ဒီဇင်ဘာ ၁၄ ရက် ၂၀၂၁

နယူးယောက်ပြည်နယ်ရဲ့ Joint Commission on Public Ethics က ပြီးခဲ့တဲ့နှစ်က ရောင်းအားအကောင်းဆုံး စာရင်းဝင်သွားတဲ့ ဂါဗာနာပြုတ် ကိုမိုရဲ့ American Crisisဂ Leadership Lessons from the COVID-19 Pandemic စာအုပ်ရောင်းရတာက ရတဲ့ ဒေါ်လာ ၅.၁ သန်းထဲက ၅သန်းကို ရက် ၃၀အတွင်း ရှေ့နေချုပ်ရုံးကို လွှဲပြောင်းပေးဖို့ ၁၁-၂ မဲနဲ့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ ကိုမိုကတော့ ပြန်တရားစွဲဖို့ ရှေ့နေငှားထားပြီးပါပြီ။ သူ့ရဲ့စာအုပ် deal ကိုလည်း ပြည်နယ်ရှေ့နေချုပ်က စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

အများပြည်သူနဲ့ဆိုင်တဲ့ ရာထူးယူထားသူတွေက ရာထူးမှာ ရှိနေစဥ် နောက်အလုပ်တခု လုပ်ခွင့်မရှိပါဘူး။ ကိုယ်ပိုင်အချိန်မှာ လုပ်လို့ရတယ်ဆိုပေမယ့် အလုပ်သဘောသဘာဝအရ ပြည်သူအတွက် လိုအပ်ချိန်တိုင်းမှာ အဆင်သင့်ဖြစ်နေရမယ့်အပြင် ပန်ဒဲမစ်ကာလလည်း ဖြစ်တော့ နောက်နောင် အုပ်ချုပ်သူတွေအနေနဲ့ ပြည်သူအကျိုးကို အချိန်ပြည့် အာရုံစိုက်ဖို့ထက် ပုဂ္ဂိုလ်ရေးအမြတ်ထုတ်ဖို့ ကြိုးစားလာနိုင်တာကို ဟန့်တားချင်တဲ့ သဘောလည်း ပါမယ်ထင်ပါတယ်။​

ကိုမိုရဲ့ ဦးဆောင်မှုက သူ့စာအုပ်ထဲနဲ့ သူ့ညီရဲ့ တီဗီအစီအစဥ်မှာသာ မိုးပျံနေသယောင် ညွှန်းဖွဲ့ထားကြပေမယ့် တကယ်တမ်းမှာ သူ့စီမံမှုအောက်မှာ လူအိုရုံက လူကြီးတွေ အများကြီး မဆုံးသင့်ပဲ ဆုံးပါးခဲ့ရတာတွေကို ခုထိ စာရင်းမထုတ်ပြန်ပေးသေးပါဘူး။ သူ့ရဲ့ ညံ့ဖျင်းတဲ့စီမံမှုကို ထောက်ပြကြသူတိုင်းကို တခြားကို လက်ညိုးထိုးတဲ့နည်းနဲ့ ဖြေရှင်းတာက အရွယ်ရောက်ပြီး နှလုံးရည်ပြည့်လာသူတိုင်း မလုပ်သင့်တဲ့ ကိစ္စပါ။

တဖက်ထဲကို ပုံပြီး ယုံတာထက် သတင်းအရင်းအမြစ်များများကနေ ပညာ၊ အတွေ့အကြုံနဲ့ ဆင်ခြင်သင့်တဲ့ သာဓကပါပဲ။

သူ့ရဲ့ညီ ခရစ်စ်ကိုမိုကလည်း အကိုရဲ့ လိင်အရှုပ်ကိစ္စတွေမှာ သူ့ရဲ့ ရာထူး၊ အသိုင်းအဝိုင်းအားနဲ့ သူ့အကိုအကြောင်း ဖော်ထုတ်သူတွေကို ခြိမ်းခြောက် အကျပ်ကိုင်ခဲ့လို့ အလုပ်ပြုတ်ခဲ့ရတဲ့အပြင် သူ့ရဲ့ သန်းချီတန်တဲ့ book deal လည်း ပယ်ဖျက်ခံရပြီး သူကိုယ်တိုင်လည်း လိင်စော်ကားမှုစွဲချက်တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ခရစ်စ်က သူ့အကိုကို သူကူနေတာ သူ့ဘော့စ် CNN အကြီးအကဲ သိတယ်လို့ ဆွဲချခဲ့ပေမယ့် တကယ်တမ်းသူ့ကို ဖြုတ်လိုက်တာက သူ့အကိုကိစ္စထက် သူကိုယ်တိုင်ရဲ့ လိင်အမြတ်ထုတ်မှုတွေကြောင့် ဖြစ်နေတာပါ။ ခရစ်စ်က သူ့အကိုလက်သရမ်းခံရသူတွေကို လိုက်ထိုးနှက်နေပေမယ့် အလိင်စော်ကားခံရသူတွေကို ဘယ်လိုစာနာကြောင်း ပြောလိုက်တော့မှ နားကြားပြင်းကပ်တဲ့ သူလက်သရမ်းတာ ခံထားရသူတဦးက တရားထစွဲလိုက်တာပါ။

ခရစ်စ်ကိုမိုရဲ့ CNN က အဖွဲ့သားတဦးဖြစ်ပြီး ထုတ်လုပ်သူတဦးလည်းဖြစ်တဲ့ ဂျွန်ဂရစ်ဖင်က အသက် ၇နှစ်လောက်သာရှိသေးတဲ့ ကလေးမလေးတွေအပေါ် လိင်ပိုင်းကျူးလွန်ခဲ့တာကလည်း ပြစ်မှုထင်ရှားရင် ထောင်တသက် ကျခံရဖို့ ရှိနေတာပါ။ စမိုးလက်က ဆွဲထည့်ခဲ့တဲ့ ဒွန်လမ်မွန်ကိုလည်း စွပ်စွဲသူ ရှိနေပြန်ပါတယ်။ ဒါပေမယ့် လူမည်းလည်းဖြစ်၊ ဂေးလည်းဖြစ်တော့ လက်ဝဲတွေ သတ်မှတ်ထားတဲ့ သားကောင်အင်္ဂါရပ်တွေနဲ့ မညီတာနဲ့ တို့မရ ထိမရဖြစ်နေတယ်လို့ ဆိုပါတယ်။

အသားအရောင်/လိင်ပေါ် အခြေပြုတဲ့ မုန်းတီးရာဇဝတ်မှုကို လုပ်ကြံဖန်တီးခဲ့တဲ့ သရုပ်တောင် ရက်ပ်ပါ ဂျပ်ဆီစမိုးလက်ကလည်း စွဲချက်၆ခုအနက် ၅ ခုမှာ အပြစ်ရှိကြောင်းထင်ရှားလို့ ပြစ်ဒဏ်ကျခံရဖို့ ရှိနေတဲ့အပြင် သူလုပ်ကြံတိုင်တန်းခဲ့တဲ့ ရှီကာဂိုရဲတပ်ဖွဲ့ကလည်း အဲဒီလို လုပ်ကြံတိုင်တန်းခဲ့တဲ့အတွက် ရဲတပ်ဖွဲ့က ကုန်ကျခဲ့တဲ့ စားရိတ်တွေအပေါ် လျော်ကြေးပေးဖို့ တရားစွဲလိုက်ပါတယ်။

သေနတ်တွေနဲ့ ရုပ်ရှင်တွင်တွင်ရိုက်ပြနေပေမယ့် ပြည်သူတွေသေနတ်ကိုင်မှာကို ပြင်းပြင်းထန်ထန် ဆန့်ကျင်တဲ့ အဲလက်ခ်ဘော်လ်ဒွင်က သူစီမံတဲ့ ရိုက်ကွင်းမှာ လက်ထောက်ဒါရိုက်တာက သေနတ်အအေး(ကျည်မပါ)ဆိုပြီး လာပေးတဲ့ဆိုတဲ့ လက်နက်ကို လုံခြုံရေးစည်းမျဥ်းအရ သေချာအောင် ထပ်လဲမစစ်၊ မပျက်စီးစေချင်တဲ့ဘက်ကို မချိန်နဲ့ဆိုတာကိုလည်း မလိုက်နာပဲ ပစ်ခတ်ခဲ့လို့ ရုပ်ရှင်ဓါတ်ပုံဆရာမ သေဆုံးပြီး အနားက ဒါရိုက်တာပါ ဒဏ်ရာရသွားတာပါ။ အဲလက်ခ်က သူပြောင်းခလုပ်မနှိပ်ပါဘူးဆိုပေမယ့် သေတဲ့လူကတော့ ပြန်လာတော့မှာ မဟုတ်ပါဘူး။ အဲလက်ခ်ကို လိုက်ဗျူးကြတဲ့လူတိုင်းကို စိတ်ဆိုးမာန်ဆိုး တုန့်ပြန်လို့ သူ့ဇနီးက ဝင်ဝင်ထိန်းနေရပါတယ်။

အဲဒီလူတွေအကြောင်း ပြောရတာက မီဒီယာနဲ့ ဟောလီဝုဒ်တို့က အပြောတမျိုး အလုပ်တမျိုး လုပ်ကြတာကို မြင်စေချင်တာအပြင် ဓမ္မနဲ့ အဓမ္မမှာ အဓမ္မဘက်က ဘယ်လောက်အကျောယူထားထား အဆုံးမတော့ (ဓမ္မဘက်က ဘာမှ ညစ်စရာမလိုပဲ) အကြောင်းအမျိုးမျိုးနဲ့ သဘာဝတရားကြီးရဲ့ စီရင်တာ ခံရပါတယ်ဆိုတာကို ပြောချင်တာပါ။

အမေရိကန်ရဲ့ အနာဂတ်စားသုံးသူစျေးနှုန်းဖောင်းပွမှုကို ပြသတဲ့ လက္ကားစျေးနှုန်းအညွှန်းကိန်းဖြစ်တဲ့ Producer Price Index က ၉.၆% ကို တက်သွားတဲ့အတွက် ငွေဖောင်းပွမှုက ဆိုးဆိုးရွားရွား ထပ်တက်နေဦးမယ်လို့ ယူဆရပါတယ်။ အဲဒီနံပါတ်က ၂၀၂၀ နိုဝင်ဘာက ၂၀၂၁ နိုဝင်ဘာအထိပါ။ တလချင်း တက်တာကတော့ နိုဝင်ဘာမှာ ၀.၈% ဖြစ်ပါတယ်။ အောက်တိုဘာမှာတုန်းက ၀.၄% ဖြစ်ပြီး အမြင့်ဆုံးကတော့ ဇန်နဝါရီမှာ ၁.၂% ဖြစ်ပါတယ်။ အဲဒီအညွန်းကိန်းတွေမှာတော့ စျေးတက်/ကျမြန်တဲ့ စားသောက်ကုန်၊ လောင်စာနဲ့ ကုန်သွယ်ရေးဝန်ဆောင်မှုတွေ မပါဝင်ဘူးလို့ သိရပါတယ်။

တိုးလာတဲ့ လခတွေ လုပ်ခတွေထက် ငွေဖောင်းပွမှုနှုန်းက မြင့်နေတော့ အနိမ့်ဆုံးလုပ်ခတွေ ဘယ်လောက်မြှင့်မြှင့် တကယ်တမ်းရတာ နဲသွားတယ်ဆိုတ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ အဲဒါကြောင့် ပေါ်လစီချမယ့်သူတွေက စီးပွားရေးစနစ် ဘယ်လိုအလုပ်လုပ်တယ်ဆိုတာကို နားလည်ဖို့လိုပါတယ်။ မဟုတ်ရင် ဦးနင်းပဲ့ထောင်၊ ပဲ့နင်းဦးထောင်တွေ ဖြစ်ပြီး ပြည်သူတွေက ဒုက္ခသံသရာထဲက မထွက်နိုင် ဖြစ်နေပါလိမ့်မယ်။

ဒီကနေ့မှာ ဆီးနိတ်က ဒီမိုကရက်တွေက တိုင်းပြည်ရဲ့ အကြွေးမျက်နှာကျက်ကို ၂၀၂၃ မှာ ၂.၅  ထရီလီယံထပ်မံ မြှင့်တင်ဖို့ ၅၀-၄၉နဲ့ မဲခွဲဆုံးဖြတ်လိုက်တာကြောင့် ၂၀၂၃မှာ အမေရိကန်ရဲ့ ကြွေးမြီဟာ ၃၁.၅ ထရီလီယံ ရှိလာမှာဖြစ်ပါတယ်။ ရီပါဘလစ်ကန်တွေ အားလုံးကန့်ကွက်ခဲ့ကြလို့ ပါတီလိုင်းအတိုင်း မဲပေးခဲ့ကြတာပါ။ ထုံးစံအတိုင်းဆိုရင်တော့ တပါတီထဲရဲ့ သဘောနဲ့ အခုလိုလုပ်လို့ မရပါဘူး။ အဲဒါကို ဆီးနိတ်ဒီမိုကရက်ခေါင်းဆောင် ရှူးမားနဲ့ ဆီးနိတ်ရီပါဘလစ်ကန်ခေါင်းဆောင် မက်ကောနယ်လ်တို့ အပေးအယူလုပ်ပြီး ဆီးနိတ်ရဲ့ စည်းမျဥ်းတွေ ပြင်ပေးခဲ့လို့ တပါတီထဲက မဲ ၅၀ထဲနဲ့ အခုလို လုပ်ခွင့် ရသွားတာပါ။ ဒီမိုကရက်ဆီနိတ်တာထဲက အသုံးစရိတ်တွေနဲ့ပတ်သက်ပြီး အသံထွက်ဝေဖန်နေတဲ့ ဂျိုးမန်ချင်ကလည်း သူ့ပါတီနဲ့အတူပဲ မဲပေးခဲ့တာပါ။ မက်ကောနယ်လ်ကလည်း စည်းမျဥ်းပြင်ပေးခဲ့ပေမယ့် မှတ်တမ်းဝင်မယ့်ကိစ္စမှာ ပါတီနဲ့ဆန့်ကျင်ပြီး မပေးခဲ့ပါဘူး။ ကြက်ဥအရောင် တိမ်တောင်သဖွယ်ဆိုတဲ့အတိုင်းပါပဲ။ လူတယောက်ရဲ့ သမိုင်းက ပြောနေတဲ့စကား၊ ကိစ္စတခုချင်းစီပေါ် ရပ်တည်ချက် စတာတွေထက် လုပ်ရပ်အားလုံးကို ခြုံကြည့်မှ ဖြစ်မှာပါ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: