ဘိုင်ဒန်အစိုးရရဲ့ ဝန်ထမ်း၁၀၀အထက် ပုဂ္ဂလိကကုမ္ပဏီတွေအပေါ် ထုတ်ပြန်ထားတဲ့ OSHA ရဲ့ အရေးပေါ်အခြေအနေမှာမှ သုံးရမယ့်အမိန့်ကို ဗက်ဆင်းမန်ဒိတ်ကို အမြင့်ဆုံးတရားရုံးက ၆-၃ နဲ့ ကနေ့ ပယ်ချလိုက်ပါတယ်။ အခုလိုမျိုး လူကိုယ်တိုင် လာရောက်လျောက်လှဲကြတာကို ကြားနာပြီး ဆုံးဖြတ်တာက အမြင့်ဆုံးတရားရုံးမှာ ဖြစ်တောင့်ဖြစ်ခဲဖြစ်ပါတယ်။ နောက်ဆုံးအကြိမ်က ၁၉၇၀တုန်းကပါ။ တရားသူကြီးအဖွဲ့ထဲမှာလည်း အမြင်တွေ မတူကြလို့ အခြေအတင်မေး/ပြောတာတွေ ရှိပေမယ့် ဒီမိုကရက်ခန့်တဲ့ တရားသူကြီး ဆိုနီယာ ဆိုတိုမေယာ မန်ဒိတ်ထားချင်တဲ့ဖက်က ဆွေးနွေးသွားတာတွေဟာ အခြေအမြစ်မရှိတာတွေ တက်တက်စင်လွဲတာတွေ ဖြစ်နေတာပါ။
အမေရိကန်က ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပြီ’ အမြင့်ဆုံးတရားရုံးရဲ့ ယခုဆုံးဖြတ်ချက်က ဘိုင်ဒန်အစိုးရရဲ့ မန်ဒိတ်ကို တရားစွဲတဲ့အပေါ်မှာ ဆုံးဖြတ်တာဖြစ်တဲ့အတွက်ပြည်နယ်တွေ မြို့တွေရဲ့ အလားတူအမိန့်တွေအပေါ် တိုက်ရိုက်သက်ရောက်မှုမရှိပါဘူး။ ဒါပေမယ့် ပြည်နယ်/မြို့အဆင့်က တရားသူကြီးတွေကလည်း အမြင့်ဆုံးတရားရုံးရဲ့ ဆုံးဖြတ်ချက်အတိုင်း ယူကြမယ်လို့ မျှော်လင့်ရပါတယ်။
အိမ်ဖြူတော်ရဲ့ ပတ်ပတ်လည်မှာ ကွန်ကရစ်တံတိုင်းအသစ် တိတ်တိတ်လေးဆောက်နေတာကို တွေ့ရတဲ့သူတွေက အများပြည်သူကို ချမပြတဲ့အတွက် သို့လောသို့လောတွေ ဖြစ်နေကြပါတယ်။ ဟိုအရင်က အိမ်ဖြူတော်က ပြည်သူပိုင်တဲ့နေရာဆိုပြီး မည်သူမဆို မြက်ခင်းပြင်ရော အတွင်းက အများပြည်သူကို ခွင့်ပြုထားတဲ့နေရာတွေရောကို ဝင်ထွက်ခွင့် ရှိခဲ့ပါတယ်။ နောက်တော့ အတွင်းဝင်ခွင့် မပေးတော့တဲ့အပြင် အပြင်ကိုပါ သံတိုင်တွေနဲ့ ကာရံထားလိုက်ပါတယ်။
မနှစ်က စပြီး သမိုင်းမှာ အများဆုံးဖြစ်တဲ့ မဲ၈၁သန်းကျော်ကို မယုံနိုင်လောက်အောင် ရထားတယ်ဆိုတဲ့ ပုဂ္ဂိုလ်ကြီးက နောက်ကျောမလုံတော့ အိမ်ဖြူတဝိုက်ကို ယာယီ ကွန်ကရစ်တုံးတွေ သံတိုင်တံတိုင်း အထပ်ထပ်တွေအပြင် တပ်တွေပါ လနဲချီ ချထားသေးတာပါ။ အခုလည်း အိမ်ဖြူရောက်တာ တနှစ်မပြည့်သေးဘူး၊ ကွန်ကရစ်တံတိုင်း ဆောက်နေပြီဆိုတော့ အဲဒီထဲမှာ အရိုးထုတ်မလို့လား၊ ဘာတွေမြေခွေးကြံကြံနေလည်းလို့ မေးရမလိုပါပဲ။ ပိုရီစရာကောင်းတာက နယ်စပ်မှာကျတော့ တံတိုင်းဆောက်တာကို သေလုမတတ် ကန့်ကွက်တဲ့လူတွေက သူတို့အိမ်တွေကျတော့ တံတိုင်းအမြင့်တွေ ပြည်သူ့ပိုက်ဆံနဲ့ ဆောက်ကြတာပါ။ အခုတော့ အိမ်ဖြူပါ ပါလာပြီပေါ့။
ဗာဂျီးနီးယားဂါဗာနာအဖြစ် ရွေးချယ်ခံထားရတဲ့ Glenn Youngkin က ဖဲဖက်စ်ကောင်တီ ကျောင်းဘုတ်အဖွဲ့မှာတုန်းက ဒီမိုကရက်တွေချည့်ပါတဲ့ ဘုတ်အဖွဲ့က ကန်ထုတ်လိုက်တဲ့ ပညာရေးအဆင့်အတန်းအတွက် အမြဲတိုက်ပွဲဝင်နေတဲ့ CRT ကို ဆန့်ကျင်တဲ့ Elizabeth Schultz ကို Assistant Superintendent of Public Instruction ရာထူးမှာ ခန့်အပ်ခဲ့ပါတယ်။ ကျောင်းဘုတ်အဖွဲ့ထက် အများကြီးမြင့်တဲ့ရာထူးပါ။ သူမက ကျောင်းဘုတ်အဖွဲ့မှာ ၉နှစ်ကြာလုပ်ကတည်းက ၃ဘီလီယံဘတ်ဂျက်ကို စီမံခန့်ခွဲခဲ့ပြီး ဂုဏ်ထူးတန်းတွေ ဖြုတ်ပစ်ဖို့နဲ့ မူလတန်းတွေကို တနင်္လာနေ့တိုင်း နေ့တဝက်ပဲ တက်စေချင်တဲ့ ကျောင်းဆရာသမဂ္ဂတွေ တောင်းဆိုတဲ့ ပေါ်လစီတွေကို ဆုံးခန်းတိုင်စေခဲ့တာပါ။
အောက်လွတ်တော် ရီပါဘလစ်ကန်အမတ် Mo Brooks က မနေ့က ဖက်ဒရယ်အစိုးရက တရားမဝင်ဝင်ရောက်လာသူတွေကို ပြည်နယ်တွေကိုပို့တဲ့လုပ်ရပ်ကို ရပ်တန့်ပစ်ဖို့ ပြည်နယ်အစိုးရတွေကို အာဏာပေးမယ့် ဥပဒေကြမ်းကို တင်ပြလိုက်ပါတယ်။ အဲဒီဥပဒေကြမ်းကို Local Control Act လို့ ခေါ်ပါတယ်။ အဲဒီထဲမှာ တရားမဝင်တွေကို ဂါဗာနာရဲ့ ခွင့်ပြုချက်မရလျင်သော်၎င်း၊ တရားမဝင်တွေ လာရောက်အခြေချတာကို ကန့်ကွက်တဲ့ပေါ်လစီရှိတဲ့ ဒေသဖြစ်နေလျင်သော်၎င်း တရားမဝင်တွေ လာရောက်ပို့ခွင့်မရှိစေရလို့ ဆိုပါတယ်။ အဆိုပါဥပဒေကြမ်းကို နယ်စပ်လုံခြုံရေးနဲ့ တရားမဝင်လူဝင်မှုကို ကန့်ကွက်တဲ့ Federation for American Immigration Reform က ထောက်ခံပေးထားပါတယ်။
လောလောဆယ် အောက်လွှတ်တော်မှာ ဒီမိုကရက်အမတ်က များနေတော့ ပါတီလိုင်းအတိုင်း မဆုံးဖြတ်ကြပဲ ကိုယ်ပိုင်ဦးနှောက်နဲ့ ဆုံးဖြတ်နိုင်ကြပါစေလို့ ဆုတောင်းပါတယ်။ (ကြုံတုံးပြောချင်တာက နားမလည်တဲ့လူတချို့က ဒီမိုကရက်တွေ လိမ်ပြီးစွပ်စွဲသလို ရီပါဘလစ်ကန်တွေက immigration ကို ဆန့်ကျင်တယ်လို့ သံယောင်လိုက်တတ်ကြပါတယ်။ အမှန်က ရီပါဘလစ်ကန်တွေက တရားဝင်ဝင်ရောက်လာတာကို လုံးဝ ကြိုဆိုပါတယ်၊ တရားမဝင်ဝင်ရောက်လာတာတွေကိုသာ ကန့်ကွက်တာပါ။)
အမေရိကန်အရှေ့တောင်နဲ့ အရှေ့မြောက်ပိုင်းတွေကို မိုနိုကလိုနယ်အန်တီဘော်ဒီဆေးဖြန့်တဲ့ ကုမ္ပဏီခေါင်းဆောင်က အဲဒီဆေးကို အစိုးရကဖြန့်ဖို့ လက်ဝါးကြီးအုပ်လိုက်ပြီးတဲ့နောက်ပိုင်း ဆေးပြတ်လပ်မှုတွေ နှောင့်နှေးကြန့်ကြာမှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။ အဓိကပြဿနာက အစိုးရက ဘယ်သူ့ကို ဘာပေးမယ်ဆိုတာကို ဝင်ဆုံးဖြတ်နေတော့ အဲဒီမှာတင် အချိန်တွေ ကြာနေတာဖြစ်လို့ တကယ်အရေးတကြီးလိုအပ်နေသူတွေဆီ အချိန်မီ မရောက်တာတွေ အများကြီး ကြုံနေရတယ်လို့ ဆိုပါတယ်။ အစိုးရက မူဝါဒ တိတိပပ ချထားတာမဟုတ်တဲ့အတွက် ပြည်နယ်တွေကို ဘယ်လိုရာရှင်နဲ့ ဖြန့်ဖြူးမလဲဆိုတာကအစ မသိနေရတာက ကြန့်ကြမှုတွေကို ပိုဆိုးနေစေတာပါ။ တချို့နေရာက ဆရာဝန်တွေက သူတို့မှာ ပိုနေတယ်လို့ သတင်းပို့ကြပြီး တချို့နေရာတွေမှာ လောက်ငှမှု မရှိနေပါဘူး။ အသက်က ဆေးရတဲ့အထိ စောင့်နေဖို့ မသေချာတော့ လူနာတွေ လူနာရှင်တွေကြား အင်မတန်စိတ်ပျက်စရာကောင်းတဲ့ အခြေအနေဖြစ်နေပါတယ်။
ဘိုင်ဒန်နဲ့ အက်ဖ်ဒီအေက အသားအရောင်အပေါ် အဓိကထားပြီး ဖြန့်ဖြူးသွားမယ်လို့ ပြောခဲ့ပါတယ်၊ အဲဒါကို တိုင်းဖို့ပေတံက စနစ်ထဲမှာမရှိတာရော တာဝန်ယူမှုတာဝန်ခံမှု အားနည်းတာရောကြားမှာ အသက်တွေ ဘယ်လောက်တောင် ဆုံးရှုံးကုန်မလဲဆိုတာ အစိုးရကောင်းဆိုရင် စဥ်းကို စဥ်းစားမှာ ဖြစ်ပါတယ်။ ဒီးလ်မက်ဒ်ရဲ့ စီအီးအို မိုက်ကယ်အိန်ဟွန်က ဒီလိုဆေးဖြန့်တာကို ကျွမ်းကျင်ပြီးသားဖြစ်တဲ့ ပုဂ္ဂလိကလက်ထဲကိုပဲ ပြန်ထည့်ပေးဖို့ အကြံပြုထားပါတယ်၊ အဲဒါမှ ဘယ်သူ ဘယ်ကပဲလိုလို လိုသူဆီ အချိန်မီရောက်မှာပါ။ လူ့အသက်တွေနဲ့ကစားပြီး နိုင်ငံရေးအမြတ်ထုတ်ချင်သူတွေကို ရာထူးက ပယ်ရှားပစ်ဖို့က လူသားတိုင်းရဲ့ တာဝန်ဖြစ်ပါတယ်။
ဖိုင်ဇာစီအီးအိုအဲလ်ဘတ်ဘိုးလာက တနင်္လာနေ့တုန်းကအင်တာဗျူးမှာ ကာကွယ်ဆေး၂လုံးဟာ အိုမီခရွန် ကူးစက်တာကို ထိထိရောက်ရောက် ကာကွယ်ပေးမှာမဟုတ်သလို ပထမဆေး ၂လုံးကလည်း ဆေးရုံတင်ရတဲ့အခြေအနေကို ကာကွယ်ဖို့ လုံလောက်တဲ့စွမ်းအားတွေ ပျက်ပြယ်သွားခဲ့ပြီလို့ ဆိုပါတယ်။ သူ့ကို သတင်းတွေနဲ့ဘာလို့သူတို့ကအရေးပါလဲဆိုတဲ့ အစီအစဥ်က ဆာရာဂွန်ဇာလေ့စ်က အဲဒါဆိုလဲ ဘာဖြစ်လို့ ဘုစ်တာထိုးဖို့ တွန်းနေရတာလဲလို့ မေးခွန်းထုတ်လိုက်ပါတယ်။ အရင်ထိုးထားတာတွေက အာနိသင်မရှိတော့လို့ ထပ်ထပ်ထိုးနေရမယ်ဆိုရင် ဘယ်တော့မှ ပြီးတော့မှာ မဟုတ်ပါဘူး။
အစီအစဥ်တင်ဆက်သူတွေကြား လိင်အရှုပ်တော်ပုံ၊ သက်ငယ်လိင်ပြစ်မှုတွေနဲ့ အဖြုတ်ခံနေရတဲ့ စီအန်အန်န်ကို ကြည့်ရှုသူတွေ တနေ့တခြား လျော့ကျလာတာ အခုဆိုရင် မနှစ်က ကြည့်ရှုသူတွေရဲ့ ၉၀% ကို ဆုံးရှုံးသွားပြီဖြစ်ပါတယ်။ မနှစ်က ဒီလိုအချိန်မှာ ကြည့်ရှုသူ ၂.၇သန်း ရှိခဲ့ပြီး ဒီနှစ်မှာတော့ ၅၄၈,၀၀၀ ပဲရှိတော့တာပါ။
Fox News ကို တည်ထောင်သူနဲ့ မိသားစုတွေက ဟေလာရီကို အလွန်ချစ်ခင်ကြပြီး ကလင်တန်ဖောင်ဒေးရှင်းကို အမြဲထောက်ပံ့နေကြတဲ့အပြင် ဒီမိုကရက်တွေကိုသာ သန်းချီ လှူနေတာဖြစ်ပါတယ်။ ထရမ့်တက်နေတဲ့ ၄နှစ်လုံးလုံး ထရမ့်ကို ဝေဖန်တိုက်ခိုက်တာတွေကိုပဲ အသားပေးနေခဲ့လို့ ထရမ့်ကိုမုန်းတဲ့ သူတွေကတောင် Fox News ရဲ့ ဘက်မလိုက်တဲ့မီဒီယာ ဆိုတဲ့ ရပ်တည်ချက်အပေါ် မေးခွန်းထုတ်လာကြတာပါ။ ဒါပေမဲ့ တခုကောင်းတာက လူ ကြိုက်များနေတဲ့ရှိုးတွေကို လွယ်လွယ်အကြောင်းပြပြီး ရပ်ပစ်လို့ မဖြစ်တာကြောင့် ဘက်မလိုက်တဲ့အသံတွေကလည်း ဆက်လက်တည်ရှိနေတာဖြစ်ပါတယ်။