ဇန်နဝါရီ ၆ ရက် ၂၀၂၂

နာမည်ကြီးဟောလီဝုဒ်မင်းသားမင်းသမီးတွေနေတဲ့ Beverly Hills မှာ မကြာသေးခင်က ဖောက်ထွင်းလုယက်မှုတွေ ဗြောင်ကျကျ ပြုလုပ်လာကြတာကြောင့် ရာဇဝတ်သားတွေကို အားပေးတဲ့ LA ကောင်တီရဲ့ လက်ဝဲစွန်း ပရိူဂရက်ဆစ်ဖ် District Attorney ကို မြို့ကောင်စီအဖွဲ့က တညီတညွတ်တည်း မဲပေးပြီး ဖြုတ်ချဖို့ စတင်လှုပ်ရှားလိုက်ကြပါပြီ။ ပြီးခဲ့တဲ့ ၁၂လစလုံးမှာ  LA ကောင်တီတခုလုံးလိုလိုမှာ အိမ်ဖောက်ထွင်းမှုတွေ၊ ဆိုင်တွေက မှန်ပုံးတွေကို ရိုက်ခွဲလုယူတာတွေ၊ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေတာမှာ ဟောလီဝုဒ်က ဂျက်ကလင်း အဗန့်ဒ်ပါ အသက်ဆုံးရှုံးခဲ့ရတာပါ။​

သူမအိမ်ကို ကျူးကျော်ဝင်ရောက်ပြီး သတ်ခဲ့တဲ့လူက ရာဇဝတ်မှုသမိုင်းကြောင်းအရှည်ကြီးနဲ့ အပြင်မှာ ခံဝန်နဲ့ ရောက်နေတာဖြစ်ပြီး တကယ်ဆို ထောင်ထဲမှာပဲ​ ရှိနေသင့်တဲ့သူဖြစ်ပါတယ်။ ဒါပေမဲ့ လက်ဝဲစွန်းတွေရဲ့ လုပ်ရိုးလုပ်စဥ်အတိုင်း ထောင်ထဲကလူတွေ မဲပေးလို့ မရတဲ့အတွက် ရာဇဝတ်သားအများစုကို မဟုတ်တဟုတ်ခံဝန်နဲ့ ထုတ်ထားကြတာပါ။​ ကယ်လီဖိုးနီးယားမှာတော့ ခံဝန်နဲ့ လွှတ်ထားသူပေါင်း ၅သောင်း ကျော်ရှိပြီး အဲဒီလူတွေ မဲပေးလို့ Proposition 17 နဲ့ ဒီမိုကရက်တွေက ကြိုးစားနေကြတာဖြစ်ပါတယ်။​  

မဲပေးတာနဲ့ပတ်သက်ပြီး နယူးယောက်မှာ တရားမဝင်နေထိုင်သူတွေကို ရွေးကောက်ပွဲတွေမှာ မဲပေးလို့ ရစေဖို့ အရင်မြို့ဝန် de Blasio လက်ထက်က လုပ်သွားခဲ့ပါတယ်။ အခုအသစ်တက်တဲ့ မြို့ဝန်က ဒီလိုမဖြစ်သင့်လို့ ပြန်စစ်မယ်လို့ ပြောပေမယ့် ဒီတလအတွင်း မပြုပြင်နိုင်ခဲ့ရင် အသက်ဝင်လာတော့မှာ ဖြစ်ပါတယ်။​

မဲနဲ့ပတ်သက်ရင် သူတို့ဖက် မဲပိုရအောင် တရားမဝင်တွေ ရာဇဝတ်သားတွေ၊ မဲကောက်သင်းကောက်တာတွေ လုပ်ကြသလို မနှစ်က ဇန်နဝါရီ ၆ရက်မှာ ကာပီတိုမှာဖြစ်ခဲ့တာတွေနဲ့ အတင်းကြီး ဆက်စပ်အောင်လုပ်ပြီး နာမည်ကြီး ရီပါဘလစ်ကန်တွေ ရွေးကောက်ပွဲဝင်မရအောင် လုပ်ဖို့ ညစ်လုံးတွေ စနေပါပြီ။ အဲဒီကာပီတိုကိစ္စက အဲဒီက ဝန်ထမ်းတွေ ကိုယ်တိုင်က လက်တွေ ပါးစပ်တွေ အစည်းခံထားရတယ်ဆိုတာနဲ့ တာဝန်အရှိဆုံး ပလိုးစီက လုံခြုံရေးတွေ တမင်ဖယ်ရှားထားပြီး အန်တီဖာအလံရှူးတွေကို အဝင်ပြခိုင်းထားတာ သက်သေတွေ လည်း အများကြီး ထွက်နေတာ ကြာပါပြီ။ ထုံးစံအတိုင်း မီဒီယာအားနဲ့ ပေါင်းညစ်နေကြတာပါ။

တိုင်းပြည်စီးပွားရေးတက်အောင် ပြည်သူတွေ လုံခြုံအောင် ဘယ်လိုလုပ်ရမယ်မသိတော့ လုပ်သမျှက ပြည်သူတွေ ဒုက္ခများဖို့ချည့် ဖြစ်နေတာပါ။ အဲဒါကြောင့် ပြည်တွင်းကလူ စဥ်းစားတတ်သူတွေတွေ မကြိုက်ကြတော့တဲ့အတွက် အကြမ်းဖက်တွေ၊ ရာဇဝတ်သားတွေ၊ ပညာမတတ်တဲ့ တရားမဝင်တွေ၊ ပြည်ပက အချောင်သမားတွေရဲ့ မဲတွေရအောင် ဂွင်ရှာပြီး အားကိုးနေရတဲ့ ဒီမိုကရက်ပါတီကို သံယောဇဥ်တခုနဲ့ မဲပေးကြမလား စဥ်းစားသင့်ပါပြီ။ မကောင်းတာသိသိနဲ့ သံယောဇဥ်နဲ့ အထင်နဲ့ မဲပေးဦးမယ်ဆိုရင် မြန်မာပြည်က ဟိုလူစုနဲ့ ခွဲမရအောင် တူသွားပါပြီ။

ကာလီဖိုးနီးယားမှာ မနှစ်က မိုးသိပ်မရွာတာကြောင့် ဒီနှစ်ဆောင်းတွင်း မိုးရွာတဲ့နေ့တွေမှာ မိုးရွာပြီး ၄၈နာရီအတွင်း အလိုအလျောက် အပင်ရေဖြန်းစက်တွေ ဖွင့်ထားခဲ့လျှင် (သို့) အလိုအလျောက်မြက်ခင်းဖြန်းတာက လူသွားလမ်းတွေပေါ် ရောက်နေခဲ့လျှင် တနေ့ကို ဒဏ်ငွေ ၅၀၀ အထိ ချနိုင်တဲ့ ဥပဒေကို ဒီလကုန်စပြီး အကောင်အထည်ဖော်မှာဖြစ်ပါတယ်။ ဖြစ်ချင်တော့ ဒီနှစ်က မိုးများတဲ့နှစ်ဖြစ်ပြီး ရေကာတာတွေ တော်တော်လည်း ပြန်ပြည့်လာပြီဖြစ်ပေမယ့် ကယ်လီအစိုးရက သူတို့အမိန့်ကို ပြင်မယ့်ပုံ မပေါ်ပါဘူး။

မိုးရွာရင်ပိတ်ဆိုတာက ခရီးထွက်နေလို့ အိမ်မှာလူမရှိရင် ဘယ်လိုလုပ်မလဲဆိုတာရယ်၊ မိုးက မစို့မပို့ရွာရင် (သို့) ဒီဘက်တွေမှာဖြစ်လေ့ရှိသလို မိုးက ညဖက် လူအိပ်ချိန်မှ ရွာလို့ မသိလိုက်တာ ဆိုရင်ကော ဘယ်လိုလုပ်မလဲ ဆိုတာတွေကို ထုံးစံအတိုင်း စဥ်းစားထားပုံမရပါဘူး။ Weather forecast ကလည်း အချိန်နဲ့အမျှ ပြောင်းနိုင်နေတာအပြင် တနေရာနဲ့တနေရာ ရွာနှုန်းမတူတာကြောင့် ဘယ်လိုအရေးယူမှာလဲ အာဏာရှင်တွေ ထုံးစံအတိုင်း အဆုံးမှာ စမကပုဒ်မပဲ ဖြစ်သွားမှာလားဆိုတာ စဥ်းစားစရာဖြစ်လာပါတယ်။ တကယ်တမ်း ရေရှားပါးတဲ့အကြောင်းရင်းတွေက ပြည်နယ်အစိုးရရဲ့ ခပ်ကြောင်ကြောင်ဥပဒေတွေကြောင့်လည်း ပါပါတယ်။ ဥပမာ မိုးရေကို ခံပြီးသုံးရင် ဥပဒေ ချိုးဖောက်တာဖြစ်ပါတယ်၊ ကားရေဆေးမယ်ဆိုရင်လည်း အိမ်မှာ မဆေးရဘူးလို့ အမိန့်ထုတ် ထားတာပါ။ အရာရာကို ဥပဒေတွေ စွတ်ထုတ်ပြီး နိုင်ငံတည်လို့ ဘယ်တော့မှ ပြည့်စုံမှာမဟုတ်ပါဘူး။​

ကယ်လီဖိုးနီးယားမှာပဲ နောက်ပြဿနာတခုက အမြန်လမ်းတွေပေါ်မှာ သေနတ်နဲ့ပစ်ပြီး မောင်းပြေး ကြတာပါ။ ၂၀၁၉မှာ အမြန်လမ်းပေါ်မှာ ပစ်ခတ်မှုတွေကြောင့် လူ ၅၀ ဒဏ်ရာရပြီး ၆ဦးသေဆုံး ခဲ့ပါတယ်။ ၂၀၂၁မှာတော့ ၆၂ဦး ဒဏ်ရာရပြီး ၈ဦး သေဆုံးခဲ့ပါတယ်။​ ဖြစ်နှုန်းရော ထိခိုက်ဒဏ်ရာရနှုန်း ရော တက်လာပေမယ့် အရေးယူတဲ့နှုန်းက ကျတောင် သွားတယ်လို့ NBC Bay Area က ဆိုပါတယ်။ အရေးယူတဲ့နှုန်းကျသွားတဲ့ အကြောင်းရင်းကို အထူးတလည် ပြောပြနေဖို့ မလိုဘူးထင်ပါတယ်။

အမေရိကန်ရေတပ်က လေယာဥ်တင်သင်္ဘော USS Abraham Lincoln ကို ဦးစီးနေတာကတော့ ပထမဆုံးအမျိုးသမီး Capt. Amy Bauernschmidt ဖြစ်ပြီး ဩဂုတ်လတည်းက စတင်ဦးစီးညွှန်ကြားနေတာ ဖြစ်ပါတယ်။ တနင်္လာနေ့ကထုတ်ပြန်တဲ့ သတင်းထဲမှာ သူမရဲ့ လေယာဥ်တင်သင်္ဘောဟာ ကမ္ဘာ့ရေကြောင်းကုန်သွယ်ရေးလမ်းကြောင်းတွေကို လုံခြုံမှုပေးဖို့ ထွက်ခွာသွားပြီလို့ ဆိုပါတယ်။ အဲဒီအမြင့်ဆုံးရာထူးမပြောနဲ့ သာမာန်တိုက်ရေယာဥ်မှာ တပ်သားဖြစ်ဖို့တောင် အလွန်တရာ ခက်ခဲကြမ်းတမ်းတဲ့ လေ့ကျင့်ခန်းတွေကို အောင်အောင်မြင်မြင် ကျော်ဖြတ်ရတာကြောင့် အခုလို အရေးပါတဲ့နေရာမှာ အမျိုးသမီးတဦးက ဦးဆုံးတာဝန်ယူရတာဟာ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုရမှာဖြစ်ပါတယ်။

သူမက ကက်ပတိန်မဖြစ်ခင် အဲဒီသင်္ဘောမှာပဲ executive officer တာဝန်ကို ၂၀၁၆ကစပြီး တာဝန်ယူခဲ့တာပါ။ အဲဒီရာထူးမှာလည်း သူမက ပထမဆုံး အမျိုးသမီးပါပဲ။ သူမက ရေတပ်အကယ်ဒမီက ocean engineering နဲ့ ပထမဘွဲ့ရခဲ့ပြီး ဘွဲ့လွန်ကိုတော့ ရေတပ်စစ်ကောလိပ်က ရခဲ့တာပါ။ ၁၉၉၆ တုန်းက လေယာဥ်တင်သင်္ဘောပေါ်က တိုက်လေယာဥ် မောင်းတဲ့ naval aviator စဖြစ်ခဲ့ပြီး ပျံသန်းမှုနာရီ ၃၀၀၀ကျော်နဲ့တကွ တခြားတာဝန်ယူမှုအတွေ့အကြုံ တွေ ရှိခဲ့ပါတယ်။

အခုလို အစဥ်အလာအရ အမျိုးသားတွေ ကြီးစိုးတဲ့နေရာမှာ အမျိုးသမီးတဦးက ထိပ်တန်းရောက်အောင် တန်းတူလုပ်ပြနိုင်ခဲ့လို့ ထိုက်ထိုက်တန်တန် နေရာရခဲ့တာကို ဖီးမင်းနစ်စ်တွေ ရေငုံနေကြတာကတော့ သူတို့ရဲ့ အတွင်းသရုပ်ကို ပြနေတာပဲ ဖြစ်ပါတယ်။​ အမေရိကန်က ဖီးမင်းနစ်စ်တွေ မသိကျိုးကျွံပြုကြတာ အမျိုးသမီးတွေ စွမ်းဆောင်နိုင်ခဲ့တဲ့အရာတွေတင် မဟုတ်ပါဘူး၊ အမျိုးသမီးတွေကို အကြီးအကျယ်ထိခိုက်စေတဲ့ လိင်ပြောင်းတွေ အမျိုးသမီး ပြိုင်ပွဲတွေမှာ ဝင်ပြိုင်တာကိုလည်း မမြင်ချင်ဟန်ဆောင်နေကြတာပါ။ သူတို့တွန်းနေတာက မိန်းမတွေ လူတကာနဲ့ လွယ်လွယ်အိပ်ဖို့၊ ကလေးလွယ်လွယ်ဖျက်ချဖို့ဆိုတော့ သူတို့ ရည်မှန်းချက်က ဘာဆိုတာ မပြောလည်း သိလောက်ပြီ ထင်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: