ဒီတပတ်ထဲ အမေရိကန် ကုန်းတွင်းပိုင်းပြည်နယ်တွေမှာ အချိန်အခါမဟုတ် အင်အားပြင်း လေဆင်နှာမောင်း တိုက်ခတ်သွားမှုကြောင့် လူ အနည်းဆုံး လူ ၇၀ သေဆုံးခဲ့ပြီး သေဆုံးစာရင်းက ၁၀၀ ကျော်သွားနိုင်တယ်လို့ ဆိုပါတယ်။ မိုင် ၂၀၀ကျော်ရှည်တဲ့ လေဆင်နှာမောင်းလမ်းကြောင်းမှာ သေဆုံးသူများအပြင် ပျောက်ဆုံးနေသေးသူများ၊ ထိခိုက်ဒဏ်ရာရမှုများ၊ အိုးအိမ် ပစ္စည်းဥစ္စာ အပျက်အစီးအများအပြား ဖြစ်ပွားခဲ့ပါတယ်။ အသက်ဆုံးရှုံးသွားသူများ ကောင်းရာမွန်ရာမှာ အေးချမ်းနိုင်ကြပါစေ၊ ကျန်သူများ ဘေးအန္တရာယ် ကင်းရှင်းပြီး ဘဝကို အမြန်ဆုံး ပြန်လည်ထူထောင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
ဘိုင်ဒန်ရဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေအပေါ် ထုတ်ပြန်တဲ့ ဗက်ဆင်းမန်ဒိတ်ကို တရားရုံးတွေက အသီးသီး ပယ်ချနေကြပေမယ့် တပ်ထဲက လူတွေအတွက်တော့ ကူရာမဲ့ ဖြစ်နေဆဲပါ။ အမေရိကန် တိုက်ရေယာဥ် တစီးဖြစ်တဲ့ USS Winston S. Churchill ရဲ့ အကြီးအကဲ Commandar Lucian Kins ကို ဥပဒေနဲ့ညီတဲ့ အမိန့်ကို မနာခံလို့ဆိုပြီး တာဝန်မှ ရပ်စဲခဲ့ပါတယ်။ အဲဒီအမိန့်ဆိုတာက ကာကွယ်ဆေးထိုးဖို့ အမိန့်ပါ။ ဒီဇင်ဘာ ၉ရက်အထိ အမေရိကန် ရေတပ်မှာ ကာကွယ်ဆေး မထိုးရသေးသူ ၅,၇၃၁ ဦးရှိပါတယ်။ အဲဒီကွန်မန်ဒါကို Naval Surface Squadron 14 ကို ဝန်ထမ်းအနေနဲ့ ပြောင်းရွှေ့တာဝန်ပေးလိုက်တယ်လို့ သိရပြီး တိုက်ရေယာဥ်အကြီးအကဲနေရာကို သူ့လက်ထောက် ဟန်ယိက နောက်လူမလာမချင်း တာဝန်ယူမယ်လို့ သိရပါတယ်။ ဟန်ယိက ဇကာပေါက်မိန်းမလို မဖြစ်ပါစေနဲ့လို့ ဆုတောင်းရတော့မှာပါပဲ။
ကိုဗစ်မျိုးကွဲသစ်ဟာ အမေရိကန်ရဲ့ ပြည်နယ်ပေါင်း ၂၉ခုမှာ ရောက်ရှိနေပြီဖြစ်ပြီး မနေ့ကအထိ case ပေါင်း ၁၁၀ တွေ့ရှိထားပြီးဖြစ်ပါတယ်။ အဲဒီထဲက ၆၆ဦးရဲ့ ကာကွယ်ဆေးထိုးထားမှုကို ဖက်ဒရယ် အရာရှိတွေက ဖော်ပြခဲ့ပြီး ၆၆ဦးအနက်မှ ၅၂ဦးက ကာကွယ်ဆေးအပြည့်အဝ ထိုးထားသူများဖြစ်ကာ၊ တချို့ဆိုရင် ဘုစ်တာထိုးပြီးသူများပါပါဝင်နေကြောင်း တွေ့ရှိရပါတယ်။ ဒါပေမဲ့ ကမ္ဘာတဝှမ်းမှာ အိုမီခရွန်မျိုးကွဲကြောင့် သေဆုံးသူမရှိသေးပဲ ဆေးရုံတင်ရသူတောင် အနည်းငယ်သာရှိတယ်လို့ ဆိုပါတယ်။ တချို့ကတော့ လွန်ခဲ့တဲ့ ၅-၆လလောက်က ကာကွယ်ဆေးထိုးထားသူတွေအပေါ် ကာကွယ်နိုင်မှုက ကျသွားတယ်ဆိုပေမယ့် ဘုစ်တာထိုးထားသူတွေမှာပါ ကူးစက်နေတာကတော့ စဥ်းစားစရာဖြစ်ပါတယ်။
ကိုဗစ်ဖြစ်ခဲ့ဖူးလို့ သဘာဝခုခံအားရထားသူတွေကြား ဖြစ်ပြီး ၄-၆လအကြာမှာ ထပ်မံကူးစက် ခံရမှုက တသိန်းမှာ ၁၀.၅ဦးဖြစ်ပြီး ကာကွယ်ဆေးထိုးထားသူတွေမှာကတော့ တသိန်းမှာ ၆၉.၂ဦး ထပ်မံကူးစက်တဲ့အတွက် သဘာဝခုခံအားက အဆပေါင်းများစွာ ပိုကောင်းတယ်လို့ အစ္စရေးက သုတေသီများက လေ့လာချက်တခုမှာ တွေ့ရှိထားပါတယ်။ ဆေးထိုးထားသူတွေကြား ရောဂါပြင်းထန်မှုက ၀.၉ % ဖြစ်ပြီး သဘာဝခုခံအား ရရှိထားသူတွေကြားမှာတော့ ပြင်းပြင်းထန်ထန် ဖြစ်သူက ၀.၅%သာ ရှိတယ်လို့ ဆိုပါတယ်။ သဘာဝခုခံအားရပြီးမှ ဆေးထိုးသူတွေနဲ့ ဆေးထိုးပြီးမှ ကူးစက်ခံရပြီး ပြန်ကောင်းလာသူတွေကြားမှာတော့ ထပ်မံကူးစက်မှုနှုန်း တော်တော်နည်းကြောင်း လည်း ဖော်ပြထားပါတယ်။ အခုအချိန်က ကာကွယ်ဆေးပေါ်တာ ၁နှစ်လောက်ပဲ ရှိသေးတဲ့အတွက် သုတေသနတွေ့ရှိချက်တွေက ခုထိ တွေ့ရသလောက်ကိုပဲ ပြောထားတာဖြစ်ပါတယ်။
အမေဇုံသူဌေး ဂျက်ဖ်ဘေဇိုပိုင်တဲ့ ဝါရှင်တန်ပို့စ်က လျှပ်စစ်ကားတွေကလည်း တိုင်းပြည်ကို စနစ်တကျ လူမျိုးရေးခွဲခြားတဲ့ထဲမှာ ပါရှိနေကြောင်း ရေးသားထားပါတယ်။ မြေပုံပေါ်မှာ လျှပ်စစ်ကား အားသွင်းတဲ့နေရာတွေကိုကြည့်ရင် လူမည်းရပ်ကွက်တွေ လူညိုရပ်ကွက်တွေမှာ မရှိတာကို တွေ့ရပါလိမ့်မယ်လို့ ဆိုပါတယ်။ လျှပ်စစ်ကားတွေက ကားဟောင်းပြန်ရောင်းတဲ့ စျေးကွက်မျိုး ကျယ်ကျယ်ပြန့်ပြန့် မရှိတဲ့အပြင် စျေးကလည်း အင်ဂျင်ကားတွေထက် ပိုများတတ်တာကြောင့် ဝင်ငွေနည်းသူ (သို့) လူများစု လက်လှမ်းမှီနိုင်တဲ့ ပစ္စည်းမျိုး မဟုတ်သေးပါဘူး။ လူမည်းနဲ့ လူညိုတွေထဲက ချမ်းသာလာတဲ့သူတွေကလည်း အဲဒီလိုရပ်ကွက်ကနေ ပြောင်းထွက်ကုန်ကြတာပါ။ သုံးမယ့်သူမရှိ/နည်းလွန်းတဲ့နေနရာမှာ အားသွင်းစတေရှင်တွေ သွားဆောက်ရအောင်လည်း စီးပွားရေးသမားတွေက ရူးနေတာမှမဟုတ်တာ။ အခန့်မသင့်ရင် အဖျက်ဆီးတောင် ခံရနိုင်သေးတယ်။
အမေရိကန်ရဲ့ တချို့ပြည်နယ်တွေမှာ အတိုင်းအဆမရှိတဲ့ ကိုယ်ဝန်ဖျက်ချမှုတွေကို ပိတ်ပင်လာကြတဲ့အတွက် ကိုယ်ဝန်ဖျက်ချချင်သူများကို ပလိုးစီရဲ့တူ ကယ်လီဖိုးနီးယားဂါဗာနာ နယူဆမ်က သူ့ပြည်နယ်ကို လာပြီးဖျက်ချမယ်ဆိုရင် လာစရိတ်၊ ပြန်စာရိတ်၊ နေစားရိတ်၊ စားစာရိတ်၊ ကျန်ကလေးစောင့်ရှောက်တဲ့စာရိတ်တွေအပြင် ကိုယ်ဝန်ဖျက်ချတာကိုပါ စျေးသက်သာအောင် လုပ်ဆောင်ပေးမယ်လို့ ဆွဲဆောင်ဖိတ်ခေါ်လိုက်ပါတယ်။
ကယ်လီဖိုးနီးယားရဲ့ Medicaid က ဝင်ငွေနည်းမိသားစုတွေအတွက် ကာဗာဖြစ်ပေမယ့် ကိုယ့်ပြည်နယ်တွင်းက မဟုတ်တဲ့သူတွေအတွက် ကုန်ကျစရိတ်ကို ပြည်နယ်မှာနေတဲ့သူတွေက ကျခံရမယ်ဆိုတာ တရားရဲ့လားလို့ မေးစရာရှိပါတယ်။ ကယ်လီဖိုးနီးယားမှာ နိုင်ငံရေးလုပ်စားသူတွေက အခွန်တိုးကောက်တာကလွဲလို့ ဝင်ငွေမရှာတတ်ပေမယ့် အသုံးကြမ်းလွန်းတဲ့အတွက် ရှိသမျှ ဘေလ်ရော အခွန်အခရောက မကြုံစဖူးထိုးတက်နေတာပါ။ အခုလို နယူဆမ်ရဲ့ ဖိတ်ခေါ်မှုကြောင့် ပြည်နယ်ပြင်ပက ကိုယ်ဝန်ဖျက်ချမယ့်သူတွေ အဆ ၃၀ လောက် တိုးလာဖို့ ရှိနေပါတယ်။
အခုလိုကြေငြာတာ နယူဆမ်တဦးထဲတော့ မဟုတ်ပါဘူး။ နယူးယောက်ရှေ့နေချုပ် လတီးရှာဂျိမ်းစ်ကလည်း ကယ်လီဖိုးနီးးယားလိုပဲ နယူးယောက်ကို ကိုယ်ဝန်ဖျက်ချချင်သူတွေရဲ့ ဘေးမဲ့ဇုံအဖြစ် ထားရှိပြီး လာသမျှသူကို စာရိတ်ခံ ဖျက်ချပေးချင်နေတာပါ။
အမေရိကန်မှာ ကုန်စျေးနှုန်းတွေက ၃၉နှစ်အတွင်းမှာ အမြန်ဆုံးအရှိန်နဲ့ အမြင့်ဆုံးကို တက်သွားပါတယ်။ ၅% ကျော် ဆက်တိုက်တက်တာ နိုဝင်ဘာမှာ ၆လမြောက်ပါတယ်။ ဘိုင်ဒန်အစိုးရကလည်း ငွေဖောင်းပွတာ၊ လုပ်သားရှားတာ၊ လောင်စာဈေးကြီးတာနဲ့ ကုန်စည်စီးဆင်းမှုအကျပ်အတည်းတွေကို ကုစားဖို့ ဘာမှ လုပ်မနေတဲ့အပြင် သုံးပြီးရင်သုံးဖို့ပဲ စိုင်းပြင်းနေတော့ ကုန်ဈေးနှုန်းက ကျဖို့ထက် တက်ဖို့ပဲ မြင်ပါတယ်။
ဖြည့်စွက်စာတို့ စားသောက်ကုန်တို့ကအစ ကားတွေ လက်နက်တွေအဆုံး ဝယ်ယူသုံးစွဲနေရတဲ့ ကမ္ဘာတလွှားက စားသုံးသူတွေပါ ထိတာပါ။ ဘိုင်ဒန်တို့ ဘာမှမလုပ်ပဲ ဒီတိုင်းထိုင်နေရင်တောင် ထရမ့်ချခဲ့တဲ့ ပေါ်လစီတွေက အကျိုးဖြစ်ထွန်းနေဦးမှာပါ။ ကယ်လီဖိုးနီးယားမှာ ဆီဈေးက $5 ကိုတော်တော် ကျော်လာပါပြီ။ တနေ့လုပ်ရတဲ့လုပ်ခနဲ့မှ နောက်တရက်အတွက် ဆီဝယ်ထည့်ရသူတွေ၊ စားစရာဝယ်ရသူတွေတော့ စိတ်မကောင်းစရာပါပဲ။
မစ်စစ္စပီက အရေးပေါ်ခန်းဆရာဝန်တဦးဖြစ်တဲ့ ဒေါက်တာ ဂျွန်ဝစ်ချာက သူ့လူနာတွေကို ဆေးရုံက ပေးခိုင်းတဲ့ ရမ်ဲဒီဆီဗာနဲ့ မသက်သာရင် ရပ်ပစ်ပြီး အီဗာမက်တင်ကို ပြောင်းပေးခဲ့တာကြောင့် ဆေးရုံက သူ့ကို အလုပ်ဖြုတ်လိုက်ပါတယ်။ သူအလုပ်လုပ်တဲ့ ရာဇူးစီးတီးက ဘက်ပ်တစ်အောက်မေ့ဖွယ်ဆေးရုံ ကတော့ သူက ဝန်ထမ်းဆရာဝန်မဟုတ်ပဲ ကန်ထရိုက်နဲ့ ငှားထားတာဖြစ်ကြောင်း၊ အဲဒါကြောင့် သူ့သဘောနဲ့သူ လုပ်တာကို ခွင့်မပြုနိုင်ကြောင်း သတင်းဌာနတွေကို ပြောသွားပါတယ်။ ဒေါက်တာဝစ်ချာကတော့ ငါကုနေတဲ့လူနာတွေအတွက် အကောင်းဆုံးဖြစ်မယ့်ဆေးကို ငါပေးတာ ငါမှန်တယ်လို့ ဆိုပါတယ်။
ဆေးရုံက အီဗာမက်တင်ကို ပေးလို့မရလို့ အနားက ဆေးဆိုင်ကို ဒေါက်တာဝစ်ချာက ဖုံးခေါ်ကာ သူ့လူနာအတွက် လာပို့ခိုင်းပြီးမှ ရမ်ဒီဆီဗာကို အီဗာမက်တင်နဲ့ အစားထိုးဖို့လုပ်ခဲ့တာဖြစ်ပါတယ်။ အဲဒါကို ဆေးရုံက သိသွားတာနဲ့ ချက်ချင်း အလုပ်ဖြုတ်လိုက်တာ သူ့လူနာကို အီဗာမက်တင်တောင် မပေးခဲ့ရဘူးလို့ ဆိုပါတယ်။ နယူးဂျာစီက လူနာတဦးလည်း တခြားပြည်နယ်ကဆရာဝန်ကပေးလို့ လူနာ့အမျိုးသားလက်ထဲမှာ အီဗာမက်တင်ဆေးရောက်နေပြီးတာတောင် တက်နေတဲ့ဆေးရုံးက သုံးခွင့်မပြုလို့ လူနာကို ပေးဖို့တောင်းပန်ရင်း အသက်ဆုံးရှုံးသွားခဲ့ပါတယ်၊
နိုင်ငံရေးအရ ကွဲပြားမှုတွေ အမုန်းတရားတွေ အားကြီးလာတော့ လူ့အသက်တွေ ဘဝတွေနဲ့ ပတ်သက်နေတဲ့ ဆေးကုတာမှာတောင် နိုင်ငံရေးမှိုင်းလုံးတွေ ဝင်နေတာ စိတ်ပျက်ဝမ်းနည်းစရာပါ။ အဲဒါကြောင့် မဆုံးသင့်တဲ့အသက်တွေလည်း ဆုံးသွားကြတာ များပါပြီ။ သေသူများရင် ပိုကြောက်ကြတော့ ပိုချောက်လို့ကောင်းမှာ၊ ပိုကလဖန်ထိုးလို့ကောင်းမှာ ဖြစ်ပေမယ့် လူ့အသက်တွေနဲ့ ကစားတာကတော့ အကျည်းတန်လွန်းတယ်ပဲ ပြောရပါမယ်။
ဘိုင်ဒန်အစိုးရနဲ့ ဒီမိုကရက်ခေါင်းဆောင်တွေရဲ့ မဆင်မခြင် သုံးတာတွေကို ဝေဖန်နေတဲ့ အီလွန်မပ်စ်ခ်ဟာ အစိုးရဆိုတာ ရှင်းရှင်းပြောရရင် အကြမ်းဖက်မှုအပေါင်းကို ချုပ်ကိုင်ထားတဲ အကြီးဆုံးကော်ပိုရေးရှင်းကြီးတခုသာဖြစ်တယ်လို့ မှတ်ချက်ပြုလိုက်ပါတယ်။ နောက်မှတ်ချက်တခုမှာတော့ အစိုးရရဲ့ ယာယီအစီအစဥ်ဆိုတာထက်ပိုပြီး မြဲတာ လောကမှာ မရှိဘူးလို့ ဆိုပါတယ်။
အမှန်ပါပဲ။ လူမကြိုက်တဲ့ အစီအစဥ်တွေကို ခြောက်လုံးလှန့်လုံးမက်လုံးတွေနဲ့ မရ ရအောင် ပြဌာန်းပြီး ကလအုပ်လို တစတစ တိုးဝင်လာတာမျိုးပါ။ ဗက်ဆင်းမန်ဒိတ်ကိုပဲ ကြည့်ပေါ့။ တက်ခါစက ဗက်ဆင်းမန်ဒိတ်မလုပ်ပါဘူး၊ အဲဒါက ပြည်သူတွေအပေါ် ရက်စက်လွန်းရာကျပါတယ်ဆိုပြီး အခုကျတော့ ဗက်ဆင်းမန်ဒိတ်တင်မက ၆လတခါထိုးမှ လူလို့ သတ်မှတ်မယ့်ပုံဖြစ်လာပြီလေ။ တနှစ်မပြည့်ခင် ပြောင်းလဲသွားတာ။ နာဇီခေတ်က ဂျူးတွေလဲ အဲဒီလိုပဲ ကြုံခဲ့ကြရမယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ သူတို့မှာ သင်ခန်းစာယူစရာမရှိခဲ့လို့ အမှတ်တမဲ့ ခံခဲ့ရတယ်။ ခုခေတ်လူတွေက သင်ခန်းစာယူစရာတွေ သမိုင်းနဲ့အပြည့် ရှိရဲ့သားနဲ့ မယူကြရင် ဘယ်သူ့အပြစ်လို့ ပြောကြဦးမှာလဲ။