ဒီဇင်ဘာ ၁၆ ရက် ၂၀၂၁

ဂျွန်ဆင်အန်န်ဂျွန်ဆင် ကိုဗစ်ကာကွယ်ဆေးက ပြင်းထန်တဲ့ သွေးခဲမှုနဲ့ သွေးခဲမှုကို ဖြစ်စေတဲ့ ပလိတ်လက်အရေအတွက်ကို လျော့ကျစေမှုတွေကို ဖြစ်စေတာကြောင့် တပြည်လုံးလိုလိုမှာ အဲဒီကာကွယ်ဆေးအသုံးပြုမှုကို ရပ်နားထားပြီး စီဒီစီကို အကြံပေးမယ့် ကျွမ်းကျင်သူပညာရှင်တွေက ဆွေးနွေးနေကြပါတယ်။ J&J ကာကွယ်ဆေးကြောင့် သွေးခဲမှုပြဿနာတက်ကြောင်း သတင်းပို့ထားတာ လူတသန်းမှာ ၃.၅၅ ဦးရှိပြီး ကျန်ဆေး ၂မျိုးကြောင့် သွေးခဲမှုပြဿနာတက်တာက လူတသန်းမှာ ၀.၀၀၅၇ ပဲရှိတယ်လို့ ဆိုပါတယ်။ အဖြစ်များတာက အသက် ၃၀-၃၉ကြား အမျိုးသမီးတွေမှာပါ။ ပြီးခဲ့တဲ့ ဩဂုတ်လကုန်အထိ တွေ့ရှိခဲ့တဲ့ ကေ့စ်ပေါင်း ၅၄ မှာ အမျိုးသမီး ၃၇ဦးနဲ့ အမျိုးသား ၁၇ဦး ဖြစ်ပါတယ်။ သေဆုံးသွားတဲ့ ၉ဦးထဲမှာတော့ ၂ဦးက အမျိုးသားဖြစ်ပါတယ်။  စီဒီစီက အသက် ၅၀အောက် အမျိုးသမီးတွေ ဂျွန်ဆင်ဆေးထိုးမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပါလို့ ဆိုပါတယ်။

အသက်ငယ်ရွယ်သူ အထူးသဖြင့် အမျိုးသားတွေမှာကျတော့ မော်ဒါးနားဆေးက နှလုံးကြွက်သား ယောင်ယမ်းခြင်း ဖြစ်နိုင်ပါတယ်။ ဖြစ်နှုန်းက လူတသိန်းမှာ ၁၃.၃ဦးဖြစ်လို့ ဖိုင်ဇာရဲ့ ၂.၇ဦးနဲ့စာရင် ပိုများနေတာဖြစ်ပါတယ်။ ကိုဗစ်ကြောင့် ဖျားနာခဲ့ရင် နှလုံးကြွက်သား ယောင်ယမ်းခြင်းက ပိုဆိုးလာမှာကိုတော့ သတိထားသင့်တယ်လို့ ဆိုပါတယ်။ သတိပြုရမယ့်အသက်အပိုင်းအခြားကတော့ ဆယ်ကျော်သက်ကနေ နှစ်ဆယ်ကျော်အထိ ဖြစ်ပါတယ်။ နှလုံးကြွက်သားယောင်လာရင် ရင်ပတ်အောင့်၊ နှလုံးခုန် မူမမှန်၊ အသက်ရှုမဝ၊ ဖျားနာ၊ နုံးချိ၊ ခေါင်းကိုက်၊ လည်ချောင်းနာ၊ ဝမ်းပျက်၊ ခြေထောက်ယောင် စတာတွေ ဖြစ်မယ်လို့ သိရပါတယ်။

မြင့်တက်လာတဲ့ ကုန်စျေးနှုန်းတွေကြောင့် ၂၀၁၉, ၂၀၂၀ နဲ့စာရင် ဒီနှစ်ထဲမှာ အမေရိကန်တွေ တအိမ်ထောင်ကို $3500 လောက် ပိုသုံးနေရတယ်လို့ ဝှာတန်တက္ကသိုလ်က ဘတ်ဂျက်မော်ဒယ်တခုက တွေ့ရှိထားပါတယ်။ အဲဒီထဲမှာ ဝင်ငွေနည်းမိသားစုတွေက အစားအစာပေါ်မှာ $309၊ စွမ်းအင်ပေါ်မှာ $761၊ နေစရာပေါ်မှာ $476၊ တခြားပစ္စည်းတွေပေါ်မှာ $390 နဲ့ တခြားဝန်ဆောင်မှုတွေပေါ်မှာ $224 ပိုကုန်နေတာဖြစ်ပါတယ်။ ဝင်ငွေကောင်းတဲ့ မိသားစုတွေကြားမှာတော့ $961 က အစားအစာပေါ်၊ $ 1824 က စွမ်းအင်ပေါ်၊ $1607 က နေစရာပေါ်၊ $2144 က တခြားပစ္စည်းတွေပေါ်နဲ့ $1100 က တခြားဝန်ဆောင်မှုတွေပေါ် ပိုမိုကုန်ကျနေတာကြောင့် ကျားကြီး ခြေရာကြီးသလို $7600 ကျော် ပိုသုံးနေရပါတယ်။

NFL က ထုတ်လိုက်တဲ့ သူတို့ထဲက ၁၈သင်းဟာ ၈ နိုင်ငံက International Home Marketing Areas ပေါင်း ၂၆ခုကို ဝင်ခွင့်ရထားတယ်ဆိုတဲ့ ကြေငြာချက်နဲ့ အတူပါလာတဲ့ မြေပုံမှာ တိုင်ဝမ်ကို တရုပ်ပိုင်အနေနဲ့ ထည့်သွင်းထားတာကြောင့် ဝေဖန်ခံနေရပါတယ်။ အမေရိကန်ရဲ့ ထိပ်တန်းအားကစားကုမ္ပဏီတွေက တရုပ်ပြည်က ဘာသာရေး(သို့) ယုံကြည်ချက်ကြောင့် မတရားထိမ်းသိမ်းခံနေရတဲ့ သူတွေအပေါ်  မဖြစ်စလောက်လုပ်ခနဲ့ အမြတ်ထုတ်ခွင့် ရနေတာကြောင့် တရုပ်အစိုးရရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မသိချင်ယောင် ဆောင်နေကြတာ များပါတယ်။ သူတို့တွေက ငွေကြေးတတ်နိုင်ပြီး ပေါက်ရောက်သူတွေဖြစ်ကြတော့ အကျင့်ပျက်နိုင်ငံရေးသမားများနဲ့ ပူးပေါင်းပြီး တရုပ်အစိုးရရဲ့ လူမဆန်တဲ့ လုပ်ရပ်တွေကို အကာအကွယ်ပေးနေကြတာပါ။

လုယက်ဖောက်ထွင်းမှုတွေ ထူပြွမ်းနေတဲ့ ဆန်ဖရန်စစ္စကိုမှာ ကားတွေကိုလည်း မှန်တွေရိုက်ခွဲပြီး အထဲရှိတာ ခိုးကြတာကြောင့် မှန်ပြန်တပ်ရတဲ့ စရိတ်၊ အခုလိုအေးတဲ့ရာသီမှာ မှန်မရှိပဲ မောင်းလို့မဖြစ်တဲ့ ဒုက္ခအပြင် ကုန်စည်စီးဆင်းမှုအကျပ်အတည်း၊ လုပ်အားအကျပ်အတည်းကြောင့် အစားထိုးဖို့ ပစ္စည်း ဝယ်ချင်တိုင်း ဝယ်လို့ မရနေတဲ့အတွက် ကားနောက်ဖုံးတွေကိုဖွင့်၊ (သို့) တံခါးကိုသုံးပါ၊ မှန်တော့ ရိုက်မဖွင့်ပါနဲ့၊ အထဲမှာ ဘာမှ မရှိပါဘူးလို့ စာရေးပြီး ကပ်ထားရတဲ့ အခြေအနေပါ။ ကားပစ္စည်းတွေမှာရင် ၆လ ကနေ ၁နှစ်လောက်အထိတောင် စောင့်ရနိုင်ပါတယ်။ မြို့ဝန်ကတော့ ရာဇဝတ်မှုတွေကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်မှ ရတော့မယ်လို့ ပြောပေမယ့် နယူဆမ်နဲ့ ရှေ့နေချုပ်နဲ့က ဒီလိုဖြစ်အောင် တမင်လုပ်ထားတာဆိုတော့ လေပဲလား တကယ်ပြောတာလား ဆိုတာကတော့ စောင့်ကြည့်ရမှာပါပဲ။

ဦးနှောက်ကို ထိန်းချုပ်တဲ့လက်နက်အပါအဝင် စစ်ရေးအထောက်အကူပြုပစ္စည်းတွေ သုတေသနပြု/ထုတ်လုပ်ရာမှာ ပါဝင်ပတ်သက်မှုနဲ့ တရုပ်ဇီဝနည်းပညာကုမ္ပဏီ ၃၄ခုကို အမေရိကန်က နာမည်ပျက်စာရင်း သွင်းလိုက်ပါတယ်။ ၂၀၁၈ မှာ စစ်ရေးဆေးပညာသိပ္ပံအကယ်ဒမီက ဦးနှောက်ဆစ်ဂ်နယ်တွေကို ကောက်ယူ လုပ်ဆောင်ဖို့ မူပိုင်ခွင့်လျောက်ထားခဲ့ပါတယ်။ ဓါတ်ရောင်ခြည်အင်စတီကျူကလည်း စိတ်နဲ့ ထိန်းချုပ်တဲ့ လက်နက်တွေကြောင့် ဖြစ်လာမယ့် အမူအကျင့်ပြောင်းလဲမှုတွေကို လေ့လာတဲ့ ဒေတာတွေ ဘယ်လိုထားရှိမလဲဆိုတာကို ၂၀၁၂တုန်းက စာတမ်းဖတ်ခဲ့တယ်လို့ သိရပါတယ်။ တရုပ်က မတရားတဲ့ နည်းမျိုးစုံနဲ့ ကမ္ဘာကို ထိန်းချုပ်ဖို့ ကြိုးစားနေချိန်မှာ ပါတီစွဲနဲ့ တရုပ်အန္တရာယ်ကို လျော့တွက်ပြီး တရုပ်ကို နိုင်အောင်ကိုင်နိုင်တဲ့ တဦးတည်းသောသူကို အခြေအမြစ်မရှိတာတွေနဲ့ ဝိုင်းတိုက်ခိုက်နေခဲ့ကြတဲ့အဖြစ်ကို ပြန်ပြောင်းသုံးသပ်သင့်ပြီလို့ ပြောချင်ပါတယ်။ ကိုယ့်ကိုဆင်တဲ့ ဆွဲကြိုးက သေအောင်သတ်မယ့် ကြိုးကွင်းဖြစ်နေမယ်ဆိုရင် နိုးထကြဖို့ သင့်ပြီလေ။

ဘိုင်ဒန်နဲ့ ကမလာတို့ကို သမ္မတလောင်းနဲ့ ဒု-လောင်းအဖြစ် အမည်စာရင်း တင်သွင်းခံခဲ့ရပုံက ပုံမှန်မဟုတ်တဲ့အတွက် အိမ်ဖြူကို ရောက်တာ တနှစ်မပြည့်သေးခင်မှာတင် သူတို့ကို မတရားလော်ထားတဲ့ စီအန်အန်တို့ကအစ ဘယ်သူနဲ့ အစားထိုးရင်ကောင်းမလဲ စဥ်းစားနေရပါပြီ။ ပုံမှန်မဟုတ်ဘူးဆိုတာက ကမလာက ဒီမိုကရက်သမ္မတလောင်းတွေကြား မဲခွဲရာမှာ အောက်ဆုံးကလိုက်ပြီး ဘိုင်ဒန်ကတော့ ၂၀၁၆မှာထဲက ဝင်ပြိုင်ချင်ပေမယ့် အိုဘားမားက ဘေးဖယ်ထားခဲ့သူဖြစ်ပါတယ်။ လက်ဝဲကြိုက်တာများတဲ့ အောက်ခြေဒီမိုကရက်တွေကြားမှာ လက်ဝဲသမား ဘာနေဆန်းဒါးစ်က ကလင်တန်ထက်ရော ဘိုင်ဒန်ထက်ပါ လူကြိုက်များကြပေမယ့် အမေရိကန်ပြည်သူတွေက လက်ဝဲစနစ်ကိုသွားဖို့ အဆင်သင့်မဖြစ်သေးဘူးဆိုတဲ့ အယူအဆကြောင့် ကလင်တန်တို့ ဘိုင်ဒန်တို့ကို အလယ်အလတ်ကျတယ်လို့ ထင်ရအောင် မီးထိုးပုံဖော်ပေးကြပါတယ်။ လူထုကို မုသားနဲ့ ကစားတာ ပါတီတွင်းမှာထဲက စတယ်လို့ ပြောလို့ရပါတယ်။

ဘိုင်ဒန်က ရွေးကောက်ပွဲမတိုင်ခင်ကတည်းက ကပေါက်တိကပေါက်ချာတွေ ပြောနေပေမယ့် ၁နှစ်အတွင်း အများကြီး ပိုဆိုးလာတဲ့အတွက် သူ့ကိုတင်ခဲ့တဲ့ မီဒီယာကတောင် နောက်တခါ မပြိုင်စေချင်တော့ပါဘူး။ သက်ရှိထင်ရှားရှိသေးလို့ နောက်တခါဝင်ပြိုင်ရင်လည်း အသက် ၈၂ ရှိနေပြီဖြစ်မှာပါ။ ပြည်သူထောက်ခံမှုက ၃၆% နဲ့ အနိမ့်ဆုံးကို ရောက်နေတာကလည်း တပိုင်းတော့ ပါပါလိမ့်မယ်။

သူ့နေရာကိုအစားထိုးဖို့ စီအန်အန်န်က ဖြစ်နိုင်ခြေရှိသူတွေကို ချပြရာမှာ ကမလာက ထိပ်ဆုံးကပါပေမယ့် သူကိုယ်တိုင် ပြည်သူထောက်ခံမှုက ၂၈% ပဲရှိတဲ့အချိန်မှာ ဖြစ်နိုင်/မနိုင်ဆိုတာ သိပ်ခက်ခက်ခဲခဲ စဥ်းစားရမယ့်ကိစ္စ မဟုတ်ပါဘူး။ ဒီမိုကရက်ခေါင်းဆောင်ပိုင်းက သူ့ကို မျက်နှာပျက်စရာမဖြစ်ပဲ ဖြုတ်လို့ရမယ့်နည်းတွေကို စဥ်းစားရာမှာ အမြင့်ဆုံးတရားရုံးရဲ့ တရားသူကြီးတဦးအဖြစ် ခန့်ဖို့နဲ့ သံတမန်အဖြစ် ခန့်ဖို့ဆိုတာ ၂ခု ထွက်လာပါတယ်။ အမြင့်ဆုံးတရားရုံးကို ထပ်ချဲ့ဖို့ကလည်း ကန့်ကွက်ခံရပြီး ကမလာနဲ့ အစားထိုးစေချင်တဲ့ လက်ရှိ အသက်အကြီးဆုံး ဒီမိုကရက်တရားသူကြီးကလည်း ရာထူးက နှုတ်ထွက်ပေးဖို့ ငြင်းဆိုတယ်ဆိုတော့ ဒီအစီအစဥ်က အလုပ်ဖြစ်မယ့်ပုံ မရှိပါဘူး။

နောက် ၁၀ဦးကလည်း ဘူတီဂဂ်တို့၊ ဝါရင်တို့ ကလိုဘူချာတို့ ဝှစ်တ်မာတို့ စတေစီအဘရမ်စ်တို့လို ဒီနာမည်တွေ ဒီမျက်နှာတွေချည့်ပဲဆိုတော့ ပါတီထဲမှာ ပုံမှန်လူ တော်တော်ရှားနေပြီလားလို့ မေးရမလိုပါပဲ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: