ကယ်လီဖိုးနီးယားနဲ့ ဆိုလာစနစ်

ကယ်လီဖိုးနီးယားက အပြာရင့်ပြည်နယ်ဆိုတော့ ပတ်ဝန်းကျင်ထိန်းသိမ်းဖို့ ဂရုစိုက်မယ်၊ နေ/လေစွမ်းအင်ကို အားပေးမယ်လို့ ထင်ထားသူများ ပြန်စဥ်းစားကြဖို့ နောက်လမှာ မဲခွဲဖို့ ရှိနေတာလေးကို တင်ပြပါမယ်။ ဘိုင်ဒန်တက်လာပြီး ဆီဈေးတွေ တက်အောင် ဆီပိုက်လိုင်းဆောက်တာတွေပိတ်ပစ်၊ တူးဖော်ခွင့်တွေ ကန့်သတ်/ရပ်ပစ်ခဲ့တဲ့အတွက် အတန်အသင့်တတ်နိုင်သူတွေက ဆိုလာကားတွေ ဝယ်စီးကြပါတယ်။ ဆိုလာကားရှိလာတဲ့အတွက် အိမ်မှာပဲ လွယ်လင့်တကူ အားဖြည့်ဖို့နဲ့ ဆိုလာကားမရှိခင်ကတောင် အရင်ထက် ၂ဆကျော်တက်လာတဲ့ မီတာခတွေကို လျော့ချဖို့ အိမ်တွေမှာ ဆိုလာစနစ်တပ်ဆင်ဖို့ လုပ်လာကြပါတယ်။

အရင်ကတော့ ဆိုလာကားဝယ်တဲ့လူတွေကို အခွန်သက်သာခွင့်အနည်းငယ်နဲ့ အမြန်လမ်းတွေမှာ toll မပေးရပဲ express lane ကနေ တဦးထဲ အခမဲ့မောင်းနှင်ခွင့် ရပါတယ်။ နောက်တော့ တဝက်ပေးရမယ်လို့ လျော့ချလိုက်ပါတယ်။ နောက်ဆိုရင် ရိုးရိုးကားနဲ့ ဘာမှ ထူးမပေးတော့တာမျိုး ဖြစ်လာပါလိမ့်မယ်။ (Express lane fee တွေက တခါပေးပြီး ပြီးတာမျိုးမဟုတ်ပဲ တဖြတ် တဖြတ်ကို $9.75 လောက်အထိ ကောက်ကြတဲ့အတွက် ဝေးဝေးမောင်းရင် မောင်းသလို အလျင်လိုရင်လိုသလို ပိုက်ဆံကုန်ပေါက်ပါပဲ။ တချို့နေရာမှာ ၂ဦးပါရင် အခမဲ့ဖြစ်ပေမယ့် တချို့နေရာမှာ ကားပေါ် လူ ၃ဦးအနည်းဆုံးပါမှ အခမဲ့ဖြစ်ပါတယ်။)

အရင်က ဆိုလာစနစ်တပ်တဲ့သူတွေကို အခွန်သက်သာခွင့် မက်လုံးပေးခဲ့တဲ့အတွက် ကုန်ကျစရိတ်ကို အတန်အသင့် သက်သာစေခဲ့တဲ့အပြင် ကိုယ်သုံးလို့မကုန်တဲ့ စွမ်းအင်ကို ကိုယ့်ဒေသရဲ့ စွမ်းအင်ကုမ္ပဏီက ပြန်ဝယ်တဲ့အတွက် နေမပွင့်တဲ့နေ့တွေ အသုံးများတဲ့နေ့တွေရဲ့ မီတာခကို တော်တော်လေး ထေမိစေပါတယ်။ အခုတော့ လက်ဝဲအစိုးရရဲ့ ထုံးစံအတိုင်း ဆိုလာစနစ်တပ်မယ့်သူတွေကို အခွန်သက်သာခွင့်မက်လုံး သိသိသာသာလျော့ချတော့မယ့်အပြင် မသုံးပဲပိုနေတာတွေအတွက် ပြန်ရဖို့နေနေသာသာ စွမ်းအင်ကုမ္ပဏီတွေကိုတောင် တလ$60  စသဖြင့် ပြန်ပေးရဦးမှာပါ။

အစက အရင်ကတပ်ထားသူတွေကို အရင်ဥပဒေအတိုင်းပဲ ဆက်ကောက်သွားမယ်လို့ ပြောခဲ့ပေမယ့် အခုတော့ ဘယ်တုန်းကပဲတပ်တပ် ပေးရမယ့် သဘောဖြစ်နေပါတယ်။ သူတို့ကို fee မပေးရခင်ကတောင် ဆိုလာစနစ်တပ်ရင် အနည်းဆုံး ၁၀နှစ်လောက်ကြာမှ အရင်းကျေမှာဖြစ်တော့ ဥပဒေအသစ်သာ အတည်ဖြစ်လာခဲ့ရင် အရင်းကျေဖို့ ၁၅နှစ် နှစ် ၂၀လောက် ကြာတော့မှာပါ။ နောက်နှစ်တွေမှာ ထပ်တက်ဖို့ လုပ်လာမယ်ဆိုရင် အရင်းကျေဖို့တောင် မလွယ်တော့ဘူးဖြစ်မှာပါ။ ဆိုလာစနစ်ရဲ့ သက်တမ်းက နှစ်၂၀ဆိုရင် ဆိုလာစနစ်တပ်ရတဲ့ ငွေကြေးအကျိုးအမြတ် မရှိတော့ဘူးဖြစ်သွားတော့မှာပါ။ ဒါတင်မက လက်ဝဲတွေ အော်နေတဲ့ climate change ဆိုတာကို တကယ်အယုံအကြည်ရှိတာမဟုတ်ကြောင်း သိသာစေပါတယ်။

စွမ်းအင်ကုမ္ပဏီတွေကတော့ သူတို့အတွက် ဝန်ထုပ်လျော့စေချင်လို့ အစိုးရကို အခုလိုခံစားခွင့်လျော့ချတာတွေ သိပ်မလုပ်ဖို့ ပြောကြတယ်လို့ ဆိုပါတယ်။​ ဥပဒေအသစ် NEM 3.0 ကို California Public Utilities Commission က အဆိုပြုတာဖြစ်ပြီး အတည်ဖြစ်/မဖြစ်ကို ဇန်နဝါရီ ၂၇ကျမှ မဲခွဲဆုံးဖြစ်မှာပါ။ အတည်ဖြစ်ရင် မေလ ၂၇မှာ စတင်အသက်ဝင်ပါမယ်။

မီတာခက ပုံမှန်အိမ်တလုံးကို တလ $200-300 လောက်ကျပါတယ်။ ပိုသေးတဲ့မိသားစု/အိမ်တွေက အများကြီး ပိုမသက်သာပေမယ့် ပိုကြီး/ပိုသုံးရင်တော့ ပိုကျနိုင်ပါတယ်။ တက်လာတဲ့ မီတာက သုံးတဲ့ ယူနစ်ချင်း မကွာရင်တောင် လက်ဝဲအစိုးရရဲ့ အနှောင်အဖွဲ့ အချုပ်အချယ်များတဲ့ ဥပဒေတွေကြောင့် စွမ်းအင်ကုမ္ပဏီတွေက သုံးစွဲတာတွေကို tier သတ်မှတ်ပြီး နဲနဲလေးပဲ သုံးရင် တစျေး၊ အဲဒီထက်ကျော်လာရင် အဲဒီထက်တော်တော်ပိုတဲ့ဈေး၊ အဲဒီ tier ကို ကျော်သွားရင်တော့ တယူနစ်ဈေးက အများကြီး တက်သွားတော့တာပါပဲ။

အခုတွန်းနေတဲ့ NEM 3.0 ရော tier စနစ်ရောက လက်ဝဲဝါဒဖြစ်တဲ့ equity ကြောင့် လုပ်လာတာလို့ ထင်ပါတယ်။ ကျားကြီးရင် ခြေရာကြီးတဲ့သဘောကြောင့် တတ်နိုင်သူတွေက energy အပါအဝင် consumption ပိုများပါတယ်၊ အချောင်သမားတွေကို မဲအတွက် ဆက်လက်ထောက်ပံ့ဖို့ ငွေအသည်းအသန်လိုနေပြီး ကိုယ်ပိုင်အစွမ်းအစနဲ့ ဝင်ငွေမရှာနိုင်တဲ့ လက်ဝဲအစိုးရတွေရဲ့ ထုံးစံအတိုင်း အလုပ်ကြိုးစားလုပ်လို့ အဆင်ပြေနေတဲ့သူတွေကို နည်းမျိုးစုံနဲ့ ညှစ်ယူမှာပါပဲ။ ပိုဆိုးတာက သူတို့လုပ်လို့ အလုပ်ကြိုးစားတဲ့ အခွန်ထမ်းတွေက ပြည်နယ်ကနေ ပြောင်းထွက်ကုန်ကြပြီဖြစ်လို့ ကျန်ခဲ့တဲ့လူတွေအပေါ် အခွန်နဲ့ အခတွေ အများကြီး တိုးလာနေတာဖြစ်ပါတယ်။ ဒီပုံအတိုင်းနဲ့ ရှေ့ကို အများကြီး ဆက်တိုးဖို့ပဲရှိပါတော့တယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: