ခုတလော အမေရိကန်မှာ အပြောများနေတဲ့ သတင်းတွေက ဒီမိုကရက်အုပ်ချုပ်တဲ့ မြို့ကြီးတွေမှာ ပိုးကူးများလာတာကို အကြောင်းပြပြီး ဆရာ/မများသမဂ္ဂတွေက ကျောင်းတွေကို ပိတ်ပစ်ဖို့ ကြိုးစားနေကြတာပါ။ ဒီပိုးစဖြစ်လာတဲ့ ၂နှစ်ကျော်ကာလအတွင်းမှာ စီစီပီပိုးကြောင့် ဒုက္ခရောက်တဲ့ ကလေးထက် ကျောင်းတွေပိတ်ပစ်တာနဲ့ပတ်သက်ဆက်နွယ်တဲ့ ဒုက္ခတွေ ရောက်ကြရတဲ့ ကလေးက အများကြီး များတာဖြစ်ပါတယ်။ မိဘတွေကလည်း သည်းခံနိုင်တဲ့ အတိုင်းအတာကို ကျော်လွန်လာပြီဖြစ်လို့ ကျောင်းထပ်ပိတ်မယ့် မြို့ဝန်တွေကို ဖြုတ်ချတော့မှာပါ။ အဲဒီတော့ ရှီကာဂိုလို နယူးယောက်လို အပြာရင့်မြို့ကြီးတွေက မြို့ဝန်တွေက ကျောင်းဆက်ဖွင့်ဖို့ ဆရာများသမဂ္ဂတွေနဲ့ အခြေအတင် ဖြစ်နေရပါပြီ။ အပြာပြည်နယ်တွေက ကောလိပ်တွေတော်တော်များများကတော့ အွန်လိုင်းကနေပဲ သင်ပါတော့မယ်။
ရှီကာဂိုမြို့ဝန်လို လက်ဝဲစွန်းမြို့ဝန်က ပြည်သူတွေအတွက် စဥ်းစားလို့ ကျောင်းတွေမပိတ်ဖို့ တွန်းအားပေးနေတာလားလို့ မေးရင်တော့ နိုးပါ။ ပြည်သူ့မဲနဲ့ ရပ်တည်ရတဲ့သူတွေက ဗာဂျီးနီးယားရွေးကောက်ပွဲကိုကြည့်ပြီး အဲဒီလိုမဖြစ်အောင် လုပ်နေကြတာပါ။ သမဂ္ဂတွေကတော့ ပြည်သူ့မဲနဲ့တက်လာတာမဟုတ်တော့ ဂရုမစိုက်ရေးချမစိုက်ထဲကပေါ့။ သူတို့ကလည်း အပြာပြည်နယ်တွေ မြို့တွေမှာပဲ စွာလို့ရတာလေ။
နောက်တခုကတော့ ဘိုင်ဒန်ရဲ့ဗက်ဆင်းမန်ဒိတ်ကို ဦးထိပ်ရွက်တဲ့ ဆေးရုံတွေမှာ ဆေးမထိုးတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို အစုလိုက် အပြုံလိုက် အလုပ်ထုတ်ပစ်ကြတော့ လူအင်အား သိသိသာသာ နည်းသွားတာက အခုလို ကူးစက်မြန်ပိုးလဲလာရော အလုပ်မဆင်းနိုင်ကြတော့လို့ ဒုက္ခပင်လယ်ဝေပြန်ပါပြီ။ ဘာရောဂါ ဘာထိခိုက်မှုမှ မဖြစ်အောင် သတိထားနေကြမှ တော်ခါကျပါမယ်။ ပထမလှိုင်း ဒုတိယလှိုင်းတုန်းက ဘာကာကွယ်ဆေးမှမရှိပဲ သက်စွန့်ဆံဖျား ကုသမှုပေးခဲ့ကြလို့ လူထုက သူရဲကောင်းတွေလို့ ကျေးဇူးတင်ခဲ့ကြတဲ့ ဆရာဝန်တွေ သူနာပြုတွေက အခုတော့ ဆေးမထိုးလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အဖြုတ်ခံရတာ တရားရဲ့လားလို့ နဲနဲလောက် တွေးကြည့်ကြစေချင်ပါတယ်။
တချို့ကတော့ အခုလို အကူးမြန်ပိုးက အရင်မျိုးကွဲတွေနဲ့စာရင် ပျော့တော့ များများ မြန်မြန် ကူးပြီးရင် လူအများစုမှာ သဘာဝကိုယ်ခံအား ရသွားမှာဖြစ်လို့ ကြိုဆိုကြပါတယ်။ ပြင်သစ်က မျိုးကွဲသစ်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေ အများကြီးမရသေးပေမယ့် ကူးစက်မြန်တယ်ဆိုတော့ ပြင်းအားနည်းဖို့ ပိုဖြစ်နိုင်ပါတယ်။ ပြင်သစ်မျိုးကွဲ အိုင်အိတ်ချ်ယူလို့ ပြောပေမယ့် အာဖရိက ကင်မရွမ်းနိုင်ငံက ပြန်လာသူမှာ စတွေ့တာဖြစ်ပါတယ်။
သုတေသနအသစ်တွေအရ ကိုဗစ်ကာကွယ်ဆေးက အမျိုးသမီးတွေရဲ့ ရာသီစက်ဝန်းကို ယာယီ ပြောင်းလဲစေပြီး များသောအားဖြင့် ဒုတိယအကြိမ်ထိုးပြီး ၂-၃လလောက်ကြာရင် ပုံမှန်ပြန်ဖြစ်လေ့ရှိတယ်လို့ အန်အိုင်အိတ်ချ်က ပံ့ပိုးပေးထားတဲ့ မီးယပ်သားဖွားစာစောင်က ဆိုပါတယ်။ သုတေသနတွေရဲ့ သဘာဝက ဘယ်သူတွေကို မေးမြန်းထားလည်းဆိုတာပေါ်မှာလည်း အများကြီး မူတည်မှာဖြစ်ပါတယ်။ သိသလောက် ဒီထက်ကြာပြီး ပိုပြင်းထန်တဲ့ ရလာဒ်ရှိသူတွေက ဘယ်ဆာဗေးမှလဲမလာတော့ ဘယ်ကိုသတင်းပို့ရမှန်းမသိနေတာတွေလည်း ရှိနေတာပါ။ ဆေးထိုးတဲ့လူတွေကို ဆေးထိုးပြီး ၁၅မိနစ် ထိုင်စောင့်ခိုင်းပြီး ၁၅မိနစ်ပြည့်လို့ ဘာမှမဖြစ်ရင် ပြန်ခိုင်းတာပါ။ တခုခုဆိုရင် ဘယ်နံပါတ်ကိုခေါ်ပြီး သတင်းပို့ပါလို့လည်း မပြောသလို ထိုးပေးတာလည်း ကိုယ့်ဆရာဝန် ကိုယ့်ဆေးခန်းမဟုတ်တော့ ပြန်သတင်းပို့တဲ့စနစ်က မရှိဘူးလို့ ပြောလို့ရပါတယ်။
ကိုဗစ်စဖြစ်ခဲ့ပြီး ၂နှစ်ကျော်ကြာလာအပြီးမှာ သမ္မတထရမ့်လက်ထက်က နောက်ဆုံးခန့်လိုက်တဲ့ Supreme Court တရားသူကြီး အေမီကိုနေဘာရက်က ဒီအရေးပေါ်အခြေအနေကြီးက ဘယ်တော့မှ အဆုံးသတ်မှာလည်းလို့ မေးခွန်းထုတ်လိုက်ပါတယ်။ သူမက လူ၁၀၀အထက် ခန့်ထားတဲ့ ပုဂ္ဂလိကကုမ္ပဏီတွေအပေါ် ဘိုင်ဒန်ရဲ့ ဗက်ဆင်းမန်ဒိတ်နဲ့ တက်စ်မန်ဒိတ်တွေဖက်က လျောက်လှဲချက်ပေးတဲ့ ရှေ့နေတွေကို ဒီကနေ့မှာ မေးခွန်းထုတ်လိုက်တာဖြစ်ပါတယ်။
ဘိုင်ဒန်ရဲ့ ဗက်ဆင်းမန်ဒိတ်ကို အကောင်အထည်ဖော်ပေးနေတာက အိုအက်စ်အိတ်ချ်အေဆိုတဲ့ ဗျူရိုကရက်အဖွဲ့ဖြစ်ပါတယ်။ ဘိုင်ဒန်ရဲ့ ဆိုလစ်စစ်တာဂျန်နရယ်လ်က အိုအက်စ်အိတ်ချ်အေက ကွန်ဂရက်စ်က အဲဒီအဖွဲ့ကို ၁၉၇၀တုန်းက ပေးအပ်ထားတဲ့ လုပ်ပိုင်ခွင့်အရ လုပ်တယ်လို့ ဆိုပါတယ်။ အဲဒီလုပ်ပိုင်ခွင့်က ဝန်ထမ်းတွေအပေါ် ကျရောက်လာနိုင်တဲ့ အန္တရာယ်အကြီးစားတွေကို ကာကွယ်ဖို့ စတဲ့ အရေးပေါ်အခြေအနေတွေမှာ အသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။ တရားသူကြီးဘာရက်တ်က အဲဒါကြောင့် အရေးပေါ်အခြေအနေက ဘယ်တော့ပြီးမှာလဲ၊ နောက် ၂နှစ်ကြာရင်ကော ရှိနေဦးမှာလားလို့ မေးခဲ့တာဖြစ်ပါတယ်။
တိုင်းပြည်ကို ထူထောင်ခဲ့စဥ်က အခြေခံဥပဒေက ပြည်သူကရွေးချယ်ထားတဲ့ လွှတ်တော်တွေကိုသာ ဥပဒေပြုခွင့်အာဏာ ပေးအပ်ထားတာဖြစ်ပါတယ်။ ခုနောက်ပိုင်းမှာတော့ ဥပဒေကို လိုသလို အဓိပ္ပါယ်ဖွင့်ယူကြပြီး အဲဒီလို အကျုံးဝင်အောင်လည်း နည်းမျိုးစုံနဲ့ ကလဖန်ထိုး/ကျုံးသွင်းတာတွေ လုပ်ကြပါတယ်။ အခုကိစ္စမှာဆိုရင်တော့ အရေးပေါ်အခြေအနေဆိုတာမျိုးဖြစ်လာအောင် နံပါတ်တွေ အကြောက်တရားတွေအသုံးချ ဖန်တီးယူကြတာဖြစ်ပြီး ကလေးဖျက်ချတဲ့ကိစ္စလိုဟာမျိုးမှာတော့ မိခင်ကျန်းမာရေးဆိုတာနဲ့ နွှယ်ထားလိုက်ပါတယ်။ အဓိပ္ပါယ်လိုသလို ဖွင့်ဆိုလို့ရတဲ့ ဝေဝါးဝါးဥပဒေတွေနဲ့ ပြည်သူကဖြုတ်ချလို့မရတဲ့ အဖွဲ့/လူတွေက ဥပဒေထုတ်နေတာတွေဟာ အခုမဟုတ်ရင်တောင် တချိန်ချိန်မှာ ဒုက္ခပေးလာနိုင်တာကို သတိပြုစေချင်ပါတယ်။
တရုပ်ပြည်အလယ်ပိုင်းက ရှီအန်မြို့မှာ ဒီဇင်ဘာ ၂၃ရက်နေ့ကစပြီး ပြည်သူတွေ အိမ်ထဲမှာပဲနေဖို့ လော့ဒေါင်းချထားတာပါ။ စားကုန်သောက်ကုန်နဲ့ လူသုံးကုန်တွေပါ ထွက်မဝယ်နိုင်တော့တဲ့ ပြည်သူတွေက အစိုးရကို လိုအပ်ချက်တွေ ဖြည့်စည်းပေးဖို့ ဆိုရှယ်မီဒီယာတွေကနေ တောင်းဆိုခဲ့ကြပါတယ်။ အဲဒီမြို့က သွေးဆင်းနေတဲ့ ကိုယ်ဝန်၈လနဲ့ အမျိုးသမီးက ဆေးရုံသွားပေမယ့် သူမရဲ့ပိုးစစ်ထားတဲ့တက်စ်က သတ်မှတ်နာရီကို အနည်းငယ်ကျော်သွားလို့ ဆေးရုံက လက်မခံခဲ့ပါဘူး။ နှစ်ဆန်း ၁ရက်နေ့မှာ အအေးထဲ ၂နာရီလောက်စောင့်အပြီးမှာသာ ဝင်ခွင့်ရခဲ့ပေမယ့် ဗိုက်ထဲက ကလေးက အသက်မရှိတော့ပါဘူး။ နှလုံးရောဂါသည်တဦးကလည်း ချက်စ်ပိန်းရလို့ ဆေးရုံသွားတာမှာ ပိုးစစ်နဂ္ဂတစ်အဖြေ မရှိတဲ့အတွက် ဆေးရုံ ၃ခုက ငြင်းလွှတ်လိုက်အပြီး နဂ္ဂတစ်စစ်ချက်ရမှသွားခဲ့တဲ့ စတုတ္ထမြောက်ဆေးရုံအရောက်မှာ အသက်မရှိတော့ပါဘူး။ ဒါတွေပြောနေတာက အမိန့်၊ အကြောက်တရားတို့နဲ့အုပ်ချုပ်တဲ့ရလာဒ်က လူတွေရဲ့ စာနာမှုနဲ့ ဆင်ခြင်တုံတရားကို လွယ်လွယ်လေး ဖုံးလွှမ်းသွားနိုင်တာကို ပေါ်လွင်စေချင်တာပါ။