ဘိုင်ဒန်အစိုးရက ပေကျင်းမှာ ကျင်းပမယ့် ဆောင်းရာသီအိုလံပစ်ကို တရုပ်စီစီပီရဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေနဲ့ လူ့အခွင့်အရေး ဖောက်ဖျက်မှုတွေကြောင့် သံတမန်ရေးရာအရ သပိတ်မှောက်မယ်လို့ ကနေ့ကြေငြာပါတယ်။ သံတမန်ရေးအရဆိုတာက အစိုးရအရာရှိ မလွှတ်ဘူးလို့ပဲ ပြောတာပါ။ အသင်းတွေ သွားမပြိုင်ဘူးလို့ မပြောပါဘူး။ သွားပြိုင်မယ့်သူတွေကို ငါတို့ ဒီကနေ အားပေးနေမှာပါလို့ ဘိုင်ဒန့်ပြန်ဝန်က ပြောသွားပါတယ်။ ဒီမိုကရက်တွေက ယုန်ထင်ကြောင်ထင်ဖြစ်အောင် လုပ်တတ်တဲ့ နေရာမှာ ပြိုင်စံရှားပါပဲ။ အစိုးရပိုင်းမသွားတော့ တခုခု ပြဿနာရှိရင် ကိုယ့်နိုင်ငံသားတွေကို ကိုယ်မကာကွယ်နိုင်တာကလွဲလို့ ဘာမှ ထူးသွားမှာမဟုတ်တော့ တရုပ်ကြီးက အပြုံးမပျက်ပါပဲ။
အမျိုးသမီးတင်းနစ်အသင်း (WTA) ကတော့ စီစီပီထိပ်တန်းအရာရှိတဦးနဲ့ လိင်ပိုင်းပတ်သက်ခဲ့တဲ့ တရုပ်တင်းနစ်မယ် ပန်းရွှေ ပျောက်ဆုံးသွားတာကြောင့် အိုလံပစ်အပါအဝင် တရုပ်ပြည်မှာ ကျင်းပမယ့် တင်းနစ်ပွဲတွေကို သပိတ်မှောက်မယ်လို့ ခပ်စောစောထဲက ကြေငြာထားတာပါ။ အဲဒါကို တရုပ်အစိုးရက အားကစားမှာ နိုင်ငံရေးစွက်တာ မဖြစ်သင့်ဘူးလို့ ဆိုပါတယ်။
ဘိုင်ဒန်အစိုးရက ကိုယ်လွတ်ရုန်းပြီး အရာရှိတွေမတက်ဘူး၊ အားကစားအဖွဲ့တွေ မင်းတို့ဖာသာ တက်ချင်ရင်တက်ဆိုတော့ သွားတက်တဲ့အသင်းက ပြစ်တင်ဝေဖန်ခံရနိုင်ပါတယ်။ ခေါင်းဆောင်က ခေါင်းမဆောင်တော့ ကျန်လူကဘေးကျပ်နံကျပ်ပါပဲ။
CNN က အလုပ်ထုတ်ပစ်လိုက်တဲ့ ခရစ်စ်ကိုမိုက သူ့အကိုရဲ့လိင်အရှုပ်ကိစ္စအပေါ် သူကူညီနေတာကို CNN ရဲ့ CEO Jeff Zucker သိတယ်လို့ ဖွင့်ချလိုက်ပြီး သူ့ကို လက်ရှိကန်ထရိုက်ပြီးတဲ့အထိ အလုပ်ပြန်ခန့်ဖို့ တောင်းဆိုလိုက်ပါတယ်။ သူတောင်းဆိုတာကို မလိုက်လျောရင် CNN ကို တရားစွဲဖို့ ရှေ့နေတွေနဲ့ ပြင်ဆင်ထားပြီးပြီလို့ ဆိုပါတယ်။ CNN က အလုပ်ထုတ်လိုက်ပြီးတဲ့နောက်ပိုင်း ခရစ်စ်ကိုမိုက SiriusXM ရေဒီယိုရှိုးကပါ နှုတ်ထွက်သွားပါတယ်။
Hate crime အတုလုပ်ခဲ့တဲ့ ဂျပ်ဆီစမိုးလက်ကလည်း တရားရုံးမှာ ကျမ်းကျိန်ပြီး အစစ်ခံရာမှာ CNN က Don Lemon က သူ့ကို အမှုကိစ္စနဲ့ ပတ်သက်ပြီး text ပို့ခဲ့တယ်လို့ ဆွဲထည့်သွားပါတယ်။ လူမျိုးရေးမုန်းတီးမှုဆိုတာနဲ့ ဝမ်းသာအားရဝင်ပါတဲ့ ကမလာကတော့ ဂျပ်ဆီလီဆယ်အမှုဖွင့်တာ ထင်ရှားသထက် ထင်ရှားလာနေတဲ့ ဒီအမှုအပေါ် ဘာသံမှ မထွက်သေးပါဘူး။
အောက်လွှတ်တော်က ရဲရင့်တဲ့အမတ်တဦးဖြစ်တဲ့ Davin Nunes က ဒီနှစ်ကုန်ရင် လွှတ်တော်ကနေ နှုတ်ထွက်ပြီး သမ္မတထရမ့်ရဲ့ ဆိုရှယ်မီဒီယာကုမ္ပဏီကို ဦးဆောင်သွားမှာဖြစ်တယ်လို့ ကြေငြာပါတယ်။ ဒယ်ဗင်က အောက်လွှတ်တော်ရဲ့ ထောက်လှမ်းရေးကော်မီတီမှာ ပါဝင်တဲ့ ထိပ်တန်းရီပါဘလစ်ကန်တဦး ဖြစ်ပါတယ်။ (အဲဒီထောက်လှမ်းရေး ကော်မီတီမှာ တရုပ်စပိုင်မလေး ဖန်းဖန်းနဲ့ ငြိခဲ့တဲ့ Eric Swalwell လဲ ပါဝင်နေပါတယ်။) ဒယ်ဗင်က ထရမ့်က ရုရှားတွေနဲ့ပေါင်းပြီး ရွေးကောက်ပွဲကို ကလဖန်ထိုးခဲ့တယ်ဆိုတဲ့ ဒီမိုကရက်တွေနဲ့ စွပ်စွဲချက်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးခဲ့ရာမှ ထွက်လာတဲ့ ဒီမိုကရက်တွေရဲ့ သမ္မတထရမ့်ကို ဖြုတ်ချဖို့ ကြံစည်ခဲ့တဲ့ တွေ့ရှိချက်တွေကို The Plot Against the President အမည်နဲ့ Documentary ဖန်တီးခဲ့ပါတယ်။ (Amazon မှာ ကြည့်လို့ရပါတယ်။)
Tesla & Space X တို့ရဲ့ CEO Elon Musk က မကြာသေးမီကမှ လွှတ်တော်က အတည်ပြုပြီး ဘိုင်ဒန်က လက်မှတ်ထိုးလိုက်တဲ့ Infrastructure bill ကို ကနေ့ပြုလုပ်တဲ့ WSJ CEO Council summit ကနေ ဗီဒီယိုနဲ့ ဝေဖန်လိုက်ပါတယ်။ အစိုးရရဲ့ အသုံးစရိတ်က ခရေးဇီးဖြစ်လောက်အောင် များနေတယ်၊ မင်းတနှစ်ဝင်ငွေထက် ၃ ထရီလီယံ ပိုသုံးလို့ မရဘူးလေ၊ အစိုးရက မဟားဒယား သုံးနေတာတွေကို လျော့ချဖြတ်တောက်တာမျိုး မပြုခဲ့ရင် အခြေအနေဆိုးတခုက ဖြစ်ကို ဖြစ်လာလိမ့်မယ်၊ ငါတို့သုံးတာက ငါတို့ဝင်တာထက် အများကြီး ပိုနေတယ်၊ အဓိပ္ပါယ်မရှိဘူး၊ ဒီနိုင်ငံက ဘီလျှံနာတွေအကုန်လုံးရဲ့ ပိုင်ဆိုင်မှုတွေ အကုန်ထုခွဲပြီး ဆပ်ရင်တောင် တိုင်းပြည်တင်နေတဲ့အကြွးက ကျေမှာမဟုတ်ဘူးလို့ တက္ကဆက်စ်က တက်စ်လာစက်ရုံကြီးနေ ပြောသွားပါတယ်။
Infrastructure bill လို့ နာမည်တပ်ထားပြီး တကယ့် infrastructure အတွက် သုံးတာ ၁၀% ပဲပါတဲ့ အဆိုပါ ဘတ်ဂျက်ထဲမှာ လျှပ်စစ်ကားတွေအတွက် အားသွင်းတဲ့ ကွန်ယက်ကို အမြန်လမ်းတွေမှာ ဆောက်မယ့် အစိုးရရဲ့အစီအစဥ်အပေါ် လုံးဝမလိုဘူး၊ ဖျက်ပစ်လိုက်၊ အင်ဂျင်ကားခေတ်တုန်းကရော ဓါတ်ဆီဆိုင်တွေ အမြန်လမ်းတလျောက် လိုက်ဆောက်ပေးခဲ့လား။ လိုမှမလိုတာ၊ ဘာမှ ထောက်ပံ့စရာမလိုဘူး လို့ အီလွန်က ဝေဖန်လိုက်ပါတယ်။
လက်ရှိလျှပ်စစ်ကားထုတ်လုပ်သူတွေထဲမှာ တက်စ်လာတခုပဲ ကားတင်မက ကားအားသွင်းဖို့နဲ့ လိုအပ်နိုင်တာတွေ ဖြည့်စည်းပေးမယ့် ecosystem ပါ ဆောက်နေတာပါ။ ဘိုင်ဒန်ကွန်ဖရန့်ခေါ်ခဲ့တဲ့ လျှပ်စစ်ကား ထုတ်လုပ်သူတွေက ကားတောင် ပေမှီဒေါက်မှီ မထွက်သေးပါဘူး၊ ecosystem က အဝေးကြီးပါ။ ဒါပေမယ့် အဲဒါကို အစိုးရက ဝင်လုပ်ပေးမယ်ဆိုတာက သူတို့ပေးရတဲ့ လော်ဘီဘိုးနဲ့ ယှဥ်ရင် အဲဒီထုတ်လုပ်သူတွေအတွက် အများကြီးတန်တယ်လေ။ ခြစားနည်းတမျိုးပေါ့။ တခုရှိတာက အစိုးရလုပ်ပေးသမျှက အလေအလွင့်များတဲ့အပြင် ပြည်သူ့အိတ်ထဲကလာတဲ့ ပိုက်ဆံနဲ့ လုပ်ပေးရတာဆိုတော့ အဆုံးမှာ ဘယ်သူခံရပြီး ဘယ်သူ အမြတ်ထွက်သလဲဆိုတာ မ အ ရင် သိလောက်ပါတယ်။
လျှပ်စစ်ကားတွေနဲ့ ပတ်သက်တဲ့ ဆန်းသစ်တီထွင်မှုတွေအပေါ်မှာ အစိုးရက ဝင်ကစားတာမျိုး ရှောင်ပြီး ဒိုင်အနေနဲ့ပဲနေသင့်တယ်၊ R&D နဲ့ ပတ်သက်ပြီး အစိုးရက ထောက်ပံ့မယ်ဆိုတာလည်း တန်ဖိုးရှိတဲ့ အသုံးစရိတ်အဖြစ် မမြင်ဘူးလို့ အီလွန်က ပြောသွားပါတယ်။ အီလွန်က အစိုးရက ဝင်ပါရင် တိုးတက်မှုတွေအကုန် နှောင့်နှေးကုန်မှာဖြစ်လို့ အစိုးရအနေနဲ့ ဘေးဖယ်နေသင့်တယ်လို့ ဆိုပါတယ်။
အဲဒါဆိုရင် အစိုးရပါသင့်တဲ့နေရာများရှိရင် ပြောပါဆိုတော့ Mars probe လိုမျိုး အားကောင်းတဲ့ သိပ္ပံပညာအစီအစဥ်လိုနေရာမျိုးမှာ အစိုးရက ဝင်ပါတာ ကောင်းတယ်၊ အာကာသကို သွားတဲ့အစီအစဥ် အောင်မြင်သွားရင် လူတွေက ဂြိုလ်တလုံးထဲမှာ နေတာကနေ ဂြိုလ် ၂ လုံး ၃လုံးမှာနေတဲ့ ပုံစံ ဖြစ်လာလိမ့်မယ်လို့လည်း သူ့အမြင်ကို ဆွေးနွေးသွားပါတယ်။
အီလွန်စမ်းသပ်နေတဲ့ ဦးနှောက်နဲ့ အာရုံကြောလှုပ်ရှားမှုတွေကို စက်အကူအညီနဲ့ ပြုလုပ်ဖို့ ရည်ရွယ်တဲ့ Neuralink ပရောဂျက်က မျောက်တွေမှာ ကောင်းကောင်းမွန်မွန် အလုပ်လုပ်နေပြီး FDA က အတည်ပြုချက် ကျပြီးရင် ထိခိုက်မှုကြောင့်ဖြစ်ဖြစ် လေဖြတ်လို့ဖြစ်ဖြစ် ခြေတွေရောလက်တွေပါ မလှုပ်နိုင်တဲ့ လူတွေမှာ တပ်ဆင်အသုံးပြုနိုင်လိမ့်မယ်လို့လည်း တင်ပြသွားပါတယ်။ အဲဒါတွေအားလုံးကို အစိုးရအထောက်အပံ့၊ ပြည်သူ့အခွန် တပြားသားမှ မပါပဲ သူ့ကို ယုံကြည်ကြတဲ့ အစုရှယ်ယာရှင်တွေပိုက်ဆံနဲ့တင် စမ်းသပ် သုတေသနပြု တည်ဆောက် သွားတာပါ။ အစိုးရဝင်ပါနေသမျှ အကြံတုန်း ဉာဏ်တုံးဖြစ်ပြီး ငွေကုန် ခရီးမရောက်တာပဲ အဖတ်တင်မှာပါ။