ဥမ္မာခင်နဲ့ ပညာရှင်များ အမြင်

အကျယ်အဝန်းအားဖြင့် ရှမ်းပြည်ထက်ငယ်ပြီး မြန်မာတပြည်လုံးလူဦးရေထက် ၃ဆကျော် များတဲ့ ဘင်္ဂလာဒေ့ရှ်နိုင်ငံဟာ လူဦးရေ သိပ်သည်းလွန်းပေမယ့် ကိုဗစ်ဒဏ်ကို ဆိုးဆိုးဝါးဝါး မခံခဲ့ရပါဘူး။ ဘာကြောင့်လဲဆိုတော့ ဘင်္ဂလားအစိုးရက ပြည်သူတွေကို 1% Povidone-Iodine နဲ့ နှာခေါင်းဖြန်း၊ ၁၅စက္ကန့်ကြာ အာလုပ်ကျင်းခိုင်းတာကြောင့် ဝင်လာတဲ့ ပိုးတွေက သေကုန်ပြီး ကိုယ်ထဲကို မရောက်တော့ဘူးလို့ ဆိုပါတယ်။ အဲဒါကြောင့် ဘင်္ဂလာဒေ့ရှ်နိုင်ငံက ဒယ်လ်တာမျိုးကွဲဒဏ်ကို မခံလိုက်ရပါဘူး။

1% အိုင်အိုဒိုင်းက hyper thyroid ဖြစ်နေတဲ့လူနည်းစုကလွဲရင် ကျန်လူတွေမှာ စိတ်ချလက်ချ သုံးလို့ရတယ်လို့ သိရပါတယ်။ အဲဒီဆားရည်က anti-septic ဖြစ်တာကြောင့် ဗိုင်းရပ်စ်ပိုးတွေကို သေစေနိုင်တာ ဖြစ်ပါတယ်။ အာလုပ်ကျင်း နှာခေါင်းဆေးတာကို နေ့တိုင်းလို လုပ်နိုင်ပြီး အထူးသဖြင့် လူအများနဲ့ ထိတွေ့ထားရင် ပိုလုပ်သင့်ပါတယ်လို့ ပြည်သူ့ကျန်းမာရေးဆရာဝန်လည်းဖြစ် ကူးစက်နဲ့ နှလုံးရောဂါ၊ အထွေထွေ အထူးကုလည်းဖြစ်တဲ့ စာတမ်းပေါင်းများစွာရေးသားခဲ့တဲ့ အမေရိကန်ဆရာဝန်ကြီး Peter McCullough က အကြံပြုထားပါတယ်။

အမေရိကန်မှာ ကိုဗစ်ပန်ဒဲမစ်အစောပိုင်းက ပိုးကူနိုင်သူ/ကူးခါစလူတွေကို ငှက်ဖျားဆေးပေးရာက ကောင်းသွားတဲ့ case တွေရှိလာတော့ သမ္မတထရမ့်ကပါ လူတွေကို အကြောက်မလွန်ဖို့၊ ငှက်ဖျားဆေးနဲ့ ကောင်းတဲ့လူတွေရှိတဲ့အကြောင်းတွေ ပြောလာပါတယ်။ အဲဒီနောက်ပိုင်းမှာ စလုပ်နေတဲ့ ငှက်ဖျားဆေးကို ကိုဗစ်လူနာတွေကိုပေးကြည့်တဲ့ clinical studies တွေကို ရပ်ပစ်ခဲ့ပြီး မပြည့်မစုံဒေတာတွေကို ကိုးကားကာ ငှက်ဖျားဆေးကို ဆေးရုံတင်လူနာမဟုတ်ပဲ မပေးရလို့ အမိန့်ထုတ်ခဲ့ပြီး နောက်ကျတော့ ဆေးဆိုင်တွေကပါ ပေးခွင့်မရှိတော့အောင် ဗျူရိုကရက်တွေက ကန့်သတ်ပစ်လိုက်ကြပါတယ်။

သူတို့ကိုးကားတဲ့လူနာတွေက အစောပိုင်းလူနာတွေမဟုတ်သလို ဆေးရုံတွေမှာလည်း အောက်ဆီဂျင်မကျမခြင်း ဘာဆေးမှ မပေးဖို့ ညွှန်ကြားထားတဲ့အတွက် အောက်ဆီဂျင်ကျမှသာ သတ်မှတ်ဆေးတွေ ပေးခဲ့ကြတာပါ။ ဖြစ်ရင် သေတာများတယ်လို့ ခြောက်ထားကြတဲ့အတွက် လူနာတွေကို လူနာရှင်တွေ သွားမကြည့်ရတာရယ်၊ အခြေအနေဆိုးမှ အောက်ဆီဂျင်ပေးတာရယ်၊ ကုမရတဲ့ရောဂါလို ပုံဖော်ထားတာရယ်ကြောင့် တဦးတည်း ဘယ်သူနဲ့မှ အဆက်အဆံမလုပ်ရတဲ့လူနာတွေက စိတ်ခြောက်ခြားပြီး လက်လျော့သွားကြတာလည်း ပါမယ်ထင်ပါတယ်။

Dr. McCullough က ကိုဗစ်လူနာပေါင်း ၂၀၀ကျော်ကို ကုသပေးဖူးပြီး သူ့ကြီးကြပ်မှုအောက်မှာ ကိုဗစ်လူနာပေါင်း ၁၀၀၀ကျော် ကုသခံခဲ့ပါတယ်။ သူ့ရဲ့ အကြံပြုချက်မှာ ကိုဗစ်လက္ခဏာပြပြခြင်း(သို့) ပေါ့စတစ် စဖြစ်ဖြစ်ချင်း ဇင့်ဆာလဖိတ် ၂၂၀မီလီဂရမ်၊ ဗိုက်တာမင်D3 5000 iu, ဗိုက်တာမင်စီ ၃၀၀၀ မီလီဂရမ်၊ ကွာစီတင် ၅၀၀မီလီဂရမ် တနေ့ ၂ကြိမ်တို့ကို သုံးဆောင်စေတာဖြစ်ပါတယ်။ ကွာစီတင်က ဇင့်ဓါတ်ကို ကိုယ်ခန္ဓာထဲက လိုအပ်တဲ့နေရာတွေကို ပို့ဆောင်ပေးပါတယ်။

ဇင့်ကိုလက်လှမ်းမမှီသူများက ဖရုံစေ့၊ အမဲသား၊ ပဲ၊ မှို၊ စတာတွေစားလို့ရပါတယ်။ ကွာစီတင်ပြည့်ဝတဲ့အစာတွေက ကြက်သွန်နီ၊ ပန်းသီးနီ၊ ဘယ်ရီ၊ ကြက်သွန်မြိတ်၊ ဂေါ်ဖီပန်းစိမ်းနဲ့ ဂေါ်ဖီထုပ်၊ ငရုပ်ပွ၊ citrus စတာတွေဖြစ်ပါတယ်။ ဆေးတွေနဲ့ အလှမ်းမမှီရင်တောင် သဘာဝအစားအစာတွေ စုံအောင် စားပြီး နေရောင်ခံရင်ကို ပုံမှန်လူတွေအတွက် တော်တော် အဆင်ပြေနေပါပြီ။ အိမ်မှာ သက်ကြီးရွယ်အို ရှိသူတွေက လူကြီးတွေတင်မက အိမ်အကူတွေအပါအဝင် တအိမ်လုံး ဖြည့်စွက်စာတွေနဲ့ ခုခံအားမြှင့်ထားလိုက်ရင် တော်ရုံပိုးက လက်နက်ချရတော့မှာပါ။

အစပိုင်းပိုးကူးခါစအခြေအနေကို ကျော်လွန်လာပြီး ခန္ဓာကိုယ်က မခုခံနိုင်ပဲ ဖျားနာလာခဲ့ရင် (သို့) BMI 30 ကျော်ရင် (သို့) တခြားရောဂါတွေ ရှိရင်တော့ infection ကို ကုစားဖို့ ငှက်ဖျားဆေး ၂၀၀မီလီ တနေ့နှစ်ကြိမ် (သို့) အိုင်ဗာမက်တင် ၆-၂၄မီလီတနေ့၂ကြိမ် (သို့)ဖာဗီပီရဗာ ၁၈၀၀ မီလီ တနေ့၂ကြိမ်တို့ကို ပိုးသတ်ဆေး၂မျိုးနဲ့ တွဲသောက်ဖို့ ညွှန်ကြားထားပါတယ်။ ၅ရက်နဲ့မှ မသက်သာရင် (သို့) အသက်ရှုတာပြဿနာရှိလာရင် ပယ်နီစလုံး စပေးပါတယ်။ အက်စ်ပရင်လဲ လိုအပ်သလို ပေးပါတယ်။​ အခုရေးပြတာက ဗဟုသုတအတွက်ပါ။ ဆရာဝန်ကမှ အခြေအနေပေါ်မူတည်ပြီး ဘယ်ဆေးပေးမယ် ဘယ်လောက်ပေးရမယ် ဆိုတာကို ဆုံးဖြတ်ရမှာပါ။ သူ့ညွှန်ကြားချက် ဇယားကို ကျမဘလော့မှာ တင်ပေးထားပါမယ်။

အင်တာနက်ပေါ်မှာတော့ ထုံးစံအတိုင်းပါပဲ၊ ငှက်ဖျားဆေးက ကိုဗစ်အတွက် မပေးသင့်ဘူးတို့၊ အိုင်ဗာမက်တင်က မြင်းသံချဆေးမို့ လူတွေမသုံးသင့်ဘူးတို့၊ ဘီတာဒင်းဆိုတဲ့ အိုင်အိုဒိုင်း ၁% နဲ့ နှာခေါင်း ပါးစပ်ဆေးတာက အန္တရာယ်မကင်းဘူးလို့ ရေးထားတာတွေလည်း ရှိပါတယ်။​ အကျိုးမရှိရင် မရှိကြောင်း၊ အန္တရာယ်ရှိရင်ရှိကြောင်း ဒေတာနဲ့တကွ အကြောင်းပြချက်/ အထောက်အထား ခိုင်ခိုင်မာမာပေးနိုင်ကြတာတော့ မဟုတ်ပါဘူး။ နိုင်ငံရေးပယောဂတွေ ပါလာရင် ပြည်သူ့အကျိုးစီးပွားက နောက်တန်းရောက်သွားတော့တာကြောင့် တကယ်ခိုင်ခိုင်မာမာ စမ်းသပ်ထားတဲ့ သာဓကတွေကလွဲရင် ကျန်တာတွေကို ချင့်ယုံကြဖို့ လိုပါတယ်။ လူတွေကို တကယ်ကုနေတာမဟုတ်သူတွေက နိုင်ငံရေးပယောဂနဲ့ ပေါ်လစီထုတ်နေသမျှ လူလုပ်တဲ့ ဒုက္ခက တကယ့်ဒုက္ခထက် ပိုကြီးနေဦးမှာပါပဲ။

NY ကျန်းမာရေးအေဂျင်စီကနေ ပေါက်ထွက်လာတဲ့ email တွေအရ နယူးယောက်မြို့ကြီးမှာ ထွက်သွားတဲ့မြို့ဝန် de Blasio က ကိုဗစ်စစ်တဲ့နေရာတွေ ချထားပေးတာဟာ လူမျိုးရေးခွဲခြားမှုရှိနေတယ်လို့ မြို့တော်ကျန်းမာရေးအရာရှိတွေက ဝန်ခံလိုက်ပါတယ်။ de Blasio က underprivileged တွေကို ပိုအခွင့်အရေးပေးဖို့ ဆုံးဖြတ်ပြီး အရောင်ရှိသူတွေများတဲ့ နေရာတွေမှာသာ စစ်တဲ့ဌာနတွေ များများထားပေးထားတယ်လို့ နယူးယောက်ပို့စ်မှာ ဖော်ပြထားပါတယ်။ စတေတန်အိုင်းလန်း တောင်ပိုင်းကမ်းခြေလို လူဖြူတွေအနေများတဲ့ နေရာတွေမှာ ကိုဗစ်စစ်ပေးတဲ့နေရာတွေ နည်းပါးတဲ့အတွက် ရှာရတာ အခက်အခဲရှိနေပါတယ်။ ကိုဗစ်ကာလ အစောပိုင်းက ဂါဗာနာကိုမိုအမိန့်နဲ့ ကိုဗစ်ပိုးရှိလူနာတွေကို လူအိုရုံတွေ ပို့ကြတာလည်း အဲဒီသဘောပဲ ဖြစ်ပါလိမ့်မယ်။ အသက်ကြီးလူဖြူအများစုက ကွန်ဆာဗေးတစ်တွေ ဖြစ်ကြတယ်လို့ လူတော်တော်များများက ယုံကြည်နေကြတာပါ။ အာဏာမက်သူတွေမှာ မလုပ်ရဲတာမရှိတဲ့အတွက် လူ့အသက်နဲ့ နိုင်ငံရေးမကစားနိုင်အောင် ပြည်သူက ထိန်းရမှာဖြစ်ပါတယ်။

နယူးယောက်မှာ မနေ့က အသစ်တက်လာတဲ့ မြို့ဝန် အဲရစ်အဒမ်စ်အစိုးရက ဘုစ်တာတွေပါ မထိုးမနေရလုပ်ဖို့ စိုင်းပြင်းနေတာရယ် မန်ဒိတ်တွေဆက်ထားတာရယ်နဲ့ပတ်သက်ပြီး ယေးလ်ဆေးတက္ကသိုလ်က ပါမောက္ခ ဒေါက်တာဟာဗီ ရစ်ချ်နဲ့ ဂျွန်ဟော့ပ်ကင်းဆေးတက္ကသိုလ်က ပေါမောက္ခဒေါက်တာ မာတင်မာကရီတို့ကို ဖောက်စ်နယူးစ်က မေးမြန်းထားရာမှာလည်း ပိုးတွေ့တဲ့နံပါတ်တွေ တက်လာတာအပေါ် မီးမောင်းထိုးပြမယ့်အစား တကယ်အရေးပါတဲ့ နံပါတ်တွေဖြစ်တဲ့ ဆေးရုံတင်နှုန်း၊ သေနှုန်းစတာတွေကို ပြတာက ပိုအကျိုးရှိမယ်လို့ သုံးသပ်ကြပါတယ်။

အဆိုပါဆရာဝန် ၂ဦးက ကလေးတွေအပေါ် ဘုစ်တာထိုးတာနဲ့ ပတ်သက်ပြီးတော့လည်း ကျန်းမာတဲ့ ကလေးတွေဟာ ဘုစ်တာထိုးဖို့ လိုကို မလိုအပ်ဘူးလို့ ဆိုပါတယ်။ FDA အကြံပေးတော်တော်များများကလည်း ကလေးတွေကို ဘုစ်တာမထိုးမနေရလုပ်မှာကို မထောက်ခံဘူးလို့ ဆိုကြပါတယ်။ ကိုဗစ်ကြောင့် ကလေးတွေဆေးရုံတင်ရနှုန်းက  ၀.၀၀၀၁% (တသန်းမှာ တယောက်) ဖြစ်ပါတယ်။

အကူးမြန်တဲ့ အိုမီခရွန်က ပျော့တဲ့လက္ခဏာတွေနဲ့ ပေါ်လာတော့ ဆေးလောကကလူတွေက လူများများကို မြန်မြန်ကူးသွားပြီးရင် လူတွေမှာ သဘာဝခုခံအားတွေ ရသွားတော့မှာဖြစ်တယ်လို့ တွက်ဆမျှော်လင့်ထားကြတာပါ။ ဒါပေမယ့် အစိုးရဖက်က အဲဒီအယူအဆကို လက်ခံလိုက်ရင် သူတို့တွန်းနေတဲ့ ဆေးမထိုးမနေရ နှာခေါင်းစည်း မတပ်မနေရဆိုတာတွေ မအောင်မြင်တော့မှာစိုးလို့ သဘာဝခုခံအားဖြစ်လာမယ်ဆိုတာကို လျစ်လျူရှုနေကြတယ်လို့ ဆိုပါတယ်။

လူတွေ ဆေးမထိုးမနေရဆိုမှ ဆေးကုမ္ပဏီကြီးတွေ အမြတ်ကြမ်းကြမှာဖြစ်ပြီး နှာခေါင်းစည်း မတပ်မနေရဆိုမှ နှာခေါင်းစည်းအဓိက တင်ပို့သူဖြစ်တဲ့ တရုပ်ကြီး ငွေရွှင်မှာဖြစ်ပါတယ်။ ဒါ့အပြင် လူတွေသွေးထဲမှာ အကြောက်တရားလှည့်ပတ်စီးဆင်းနေမှ နိုင်ငံရေးမှိုင်းတိုက်လို့ရမှာ ဖြစ်တာကြောင့် အစိုးရကျန်းမာရေးအရာရှိတွေက ရိုးသားမှုကို အခြေမခံတဲ့ ကျင့်ဝတ်နဲ့မညီတာတွေကို ဆက်လုပ်နေကြတာဖြစ်ပါတယ်။

The Epoch Times မှာ ဒေါက်တာဂျိုးဆက်ဖ်မာကိုလာ ရေးထားတာကတော့ ဇင့်နဲ့ ကွာစီတင်အပြင် နိုင်ယာစင်နဲ့ ဆယ်လန်နီယမ် ၄မျိုးပေါင်းဖြည့်စွက်စာက ဆားစ်ကိုရိုနာဗိုင်းရပ်စ်ဖြစ်တဲ့ ကိုဗစ်ပိုးကို ကိုယ်ထဲမှာ မပြန့်ပွားအောင် ဟန့်တားနိုင်တဲ့ winning combo ဖြစ်ကြောင်း ၂၀၂၀ ခုနှစ်က ပြုလုပ်ခဲ့တဲ့ လေ့လာချက်တွေမှာ တွေ့ရှိတယ်လို့ ဆိုပါတယ်။ သူညွှန်းတဲ့ ဒေါက်တာဗလာဒီမာဇီလန်ကိုရဲ့ ကိုဗစ်ကုထုံးကလည်း အပေါ်ဆုံးက ဒေါက်တာမက်ကူလိုနဲ့အဖွဲ့က ထုတ်ပြန်ထားတဲ့ ကုထုံးနဲ့ တော်တော်လေးတူပါတယ်။ ဒေါက်တာဇီလန်ကိုရဲ့ ကုထုံး page မှာ သူကိုးကားထားတဲ့ လင့်ခ်တွေကိုပါ တင်ပေးထားတာကြောင့် ပိုပြီး ထဲထဲဝင်ဝင် သိချင်သူများ သွားရောက်လေ့လာလို့ ရပါတယ်။ ကုထုံးလင့်ကို ကျမဘလော့မှာ တင်ပေးထားပါမယ်။

တွဒ်တာက ဘန်းလိုက်တဲ့ mRNA ကာကွယ်ဆေးဖော်ရာမှာ ပါဝင်ခဲ့သူ ဒေါက်တာ ရောဘတ်မလုံးက ကာကွယ်ဆေးမန်ဒိတ်တွေကို မယုံကြည်သူဖြစ်ပါတယ်။ သူက အဲဒီမန်ဒိတ်တွေက ဥပဒေမဲ့ ကျင့်ဝတ်မဲ့လုပ်ရပ်တွေဖြစ်ပြီး နျူရမ်ဘတ်ကုဒ်နဲ့ ဘဲလ်မောင့်အစီရင်ခံစာတွေနဲ မကိုက်ညီဘူးလို့ ဆိုပါတယ်။ ၁၉၇၈ တုန်းက ဘဲလ်မောင့်အစီရင်ခံစာက လူတွေကို အစမ်းသပ်ခံတွေအဖြစ် ပြုလုပ်ခြင်းနဲ့ ပတ်သက်တဲ့ ကျင့်ဝတ်မူတွေအကြောင်း ရေးသားထားတာဖြစ်ပါတယ်။ အစိုးရက မန်ဒိတ်တွေကို တရားမဝင်မှန်းသိသိနဲ့ ဂရုမစိုက်ပဲလုပ်နေတာဟာ ၁၉၂၀-၃၀နှစ်တွေတုန်းက ဘယ်လိုမှမတူတဲ့ အရာ ၂ခုကို တူသယောင်ပြုပြီး ဂျာမဏီက ပညာတတ် ထက်မြက်သူတွေကို အယုံသွင်းပြီး စိုးရိမ်စိတ်နဲ့ ကစားသွားတော့ အားလုံးက တသံတည်းထွက်ပြီး ခေါင်းဆောင်ခေါ်တဲ့နောက်ကို အမေးအမြန်းမရှိ ပါသွားတဲ့အဖြစ်နဲ့ ဆင်ကြောင်း ဂျိုးရိုဂန်ရဲ့ podcast မှာ ပြောကြားသွားပါတယ်။  

အဓိက ပြောချင်တာကတော့ အမေရိကန်အစိုးရရဲ့ ကျန်းမာရေးဌာနက တလွဲတွေလုပ်ရင် ကမ္ဘာတဝှမ်းမှာပါ ဂယက်ရိုက်ပါတယ်။ အမေရိကန်အစိုးရက ငှက်ဖျားဆေးနဲ့ အိုင်ဗာမက်တင်နဲ့ကုတဲ့ ဆရာဝန်တွေကို အရေးယူတော့ တခြားနိုင်ငံတွေကလည်း အဲဒီဆေးတွေကို ဘန်းကုန်ပါတယ်။ ကိုဗစ်ကူးရင်က စောစောကုနိုင်ရင် ကုနိုင်သလောက် ဆေးရုံတက်နှုန်း သေနှုန်း သိသိသာသာ ကျတာဖြစ်လို့ နိုင်ငံရေးဆိုက်ဝါးတွေကြားမှာ ဒွိဟဖြစ်နေခဲ့ရင် လူနာက ကုလို့လွယ်တဲ့အဆင့်မျိုးကို ကျော်လွန်သွားနိုင်ပါတယ်။​ ငှက်ဖျားဆေးနဲ့ အိုင်ဗာမက်တင်တို့က ပေါ်နေတာ ကြာလှပြီဖြစ်ပြီး ကောင်းကျိုး ဆိုးကျိုးတွေ သိနေတဲ့အပြင် စျေးချိုပြီး အလွယ်တကူ ရနိုင်တာကြောင့် စဥ်းစားသင့်တဲ့ထဲမှာ ပါပါတယ်။ အဲဒီဆေးတွေနဲ့ ပတ်သက်ပြီးတော့လည်း နောက်ကျမှပေးရင် (သို့) dose မမှန်ရင် မတိုးတော့တာက လွဲလို့ ဆိုးကျိုးရှိတယ်ဆိုတာ ဘယ်သုတေသနကမှ သက်သေပြနိုင်တာ မဟုတ်ပါဘူး။

နိုင်ငံရေးသမားတွေနဲ့ ဗျူရိုကရက်တွေအတွက် ပြည်သူတွေက နံပါတ်တခုသာဖြစ်ပေမယ့် ကိုယ့်အသက်နဲ့ပတ်သက်ရင် ကိုယ်သာ ဆုံးဖြတ်သင့်တာကြောင့် အဲဒီလို မဖြစ်အောင် အစိုးရက ဝင်စွက်တာမှန်သမျှကို လက်မခံမှသာ သားသတ်ရုံခေါ်သွားတဲ့ သိုးတွေလို မဖြစ်မှာဖြစ်ကြောင်း သတိပေးလိုက်ပါတယ်။

dr peter mccullough and hydroxychloroquine
McCullough et al. 2020
Dr. Joseph Mercola

One thought on “ဥမ္မာခင်နဲ့ ပညာရှင်များ အမြင်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: