့ စီးပွားရေးလွတ်လပ်မှုနဲ့ လူမှုရေးလွတ်လပ်မှုတွေကို ထည့်သွင်း သုံးသပ်ထားပါတယ်။ စီးပွားရေးအရ လွတ်လပ်ပေမယ့် ပုဂ္ဂလိက လွတ်လပ်ခွင့်မမြင့်မားတဲ့ စင်္ကာပူလိုနေရာမှာ လစ်ဘရယ်ထုံးတမ်းစဥ်လာအရ လက်ခံနိုင်တဲ့ လွတ်လပ်မှုမျိုး မရှိသလို ပုဂ္ဂိုလ်ရေးအရ လွတ်လပ်ခွင့်မြင့်မားပေမယ့် စီးပွားရေးလွတ်လပ်မှုမမြင့်တဲ့ အာဂျင်တီးနားမှာ လူတွေရဲ့ အစွမ်းအစ ကုံလုံကြွယ်ဝအောင် ဖန်တီးနိုင်မှု လုံလုံလောက်လောက် ရှိမနေပါဘူး။ စီးပွားရေးလွတ်လပ်တာတခုထဲနဲ့ တကယ့်လွတ်လပ်မှု မဖြစ်ပါဘူး၊ အရင်းရှင်စနစ်အောင်မြင်ဖို့ လွတ်လပ်မှု နှစ်ခုလုံး လိုအပ်ပါတယ်လို့ မေလ်တန် ဖရီးမန်းက သူ့ရဲ့ Capitalism and Freedom စာအုပ်မှာ ဖော်ပြထားတာကို ကိုးကားထားပါတယ်။
လွတ်လပ်မှုအမြင့်ဆုံး ပြည်နယ် ၅ခုက နယူးဟမ်ရှိုင်းယား၊ ဖလော်ရီဒါ၊ နီဗားဒါး၊ တန်နက်ဆီနဲ့ တောင် ဒါကိုတာတို့ ဖြစ်ပြီး အောက်ဆုံးမှာတော့ အော်ရီဂွန်၊ နယူးဂျာ်စီ၊ ကယ်လီဖိုးနီးယား၊ ဟာဝိုင်အီနဲ့ နယူးယောက်တို့ဖြစ်ပါတယ်။ အလွတ်လပ်ဆုံးပြည်နယ်တွေမှာ လော့ဒေါင်းတွေ မလုပ်ခဲ့တဲ့အပြင် ဘာမန်ဒိတ်မှ မပြဌာန်းထားပဲ ပြည်သူတွေက ကိုယ့်အသိတရားနဲ့ကိုယ် သတိထားကြတဲ့အပြင် အစိုးရကလည်း လူနာတွေအတွက် ကောင်းမယ့်ဆေးမှန်သမျှ အလွယ်တကူရအောင် စီစဥ်ပေးထားတဲ့ အတွက် ကိုဗစ်ဖြစ်နှုန်း နည်းသလို အာဏာနဲ့ ပိတ်ခိုင်းထားတာမျိုးမရှိတဲ့အတွက် စီးပွားရေးထိခိုက်မှုကိုလည်း ဆိုးဆိုးရွားရွား မခံစားခဲ့ကြရပါဘူး။
လူဝီစီယားနားပြည်နယ် နယူးအော်လင်းမြို့မှာ ရပ်နားထားတဲ့ နော်ဝေဂျီယံအပန်းဖြေသင်္ဘောမှာ ဝန်ထမ်းတွေရာ ခရီးသွားတွေပါ အကုန်လုံး ကာကွယ်ဆေး အပြည့်အဝ ထိုးထားပြီး ဖြစ်ပေမယ့် ကိုဗစ်ပိုးတွေ့တာ အနည်းဆုံး ၁၀ဦးရှိတယ်လို့ ဆိုပါတယ်။ အဲဒီလူတွေက ပိုးသာတွေ့ပေမယ့် ဘာရောဂါလက္ခဏာမှတော့ မခံစားနေရဘူးလို့ ဆိုပါတယ်။ PCR test တွေက false positive တွေ ပြတတ်တာကိုလည်း တချို့က ထောက်ပြကြပါတယ်။ ဆေးထိုးထားပြီးမှ ပြန်ကူးတာက ဒီတခါထည်း ဖြစ်တာမဟုတ်တော့ ဖြစ်တတ်တယ်လို့ပဲ ပြောရမယ်ထင်ပါတယ်။
အမေရိကန်ကြည်းတပ်အထူးတပ်ဖွဲ့မှာ ဒုဗိုလ်မှုးကြီးဖြစ်ခဲ့ပြီး အခု အရေးပေါ်ဆရာဝန်လုပ်နေတဲ့ ဒေါက်တာ အိုမာ ဟာမားဒါက အာဖရိကကလာတဲ့ အိုမီခရွန်ပိုးက အကူးမြန်ပိုးတွေရဲ့ ထုံးစံအတိုင်း အားပျော့တတ်ကြပြီး လက္ခဏာကလည်း သာမာန်အအေးမိသလောက်ပဲ ဖြစ်တဲ့အတွက် အဲဒီပိုးကူးခံရရင် ဘာမှ ဆိုးဆိုးရွားရွား မခံစားရပဲ သဘာဝ ခုခံအား ရသွားနိုင်တယ်လို့ ဆိုပါတယ်။ ဆေးကုမ္ပဏီကြီးတွေနဲ့ စီဒီစီကတော့ အဲဒီလောက် အားပျော့တဲ့ မျိုးကွဲအတွက်တောင် ကာကွယ်ဆေး ထုတ်ဖို့ ကြိုးစားနေကြတယ်ဆိုတော့ ဘာရည်ရွယ်ချက်နဲ့လဲဆိုတာ စဥ်းစားစရာပါ။ ကာကွယ်ဆေး ထုတ်တာက ပြဿနာမရှိပါဘူး၊ ထိုးချင်သူလည်း ရှိကြမှာပါ။ မထိုးမနေရ မလုပ်ကြဖို့ပဲ လိုပါတယ်။
ယေးလ်တက္ကသိုလ်က ကူးစက်ရောဂါဗေဒ ပါမောက္ခ Dr. Harvey Risch က ဒီပန်ဒဲမစ်ကြီးက အာဏာရှိသူတွေက ပြည်သူတွေကြား အကြောက်တရားနဲ့ ထိန်းချုပ်ဖို့ မွေးဖွားပေးလိုက်တာလို့ American Thought Leader အစီအစဥ်ကနေ ပြောကြားသွားပါတယ်။ ကိုဗစ်ပန်ဒဲမစ်ဆိုတာထက် အကြောက်တရားပန်ဒဲမစ်လို့ ပြောချင်တာပါ။ စီစီပီပိုးက လူတချို့ကိုပဲ ကူးစက်ခဲ့တယ်ဆိုပေမယ့် အကြောက်တရားကတော့ လူတိုင်းလိုလိုကို ထိပါတယ်။ တကယ်တမ်းမှာ အဲဒီပိုးက လူတိုင်းကို ဒုက္ခပေးတာမဟုတ်ပဲ အသက်ကြီးသူ၊ ရောဂါအခံရှိသူ၊ ကျန်းမာရေးချို့တဲ့သူတွေမှာ အဖြစ်များတဲ့အတွက် ဘယ်အုပ်စုက အန္တရာယ်ရှိတယ်ဆိုတာ ခပ်စောစောထဲက သိနေကြပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ ပန်ဒဲမစ်ကတော့ အကြောက်တရားကို လှုံ့ဆော်ပေးပြီး အဲဒီအပေါ် လူတွေရဲ့ တုန့်ပြန်ပုံတွေပေါ်မှာ ကစားသွားတာပါ။
ဒေါက်တာ Risch က ဆေးပညာဆောင်းပါးပေါင်း ၃၀၀ ကျော် ရေးသားခဲ့ပြီး ကူးစက်ရောဂါဆိုင်ရာ အမေရိကန်ဂျာနယ်မှာလည်း အယ်ဒီတာဘုတ်အဖွဲ့ဝင်တဦးအဖြစ် တာဝန်ယူခဲ့ဖူးပါတယ်။ သူက ငှက်ဖျားဆေး၊ အီဗာမက်တင် စတဲ့ စျေးချိုပြီး ထိရောက်တဲ့ ကိုဗစ်ကုသဆေးတွေကို အစိုးရအာဏာနဲ့ ထိန်းချုပ်ခဲ့တာကိုလည်း ဝေဖန်လိုက်ပါတယ်။
ကိုဗစ်အစပိုင်းတုန်းက နှာခေါင်းစည်းမစည်းပဲ အပြင်ထွက်ရင် (သို့) အပြင်လေကို ဒီတိုင်းရှုမိရင်တောင် ကောက်ခါငင်ခါ အသက်ဆုံးတော့မလောက် ကြောက်ခဲ့ကြတာ အခုထိ ကယ်လီဖိုးနီးယားမှာ အဲဒီလိုလူတွေ မနဲမနော ရှိနေပါသေးတယ်။ ဒါပေမယ့် ဦးနှောက်တွေ မျက်စေ့တွေကို ဖွင့်ထားမယ်ဆိုရင် အဲဒီလို အကြောက်တရားမှိုင်းသွင်းနေသူတွေ ကိုယ်တိုင်က ကြောက်မနေတာကို အကြိမ်ကြိမ်တွေ့မှာပါ။
လူ့သဘာဝက ကြောက်လာပြီဆိုရင် ဆုံးဖြတ်ချက်တွေ မှားကုန်ပါတယ်။ ပတ်ဝန်းကျင်က ကြောက်ရင်လည်း ပတ်ဝန်းကျင်ရဲ့ဖိအားနဲ့ အကြောက်ဒီဂရီ ဆတိုးတိုးစေပါတယ်။ အကြောက်တရားနဲ့ အတင်းဆုံးကြပ်ပြီးမှ အရင်လို ပြန်ရောက်ချင်ရင် ဘာလုပ်ရမယ်၊ ဘာလိုက်နာရမယ် စတာတွေ လာပါတော့တယ်။ နောက်တော့ ဘယ်တော့မှ အရင်လို ပြန်ဖြစ်တော့မှာမဟုတ်လို့ နယူးနော်မယ်လ် ဆိုတာကိုတောင် တဖွဖွ သုံးလာကြပါသေးတယ်။ ပြည်သူတွေကလည်း အကြောက်တရားက ကြီးစိုးနေတော့ အာဏာပိုင်တွေ ပြောသမျှ မစဥ်းမစား အသာတကြည်လက်ခံလိုက်ကြတဲ့အပြင် မေးခွန်းထုတ်သူတွေကိုတောင် ဝိုင်းတိုက်ခိုက်ကြပါတယ်။ ကျမကတော့ ပြည့်မိခင်ပြောထားသလိုပဲ အရမ်းကြီးလဲ မကြောက်နဲ့၊ မကြောက်ပဲလဲ မနေနဲ့ဆိုတဲ့ အလယ်အလတ်လမ်းစဥ်ကိုပဲ ကျင့်သုံးပါတယ်။
ဂျရှ်လင်မက်ဆွဲလ် အမှုမှာ နောက်ထပ်ထွက်လာတဲ့ အချက်တချို့ကတော့ သမ္မတဟောင်း ကလင်တန်နဲ့ ပတ်သက်နေပါတယ်။ အက်ပ်စတိန်းအကြောင်း ရေးတဲ့ စာအုပ်တွေအရ ကလင်တန်နဲ့ ဂျရှ်လင်က အစောပိုင်းထဲက တိတ်တိတ်ပုန်း ဇတ်လမ်းရှိသူများဖြစ်ပြီး ကလင်တန်ကြိုက်တာက အရွယ်မရောက်သေးတဲ့ ကလေးမလေးတွေ မဟုတ်ပဲ ဂျရှ်လင်ကိုယ်တိုင်ဖြစ်နေတယ်လို့ ဆိုပါတယ်။ ဂျရှ်လင်နဲ့ တွေ့ဖို့ရာလည်း အက်ပ်စတိန်းကနေတဆင့်ပဲ တွေ့ရတာကြောင့် ကလင်တန်က အက်ပ်စတိန်းနဲ့ မကြာခဏ ဆုံနေရတာဖြစ်ကြောင်း၊ ကလင်တန် သမ္မတအဖြစ်က အနားယူပြီး နောက်ပိုင်း ပွဲလမ်းတွေမှာ ဟေလာရီမတက်ဘူးဆိုရင် ဂျရှ်လင်နဲ့ တက်ဖြစ်ကြောင်း၊ ဂျရှ်လင်ရဲ့ မန်ဟက်တန်က ပန့်ဟောက်စ်မှာရော အတူညစာစားနေတာတွေရောတွေ့ရကြောင်း စတာတွေလည်း ရေးထားတယ်လို့ သိရပါတယ်။
ကလင်တန်ဖောင်ဒေးရှင်းက အမြင့်ဆုံးအလှူငွေရခဲ့တဲ့အချိန်က ကလင်တန်နိုင်ငံခြားရေးဝန်ကြီး စလုပ်တဲ့နှစ်ဖြစ်တဲ့ ၂၀၀၉ ခုနှစ်မှာဖြစ်ပြီး အလှူငွေ သန်း ၂၅၀ ရခဲ့တာဖြစ်ပါတယ်။ အခုအခါမှာတော့ ကလင်တန်တို့က ဘာရာထူး ဘာလုပ်ပိုင်ခွင့်မှ မရှိတော့တဲ့ ၂၀၂၀ မှာ အလှူငွေက ၁၆.၃ သန်းပဲ ဝင်ခဲ့ပါတယ်။ အဲဒါက ခြစားမှု သိသိသာသာရှိနေတဲ့ သင်္ကေတပါပဲ။ ကလင်တန်ဖောင်ဒေးရှင်းကတော့ အခမ်းအနားတွေ မလုပ်ရတာကြောင့် အလှူငွေနည်းသွားတာလို့ အကြောင်းပြပါတယ်။ ၂၀၁၆တုန်းက ဟေလာရီက ရွေးကောက်ပွဲကာလမှာ ကလင်တန်ဖောင်ဒေးရှင်းအလှူငွေလက်ခံတာကို ရပ်နားထားမှာဖြစ်ပြီး သူမအိမ်ဖြူရောက်တဲ့အခါကျရင်တော့ လျော့ချသွားမယ်လို့ ကြေငြာခဲ့ပါတယ်။ သူမလည်း အိမ်ဖြူကို ရောက်မလာခဲ့တော့ ဖောင်ဒေးရှင်းကလည်း အရှိန်လျော့မသွားခဲ့ပါဘူး။
အမေရိကန်မှာ လက်ဝဲစွန်းအဆန်ဆုံးမြို့ဖြစ်တဲ့ ဆန်ဖရန်စစ္စကိုက စားသောက်ဆိုင်တခုမှာ ရဲအရာရှိတွေ စားဖို့ဆိုင်ထဲ ဝင်လာတဲ့အချိန်မှာ သူတို့မှာပါလာတဲ့ လက်နက်တွေက အဆိုပါ စားသောက်ဆိုင်ရဲ့ ဆေ့ဖ်စပေ့စ်အယူအဆနဲ့ ဆန့်ကျင်နေတာကြောင့် (မလုံခြုံဖူးလို့ ခံစားရတာကြောင့်) ဝင်စားခွင့်မပြုနိုင်ကြောင်း ငြင်းဆိုလိုက်ပါတယ်။ အဆိုပါစားသောက်ဆိုင်ရဲ့အဆိုအရ သူတို့ဆိုင်က ပုံမှန်နဲ့မတူ ကွဲပြားနေသူ(ကွီးယား)တွေ၊ လူမည်း၊ ဌာနေလူနီနဲ့ အရောင်ရှိသူတွေ အတွက် လုံခြုံမှုပေးချင်တာကြောင့် လက်နက်နဲ့ရဲတွေကို လက်မခံနိုင်တာပါလို့ ဆိုပါတယ်။ ရဲတွေက လက်နက်နဲ့ပတ်သက်ပြီး သေချာလေ့ကျင့်ထားတဲ့သူတွေ ဖြစ်တဲ့အပြင် ဘာဖြစ်ရင်ဘာလုပ်ဆိုတဲ့ ပရိုတိုကောလ်လဲ အခိုင်အမာ ရှိထားတဲ့အတွက် သေနတ်နဲ့ရဲကို ကြောက်တာ လက်ဝဲစွန်းမီဒီယာရဲ့ အကြောက်တရားမှိုင်းတွေ ဝင်နေတာလို့ပဲ ပြောရမယ်ထင်ပါတယ်။
ဆန်ဖရန်မှာပဲ မျက်နှာပြောင်တိုက်ပြီး လုတာတွေ များသထက် များလာနေတော့ ကုန်စုံဆိုင်ကြီးတခုဖြစ်တဲ့ Safeway က ဆိုင်အဝင်ဂိတ်တွေကို အော်တိုမက်တစ်လုပ်ထားပြီး ပြန်ထွက်ရင်လည်း တဦးချင်း တန်းစီပြီး ထွက်ရမှာဖြစ်လို့ တွန်းလှည်းကြီးနဲ့အပြည့် ပစ္စည်းတွေတင်ပြီး ပိုက်ဆံမပေးပဲ ထွက်သွားတာမျိုးတွေ လုပ်ဖို့ ခက်ခဲသွားမယ်လို့ ဆိုပါတယ်။ ကိုယ်ကျင့်တရားဆင်းရဲတဲ့ ပတ်ဝန်းကျင်မှာနေရင် သူခိုးလိုပဲ ဆက်ဆံခံရမှာ ဓမ္မတာပါပဲ။