အမေရိကန်မှာ အတန်းကျောင်းတွေ၊ ကောလိပ်တွေ၊ တက္ကသိုလ်တွေ၊ အလုပ်ခွင်တွေနဲ့ တပ်တွေထဲမှာ အတွေးအခေါ်ပုံစံသွင်းခံနေရတာ နှစ်ကြာလာတာနဲ့အမျှ လက်ဝဲစွန်းအယူအဆတွေကို တန်ပြန်မေးခွန်းထုတ်ခြင်းမျိုးမပြုပဲ ပုံမှန်လို လက်ခံလာနေကြပါတယ်။ လက်ဝဲဝါဒ ဆန့်ကျင်သူတွေကို မီဒီယာကရော ဆိုရှယ်မီဒီယာကရော ဦးနှောက်ဆေးခံထားရတဲ့ အဖွဲ့အစည်းတွေကရော ပညာပေးကြတာ မကြာမကြာတွေ့နေရတော့ သိပ်သဘောမတူရင်တောင် နှုတ်ဆိတ်နေလိုက်တာက အန္တရာယ်ကင်းတယ်လို့ မြင်လာကြတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ပုံစံခွက်ထဲ သွပ်သွင်း သင်းသပ်ခြင်းမှာ နှစ်ပိုင်းရှိတာ တွေ့ရပါတယ်။
တပိုင်းက အမေရိကန်တွေ တန်ဖိုးထားတဲ့ အမေရိကန်ကို ဂုဏ်တက်စေတဲ့ သမိုင်းကြောင်းတွေကို အမှားတွေ အလိမ်တွေလို့ တံဆိပ်တပ်ပြီး အမေရိကန်ကို မုန်းအောင် အမေရိကန်ဖြစ်ရတာ ရှက်စရာဖြစ်အောင် အတွေးအခေါ် သင်းသပ်တာပါ။
ဥပမာပေးရရင် ကျွန်စနစ်ကို အမေရိကန်က စခဲ့တာမဟုတ်သလို ကျင့်သုံးခဲ့တာလည်း အမေရိကန် တနိုင်ငံတည်း မဟုတ်ပါဘူး။ တကမ္ဘာလုံးပါ။ အမေရိကန်က ကျွန်စနစ်ကို ဦးဆုံး ကျယ်ကျယ်ပြန့်ပြန့် ဖျက်သိမ်းခဲ့တဲ့ နိုင်ငံပါ။ အဲဒါတောင် ကျွန်စနစ်ရှိခဲ့တာကို အကြောင်းပြပြီး အမေရိကန်ကို တည်ထောင်ခဲ့ကြသူတွေကို သမိုင်းရဲ့ မျက်နှာစာတွေကနေ ဖယ်ရှားဖျောက်ဖျက်ပစ်ဖို့ ဒီမိုကရက်တွေက ကြိုးစားနေကြတာပါ။ အမေရိကန်ရဲ့ တိုင်းပြုပြည်ပြု ဖခင်ကြီးများက ကမ္ဘာပေါ်မှာ အကောင်းဆုံးလို့ ပြောနိုင်တဲ့ ပြည်ထောင်စုအခြေခံဥပဒေကို ဆွဲသွားခဲ့တဲ့အပြင် အဲဒီလို အုဋ်မြစ်ကောင်းပေါ်မှာ တည်ထောင်ခဲ့လို့လည်း ၂၄၅ နှစ်ကျော်ကြာသည့်တိုင် ကမ္ဘာပေါ်မှာ နောက်ဆုံးကျန်နေတဲ့ လွတ်လပ်ခြင်းရဲ့ မီးရှူးတန်ဆောင်အဖြစ် ရှိနေသေးတာပါ။
နောက်တချက်က အမေရိကန်ရဲ့ အရင်းရှင်စနစ်က နိုင်ငံငယ်လေးတွေကို အမြတ်ထုတ်တယ်ဆိုပြီး ရှက်ကြတာပါ။ ကိုကာကိုလာတို့ မက်ဒေါ်နယ်တို့ ကမ္ဘာနိုင်ငံအသီးသီးမှာ ဖွင့်ကြတာကို အပြစ်မြင် ကြပါတယ်။ အဆိုးပဲရွေးကြည့်ရင်တော့ နေရာတိုင်းမှာ အဆိုးရှိတာပါပဲ။ အကျိုးရှိတဲ့အပိုင်းတွေလည်း ရှိတာပါပဲ။ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာတယ်၊ ပြည်သူတွေ အလုပ်အကိုင်တွေ ရကြတယ်၊ စားသုံးသူ တွေလည်း ရွေးစရာ ပိုရတယ်၊ တိုင်းပြည်လဲ အခွန်ရတယ်၊ ကမ္ဘာကျော်ကုမ္ပဏီတွေ ဘယ်လို အလုပ်လုပ်တယ်ဆိုတာလည်း ဒေသခံတွေ လေ့လာလို့ရတာပါပဲ။ အဲဒီလို ဝင်လာလို့ မွဲသွားတဲ့နိုင်ငံ မရှိပါဘူး။ ဒေသခံတွေက အမေရိကန်ကုမ္ပဏီတွေ ဝင်လာမှာကို ကြိုဆိုနေကြတဲ့အချိန်မှာ ပြည်တွင်းလက်ဝဲတွေက ရှက်လှချေရဲ့ဆိုတော့ ခက်တော့နေပါပြီလို့ပဲ ပြောပါမယ်။
နောက်တပိုင်းက အဲဒီရှက်စရာကောင်းတဲ့ အမေရိကန်အဖြစ်ကို ကုစားဖို့ သူတို့ရဲ့ လက်ဝဲစွန်း အာဂျင်ဒါတွေနဲ့မှ ရမယ်ဆိုတဲ့ အတွေးအခေါ်တွေ သွပ်သွင်းဂျင်းထည့်တာပါ။ တကယ်တမ်းမှာ အရင်းရှင်ဝါဒကို မုန်းလှချေရဲ့ဆိုပြီး ဝင်လုလိုက်တော့ နာမည်ကြီး ထိပ်တန်းဘရန်းဒ်တွေချည့်ပဲ။ Apple ဖုံးလေးကိုင်၊ air pod လေးနားထဲထည့်၊ Spotify လေးနဲ့ သီချင်းနားထောင်၊ Netflix လေးကြည့်၊ Amazon က ပစ္စည်းလေးမှာ Lululemon ဝတ် Starbucks သောက်ပြီး အရင်းရှင်စနစ်ကို မုန်းနေတာကတော့ တော်တော့ကို အဆီအငေါ်မတည့်တာပါ။
သူတို့အမှတ်မှားနေတာက ကွန်မြူနစ်စနစ်မှာ အရာရာက အခမဲ့ အစိုးရက အကုန်တာဝန်ယူတယ် ဆိုတာပါ။ လုံးဝ ဂျင်းပါ။ တရုပ်ပြည်မှာ ကိုယ့်မှာ ကိုဗစ်ပိုးမရှိရင်တောင် ရှိသူနဲ့ နီးစပ်ခဲ့လို့ အတင်းခေါ်သွားပြီး isolate လုပ်ထားရင် အဲဒီစားရိတ်ကို အပိတ်ခံရတဲ့သူက ပေးရပါတယ်။ ဒါ့အပြင် သူတို့ပေါ်လစီကို မလိုက်နာရင် ကြီးလေးတဲ့ ဒဏ်ငွေချသေးတာပါ။ တရုပ်က ကွန်မြူနစ်ပုံစံ မကြိုက်ဘူး၊ ဥရောပက ကွန်မြူနစ်ပုံစံပဲကြိုက်တယ်လို့ ကပ်ပြောကြဦးမှာပါ။
ဥရောပက သူတို့ဥပမာပေးနေကြတဲ့ နော်ဝေ၊ ဆွီဒင်၊ ဖင်လန် စတဲ့နိုင်ငံတွေက လွတ်လပ်တဲ့ စျေးကွက်စီးပွားရေးအခြေခံတဲ့ အရင်းရှင်စံနစ်ကို ကျင့်သုံးတာပါ။ ကျန်းမာရေးတို့ ပညာရေးတို့ အခမဲ့ဆိုတာ ဟုတ်သင့်သလောက် ဟုတ်ပါတယ်။ အခမဲ့ပေးထားတာတွေရှိတော့ အပြိုင်အဆိုင်ကြောင့် ဖြစ်လာမယ့် အရည်အသွေး တက်လာတာမျိုးမရှိတော့တဲ့အတွက် တိုင်းပြည်ရဲ့ တီထွင်ဖန်တီးနိုင်မှုနဲ့ GDP က တိုးတက်လာတာ မရှိတော့တာကိုလည်း ထည့်စဥ်းစားရပါတယ်။ နောက်တချက်က အဲဒီ ၃နိုင်ငံပေါင်းမှ လူဦးရေက နယူးယောက်မြို့တော်လောက်ရှိတာပါ။
အမေရိကန်လူငယ်တွေကို ဦးနှောက်ဆေးပေးနေတာ CRT တင်မကပါဘူး။ အမျိုးသမီးအရေး ရှေ့တန်းတင်သလိုလိုနဲ့ ပုံဖျက်ထားတဲ့ modern feminism လည်း ပါပါတယ်။ Feminism ဆိုတာက အရင်တုန်းက မိန်းမတွေ မဲပေးခွင့်မရှိ၊ ဘောင်းဘီဝတ်ခွင့်မရှိ၊ ဘောင်းဘီတို/ရေကူးအင်္ကျီတိုတို ဝတ်မိရင် ယောက်ကျားကြီးတွေက ပေကြိုးနဲ့ ခွင့်ပြုတာထက် ကျော်/မကျော် လိုက်တိုင်းတဲ့ခေတ်တွေ တုန်းကတော့ အဓိပ္ပါယ်ရှိပါတယ်။ ဒါပေမဲ့ အခုခေတ် အမေရိကန်မှာ မိန်းမတွေ မလုပ်ရလို့ တားမြစ်ထားတာလည်း စဥ်းစားလို့ ရသလောက် မရှိတော့ပြီမို့ ဒီဖေမင်းနစ်ဇင်ကြီးကို ပြန်ပွဲထုတ်လာတာက မရိုးသားဘူးလို့ ထင်ပါတယ်။
အခုတက်ကြွသူတွေ လှုပ်ရှားလှုံ့ဆော်နေတာက ကိုယ့်ရဲ့ ဖြစ်တည်မှု အားသာချက်တွေအပေါ်မှာ ဂုဏ်ယူကျေနပ်ရမယ့်အစား ယောက်ကျားတွေကို မုန်းဖို့ မနာလိုဖို့နဲ့ သဘာဝအရဖြစ်တဲ့ ခြားနားမှုတွေအပေါ်မှာ ယောက်ကျားတွေ/လူ့ဘောင်ကြီးကပဲ သူတို့ကို ဝိုင်းအမြတ်ထုတ်ကြလို့ လူဖြစ်ရှုံးရလေဟန် ပုံဖော်ထားတာပါ။ ဒီနေရာမှာ ပြောချင်တာက မိန်းမရော ယောက်ကျားရော လောကကြီးမှာ သူ့အားသာချက်နဲ့သူ အရေးပါကြတယ်ဆိုတာနဲ့ တယောက်အားနည်းချက်ကို တယောက်ဖြည့်စည်းရင်း လောကကြီးကို တည်ဆောက်ကြရမယ့်အစား တဦးရဲ့ ဖြစ်တည်မှုကို လိုက်တိုက်ခိုက်နေမယ်ဆိုရင် လောကမှာ ဘာကောင်းကျိုးများ ရမှာလဲလို့ စဥ်းစားစေချင်ပါတယ်။
သူတို့ပြောတဲ့ ကျားနဲ့ မကြားလစာကွာဟမှုဆိုတာ အရင်းစစ်လိုက်ရင် အလုပ်သဘောသဘာဝနဲ့ စိတ်ဝင်စားမှုချင်း ကွာဟကြတာက စပါတယ်။ ဖြစ်ချင်တော့ လခကောင်းတဲ့ နည်းပညာဘက်မှာ မိန်းကလေးတွေ စိတ်ဝင်စားမှုနည်းလို့ အမျိုးသမီးနည်းတာကို လခကောင်းအောင်ဆိုပြီး အတင်းကြီး coding သင်ပေးပြီး ဆွဲခန့်လို့ မရသလို ခွန်အားနဲ့လုပ်ရပြီး အန္တရာယ်ရှိတဲ့ အလုပ်တွေကလည်း ဝင်ငွေကောင်းပေမယ့် အမျိုးသမီးနည်းတာဟာ ဘယ်သူ့ပယောဂမှမပါတဲ့ သဘာဝကြောင့်ပဲ ဖြစ်ပါတယ်။
နှစ်ဦးလုံး လုပ်နိုင်ကြတဲ့ အရာရှိ၊ ဆရာဝန်၊ ပညာရှင်၊ ကျောင်းဆရာ စတာတွေမှာတော့ လိင်ကြောင့် လစာကွာတာ မရှိသလောက်ပါပဲ။ အားကစားကတော့ ကြော်ငြာပေါ်မှာ မူတည်ပြီး ပိုက်ဆံရကြတာဆိုတော့ အမျိုးသမီးအားကစားသမားတွေ ဝင်ငွေကောင်းစေချင်ရင် သူတို့ပွဲတွေ ပိုကြည့်ပေးဖို့တော့ လိုပါမယ်။ အဲဒါက မဆိုင်တဲ့အပေါက် ဂလိုင်နဲ့ခေါက်တာထက် ပိုပြီးအကျိုးရှိမှာ သေချာပါတယ်။ ဘယ်လိုမှ နားမလည်တာတော့ ဟောလီးဝုဒ်ပါပဲ။ သူတို့လောက် ခွဲခြားဆက်ဆံတာလည်းမရှိ၊ သူတို့လောက် အသံကောင်းဟစ်တာလည်းမရှိလို့ပဲ ပြောပါမယ်။
အခုပိုဆိုးလာတာက feminism ထဲမှာတင်ကို intersectional feminism လို့ အစိပ်စိပ်ထပ်ခွဲပြီး မိန်းမချင်းတူရင်တောင် လူဖြူမက အသားအရောင်ကြောင့် မွေးရာပါအားသာချက်တွေရှိလို့ အခွင့်အရေးမှာ ကျန်အရောင်ရှိ မိန်းမတွေလောက် မရသင့်ဘူးလို့ ထပ်ပြီး သပ်လျှိုပြန်ပါတယ်။ အဖြူမတွေအလှည့်ပြီးရင် အဝါမတွေ အညိုမတွေအလှည့် လာဦးမှာပါ။ ယောက်ကျားတွေ ကြားမှာလည်း လိင်တူကြိုက်/လိင်ပြောင်းမဟုတ်ရင် အဖိခံရတဲ့အပြင် အုပ်စုတူရင်တောင် အသားအရောင်နဲ့ ပြန်ခွဲပြီး အိမ်ကြက်ချင်း အိုးမဲသုတ် ခွပ်ခိုင်းနေတာကို မြင်ဖို့လိုပါတယ်။ အဲဒီလို လိုက်စိတ်နေရင် ဘယ်တော့မှ ဆုံးတော့မှာ မဟုတ်သလို ဘာပြဿနာကိုမှလည်း ပြေလည်စေမှာ မဟုတ်တာတော့ သေချာပါတယ်။ ရှင်းရှင်းပြောရရင်တော့ divide and rule ပါပဲ။
ဒီဖက်ခေတ်ကလေးတွေကို စတင်ပြီး စိတ်ဓါတ်ပျက်ပြားစေတာကတော့ အားကစားပွဲတွေမှာ နိုင်နိုင် ရှုံးရှုံး အားလုံး ဆုရအောင် လုပ်ထားတာပါပဲ။ ၃ယောက်/ဖွဲ့ပြိုင်ရင် အနည်းဆုံးတော့ ကြေးတံဆိပ်ရမယ်လေ။ မြန်မာပြည်ကိုတောင် အနိုင်အရှုံးသည် သာမည ယှဥ်ပြိုင်ခြင်းသာ အဓိက ဆိုတဲ့ ပုံစံနဲ့ ရောက်လာပါသေးတယ်။ ရလာဒ်ကတော့ ကလေးတွေတော်တော်များများမှာ နိုင်ရမယ်ဆိုတဲ့ စိတ်ဓါတ်နဲ့ အဲဒါနဲ့တူတူ ပါလာတဲ့ ဆုံးဖြတ်ချက်၊ ဇွဲ၊ သတ္တိ၊ စတာတွေ မတွေ့ရတော့တဲ့အပြင် ရှုံးရင်တောင်မှ အရှုံးကို သိက္ခာရှိရှိ လက်ခံပြီး နောက်တခါနိုင်အောင် ကြိုးစားမယ့် ဆုံးဖြတ်ချက်နဲ့ စိတ်ဓါတ် အဲဒါတွေ လေ့ကျင့်ပြီးသား ဖြစ်မနေတော့တာပါ။
တကယ်တမ်းက ကလေးဘဝဆိုတာက လူကြီးဖြစ်လာရင် ကြုံရမယ့် လောကဓံတွေ အခက်အခဲတွေကို တစတစ ထိတွေ့ပြီး ဘယ်လို တုန့်ပြန်မယ်ဆိုတာ လေ့ကျင့်ပေးတဲ့ အချိန်ပါ။ ခံစားချက်ကလည်း ပျော်ရ ဂုဏ်ယူရတဲ့ အချိန်တွေ ရှိသလို စိတ်ထိခိုက်ရတဲ့ အခြေအနေမျိုးတွေကို လောကသဘာဝအတိုင်း ကြုံတွေ့ရမှာ ဓမ္မတာပါပဲ။ စိတ်မကောင်းဖြစ်ရမယ့်ကိစ္စတွေကို ကလေးဘဝမှာ မကြုံရအောင် အတင်းကြီး ကာရံပိတ်ဆို့ထားရင် ကြီးလာတဲ့အခါ လောကရဲ့ အခက်အခဲတွေနဲ့ နဖူးတွေ့ဒူးတွေ့တွေ့တဲ့အခါကျတော့ စနစ်တကျတုန့်ပြန်ဖို့ မတတ်တော့ပဲ စိတ်ဖိစီးမှုတွေကို ပျောက်လိုပျောက်ငြား မူးယစ်ဆေးတွေသုံးသူကသုံး၊ သတ်သေဖို့လုပ်သူကလုပ်နဲ့ စိတ်ကျန်းမာရေး ချို့တဲ့သူတွေ များလာတာပဲ အဖတ်တင်ပါမယ်။
ကလေးတွေ စိတ်မကောင်းဖြစ်မှာစိုးလို့ ကာထားတဲ့ထဲက ဥပမာနောက်တခုက ကယ်လီဖိုးနီးယားက အစိုးရကျောင်းတွေမှာ ဆုပေးတဲ့စံနစ် မရှိတော့တာပါပဲ။ Honor Roll ဆိုတာ ရှိပေမယ့် ဝင်ဖို့ ဘာမှ မခဲယဥ်းသလို စာရွက်တရွက် ရုံးခန်းမှာ အားတဲ့အချိန် သွားထုတ်ရတာထက် ဘာမှ မပိုပါဘူး။ ပုဂ္ဂလိကကျောင်းတွေနဲ့ တချို့ပြည်နယ်တွေက ကျောင်းတွေမှာတော့ အခမ်းအနားနဲ့ ဆုပေးတာတွေ ရှိသေးသလို အနည်းဆုံးတော့ ဘာသာရပ်တိုင်းက အတော်ဆုံးဆိုတာတွေကို ကြေငြာလေ့ရှိပါတယ်။ ကြိုးစားတဲ့ ကလေးတွေအတွက် ဆုပေးတာ မရှိနေပေမယ့် မလိုက်နိုင်တဲ့ ကလေးတွေအတွက် ပညာရေးစနစ်ကို နှိမ့်ပြီးရင်း နှိမ့်နေတာက အနာဂတ်ကို ဦးဆောင်မယ့် ကလေးများပေါ်မှာ ဘယ်လိုသက်ရောက်မလဲဆိုတာလည်း စဥ်းစားသင့်ပါတယ်။
အပြိုင်အဆိုင်သိပ်များတာ မကောင်းဘူးဆိုပေမယ့် လုံးဝမရှိတာကလည်း ကောင်းတယ်လို့ မဆိုနိုင်ပါဘူး။ အပြိုင်အဆိုင်မရှိရင် စိတ်ဓါတ်မပြင်းထန်တဲ့ကလေးတွေက ကြိုးစားချင်စိတ်တွေ လျော့ကျပြီး အားထုတ်မှုအနိမ့်ဆုံးနဲ့ ကလေးဘဝကို ဖြတ်သန်းကြပါတယ်။ အဲဒီတော့ လူကြီးဖြစ်လာတဲ့အခါ ဘဝရဲ့ ကြမ်းတမ်းမှုတွေကို ရင်ဆိုင်ဖို့ စိတ်ဓါတ်ရော အတွေးအခေါ်ရောက အဆင်သင့် ဖြစ်မနေတော့ပါဘူး။
ဒါပေမဲ့ လက်ဝဲသမားတွေ အကြီးအကျယ်စိတ်ဝင်စားတာ တခုရှိပါတယ်။ အဲဒါကတော့ ရပိုင်ခွင့်ပါပဲ။ စိတ်ဝင်စားရုံတင်မကပဲ အဲဒီအပေါ်မှာလည်း သူ့ထက်ငါ ပိုရအောင် ပြိုင်ဆိုင်တတ်ကြပါတယ်။ အခွင့်အရေးပိုရတယ်ထင်ရသူတွေကိုပါ တိုက်ခိုက်ကြတာလည်း ထုံးစံတခုလို ဖြစ်လာပါတယ်။ သူတို့နားမလည်တာတခုက ရပိုင်ခွင့်ဆိုတာ မလာခင် တာဝန်ယူမှု တာဝန်သိမှုက အရင်လာရတယ်ဆိုတာပါ။ ဘဏ်ထဲက ပိုက်ဆံထုတ်နိုင်အောင် အရင်ပိုက်ဆံရှာပြီး ဘဏ်ထဲ ထည့်ထားဖို့တော့ လိုပါလိမ့်မယ်။ စုတဲ့သူကနဲနဲ ဝိုင်းထုတ်မယ့်သူကများနေရင် အဲဒီနိုင်ငံ ဘယ်လိုခံနိုင်မလဲဆိုတာတော့ သိလောက်တဲ့ စဥ်းစားဉာဏ် ရှိရပါမယ်။
သားသမီးတယောက်ရဲ့ ရပိုင်ခွင့် နိုင်ငံသားတယောက်ရဲ့ ရပိုင်ခွင့် စတာတွေမလာခင် မိသားစုဝင်တဦးအနေနဲ့ ကိုယ်နိုင်သလောက်တာဝန်ကို ဝင်ဆွဲဖို့ လိုပါတယ်။ နိုင်ငံသားလည်း ဒီလိုပါပဲ။ တာဝန်ဆိုတာကို မသိရင် ဘဝရဲ့ အဓိပ္ပါယ်ကိုပါ သဘောပေါက်ဖို့ ခက်သွားပါလိမ့်မယ်။ တာဝန်မပါတဲ့ ရပိုင်ခွင့်ဆိုတာက လူတယောက်ကို ရင့်ကျက်စေနိုင်တာမဟုတ်တဲ့အတွက် အချောင်နေ အချောင်စားဘဝနဲ့ လူညွန့်တုန်းပြီး ငါးစာနောက် အတိုင်းအဆမရှိ ပါသွားပါလိမ့်မယ်။ အဲဒီလိုဖြစ်လာရင် အဲဒီကလေးက (စိတ်ဓါတ်ပြင်းထန်သူဖြစ်ရင် အတိုင်းအတာတခုအထိ အောင်မြင်နိုင်ပေမယ့်) ဘဝမှာ ပျော်ရွှင်မှု ကိုယ့်ကိုယ်ကို ဂုဏ်ယူမှု စတာတွေ ရှိတော့မှာ မဟုတ်ပါဘူး။ မိဘအပေါ် လေးစားမှု၊ လူကြီးသူမအပေါ် ရိုသေမှုဆိုတာတွေလည်း မမျှော်လင့်ပါနဲ့တော့။
အခုကျောင်းတွေမှာ ဖြစ်နေကြတာက လက်ဝဲအတွေးအခေါ်တွေကို သုံးသပ်ပြရတဲ့ လေ့ကျင့်ခန်းတွေ ပေးနေတာပါ။ ကလေးတွေရဲ့ တင်ပြချက်ပေါင်းစုံကို လက်ခံဆွေးနွေးပြီး သက်ရောက်မှုတွေ ဆွေးနွေးပေးတဲ့ ရှားရှားပါးပါး ဆရာကောင်းတွေရှိသလို အများစုသောဆရာတွေက လက်ဝဲဘောင်ထဲမဝင်ရင် နည်းမျိုးစုံနဲ့ ပညာပြကြတာ ဝမ်းနည်းစရာပါ။ အဲဒီလိုအခြေအနေမျိး ကြုံလာရရင် ကိုယ့်သားသမီးက ဘယ်လိုဖြစ်ချင်တာလဲဆိုတာပေါ်မှာ မူတည်ပြီး တတ်နိုင်သလောက် ပံ့ပိုးပေးဖို့ လိုပါတယ်။ ပြဿနာနည်းအောင်လို့ neutral အဖြစ်ဆုံးခေါင်းစဥ်ကိုရွေးပြီး အတတ်နိုင်ဆုံး အစွန်းလွတ်အောင် ဖြေမယ်ဆိုရင်တောင် ကိုယ့်ရဲ့ မူတွေ ယုံကြည်ချက်တွေကို ရေရောပစ်လိုက်တာမျိုး မဖြစ်အောင် သတိထားဖို့ လိုပါတယ်။
အလွယ်ဆုံး ကိစ္စတခုဖြစ်တဲ့ ကိုယ့်ဖာသာကိုယ် ကျားလား မလား ခွဲတဲ့ ကိစ္စမှာတောင် မဝေခွဲနိုင်တော့လောက်အောင် ကိုယ်ပိုင်အသိဉာဏ်နဲ့ ဆင်ခြင်တုံတရားကို အမိုက်တိုက်ဖုံးပစ်ဖို့ ကြိုးစားနေကြတာကလည်း လက်ဝဲတွေရဲ့ ပရောဂျက် ကွန်ဖြူးရှင်း (ကွန်ဖြူးရှပ်မဟုတ်) အစိတ်အပိုင်းတခု ဖြစ်နေပါတယ်။ အဲဒီတော့ ကလေးတွေ လူငယ်တွေကို ခံယူချက် အတွေးအခေါ် လမ်းမှန်ပေါ် မှာရှိရဲ့လား လမ်းလွဲနေသလား သိချင်ရင် သူတို့နဲ့ မကြာခဏ အချိန်ပေး စကားပြောပြီး ကိစ္စတခုချင်းစီကို (ဝေဝေဝါးဝါး ရောချတာမျိုးမဟုတ်ပဲ) ဘယ်လိုအကြောင်းကြောင့် ဘယ်လိုအကျိုးတွေ ဖြစ်လာနိုင်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း ပြန်ပြောနိုင်တဲ့ အနေအထားမျိုးရောက်အောင် မိဘတွေက ကူညီပေးစေချင်ပါတယ်။
လက်ငင်းဖြစ်နေတဲ့ ကိစ္စတွေအပေါ်မှာ ခါးခါးသီးသီး ဖြစ်နေပေမယ့် သေချာမေးလိုက်ရင် ယောင်ဝါးဝါး၊ ဒါပေမယ့် သူတို့ကမှ အမှန်ဆိုရင်တော့ မဟုတ်တော့ဘူးဆိုတာကို သိပါ။ ကိုယ်က သူတို့နဲ့ အတိုက်အခံလုပ်ဖို့ ရန်ဖြစ်ဖို့ ပြောတာ မဟုတ်ပါဘူး၊ သူတို့ မရှင်းလင်းနေတဲ့ အမြင်လေးတွေကို တိုတို ရှင်းရှင်းလေး တွေးပြဖို့ပါပဲ။ ချက်ချင်းဝန်ခံမှာ မဟုတ်ပေမယ့် တဖြေးဖြေးတော့ သဘောပေါက်တဲ့သူ ပေါက်လာပါလိမ့်မယ်။ အနည်းဆုံးတော့ မတူတဲ့အမြင်တွေ ရှိတယ်ဆိုတာ သိပြီး ရန်မဖြစ်ပဲ အေးအေးဆေးဆေး ဆွေးနွေးနိုင်လာပါလိမ့်မယ်။ ကိုယ့်ဖက်ကသာ နေသာသလို မနေပဲ မကောင်းမြစ်တာ ကောင်းရာညွှန်လတ်ဆိုတဲ့ မိဘတာဝန်ကျေဖို့ လိုပါတယ်။
အမှောင်ထဲကလူချင်း လမ်းပြလို့ မရတဲ့အတွက် ငယ်ရွယ်သူတွေ သားသမီးတွေကို လမ်းပြချင်ရင် ကိုယ်ကိုယ်တိုင်က ထိုက်သင့်သလောက်တော့ အလင်းရှိရပါမယ်။ ငါပြောသလိုလုပ် ငါလုပ်သလို မလုပ်နဲ့ဆိုတာမျိုးဖြစ်နေရင် ကိုယ်ဆုံးမသမျှ မြောင်းထဲရောက်မှာ ဖြစ်တဲ့အတွက် ကိုယ်တိုင်က စံပြဖြစ်နိုင်သလောက်ဖြစ်အောင် ကြိုးစားနေရမှာပါ။ လောကအကြောင်း ဓမ္မအကြောင်း သင်ပြပေးနိုင်ဖို့ ကိုယ်တိုင်ကလည်း လောက အကြောင်း ဓမ္မအကြောင်း သိနေအောင်နဲ့ ဖြစ်လာနိုင်တဲ့ မေးခွန်းတွေကို ဖြေနိုင်အောင် (သို့) ကြုံလာရင် ရှင်းပြနိုင်အောင် ဂဃနဏ သိဖို့တော့ လိုပါမယ်။ အားလုံးကို ထဲထဲဝင်ဝင် သိနေစရာမလိုပေမယ့် ဆွေးနွေးနိုင်လောက်အောင် တီးမိခေါက်မိ ရှိဖို့တော့ လိုပါတယ်။ ကလေးမမွေးခင်/ ငယ်တုန်းထဲက မှန်မှန် အားထုတ်လာရင် မဖြစ်နိုင်တဲ့ အနေအထားတခု မဟုတ်ပါဘူး။ စာဖတ်ပျင်းလို့တော့ မရပါဘူး။ စာမဖတ်ဖြစ်ရင်တောင် ပညာရှင်တွေရဲ့ အတွေးအခေါ် အယူအဆတွေကို သွားရင်းလာရင်း လုပ်ရင်းကိုင်ရင်း နားထောင်လို့ရပါတယ်။ လုပ်ချင်တဲ့ ဆန္ဒ ပြင်းပြဖို့ပဲ လိုတာပါ။