ဟေလာရီက အင်တာဗျူးတွေပေးတာ စိတ်လာတဲ့အပြင် ခုဖြစ်နေတဲ့ ငွေဖောင်းပွမှုနဲ့ စီးပွားရေးပြဿနာတွေကို ပါတီတွင်းက အေအိုစီတို့လို လက်ဝဲစွန်းတွေပေါ် ပုံချလိုက်တာနဲ့ ပတ်သက်ပြီး ကလင်တန်ရဲ့ အကြံပေးအဖြစ် နှစ်ပေါင်းများစွာလုပ်ခဲ့ပြီး ထရမ့်ကိုပါ အကြံပေးအဖြစ် ကူညီခဲ့တဲ့ ဒစ်ခ်မောရစ်စ်ကို နယူးမက်စ်တီဗီက ဆက်သွယ်မေးမြန်းထားပါတယ်။ မောရစ်စ်က ဟေလာရီနဲ့ပတ်သက်ပြီး ပြောစရာရှိတာက သူသမ္မတပြိုင်မလားလို့ သိချင်ရင် သူနှလုံးခုံနေသေးလား ကြည့်လိုက်၊ အသက်ရှုနေသေး(သို့) နှလုံးခုံနေသေးတယ်ဆိုရင် ပြိုင်ဖို့များတယ်လို့ ဆိုပါတယ်။
၂၀၂၁ နိုဝင်ဘာရွေးကောက်ပွဲရလာဒ်တွေအရ ဒီမိုကရက်တွေ အခြေအနေမကောင်းနိုင်တာရော နောက်နှစ်ခါကြားဖြတ်ရွေးကောက်ပွဲပြီးရင် ထပ်မပြိုင်တော့ပဲ အနားယူကြမယ့် အမတ်တွေ များလာတာရောအပေါ်မှာ ဟေလာရီက လက်ဝဲစွန်းတွေကို အပြစ်ပုံချခြင်းဖြင့် ၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင်က ဘိုင်ဒန်ကို ပုံဖော်ခဲ့သလိုပဲ အလယ်အလတ်သမားဆိုပြီး အထင်ရောက်စေချင်တာ ဖြစ်နိုင်ပါတယ်။ အမှန်က ခြစားတဲ့သူမှာ ဘာမူမှ မရှိဘူးဆိုတာကို မမေ့ကြဖို့ လိုပါတယ်။
လက်ဝဲစွန်း အေအိုစီတို့အုပ်စုကလည်း သူတို့ရဲ မဟားဒရား ကုန်ကျမယ့် ကလိုင်းမိတ်ချိန့်တို့၊ လူတိုင်းတက္ကသိုလ်ဖရီးတက်ရဖို့၊ သူတောင်းစားတွေနဲ့ ရာဇဝတ်သားတွေကို ခြေမွှေးလက်မွှေး မီးမလောင်အောင်ထားဖို့ စသဖြင့် ကိုယ့် သားမြေးတွေအိတ်ထဲကပါ လှမ်းနှိုက်ပြီး မဲရဖို့ လောကွပ်လုပ်ချင်တဲ့ ရည်မှန်းချက်တွေ ပြည့်ပြည့်ဝဝ အကောင်အထည်မဖော်နိုင်တဲ့အတွက် အခုလို ပြဿနာတွေ ကြုံတွေ့နေရတာလို့ အကြောင်းပြပါတယ်။ ဘိုင်ဒန်ရဲ့ ဘီဘီဘီ ဘေလ်တောင် ဆိုးလှပါပြီ၊ အဲဒါကို လက်ဝဲစွန်းတွေက လက်မခံနိုင်ကြပါဘူး၊ ခါးခါးသီးသီးကို ပယ်ချကြပါတယ်။ ပါးစပ်ပဲပါပြီး ခေါင်းမပါတဲ့သူတွေကို ရွေးထားတဲ့ အကျိုးတွေပေါ့။
ဘိုင်ဒန်ကြီးကလည်း သာယာစားဆိုတော့ မူတွေ ပေါ်လစီတွေနဲ့ပတ်သက်ပြီး ခံယူချက် ခိုင်ခိုင်မာမာ မရှိတာကို အခွင်ကောင်းယူပြီး အလယ်အလတ်လမ်းစဥ်သမားလို ပုံဖမ်းပြီး မားကက်တင်းလုပ်လိုက်တာ ယုံတဲ့လူလည်း မနည်းဘူး။ လူ့သဘာဝ သိပ်နားမလည်သေးတဲ့ လူငယ်လေးတွေနဲ့ ကြီးပေါလောတချို့ကလွဲရင် အမေရိကန်အများစုက လက်ဝဲကို လက်မခံနိုင်ကြသေးလို့ ဘာနီတို့ကို ရှေ့တန်းမတင်ကြတာကို သဘောပေါက်သင့်နေပါပြီ။ အခုတော့ ဘိုင်ဒန်က သူ့အားနည်းချက်နဲ့သူဆိုတော့ အကျယ်လောင်ဆုံးလက်ဝဲစွန်းတွေ ချယ်လှယ်တာ ခံနေရတာ လယ်ပြင်ဆင်သွားတာထက် ထင်ရှားနေပါပြီ။ လူထုထောက်ခံမှု အနိမ့်ဆုံး စံချိန်ချိုးနေတာကိုပဲ ကြည့်ပါ။
ဘိုင်ကြီးအခြေအနေက နောင်သက်တမ်းအတွက် ဘယ်လိုမှ ကြည့်မကောင်းနေတဲ့အပြင် ကမလာကလည်း ပိုဆိုးနိုင်တာကြောင့် ဟေလာရီက ဖျာဝင်ခင်းခြင်တဲ့သဘောနဲ့ အင်တာဗျူးတွေပေးပြီး လက်ဝဲစွန်းတွေကို တိုက်ခိုက်လာတာဖြစ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် လာမယ့်ရွေးကောက်ပွဲမှာ ဒီမိုကရက်တွေက ရီပါဘလစ်ကန်တွေကို တိုက်ဖို့ထက် သူတို့ထဲက လက်ဝဲစွန်းလို့ လူသိရှင်ကြားခံယူထားသူတွေနဲ့ သာယာယိမ်းမယ့် သမားရိုးကျနိုင်ငံရေးသမား လူနပ်တွေအကြား တိုက်ပွဲက ပိုစိတ်ဝင်စားစရာ ဖြစ်နေမှာပါ။