နယူးယောက်မြို့က အမေရိကန်သဘာဝသမိုင်းပြတိုက် အပြင်မှာ ထားရှိတဲ့ အမေရိကန်ရဲ့ ၂၆ဦးမြောက် သမ္မတ သီအိုဒိုရုစဗဲ့ရဲ့ ၁၀ပေမြင့်တဲ့ မြင်းစီးကြေးရုပ်တုကြီးကို ကရိန်းတွေသုံးပြီး ငွေ ၂သန်း အကုန်ခံကာ ဖယ်ရှားလိုက်ပါတယ်။ တည်ထားခဲ့တာကတော့ ၁၉၄၀ခုနှစ်ပါ။ အဲဒီရုပ်တုဟာ ဘေးက အမေရိကန်အင်ဒီးယန်းတဦးနဲ့ လူမည်းတဦးတို့ ဘေးက ခြံရံလမ်းလျောက်လိုက်ပါလာတဲ့ပုံ ထုထားတာပါ။
အဲဒီရုပ်တုကို လွန်ခဲ့တဲ့ အနှစ် ၈၀လုံး ဘယ်သူတွေက အပြစ်မြင်ခဲ့တယ်လို့ တခါမှ မကြားခဲ့ဖူးပေမယ့် အခုအခါမှာတော့ ကိုလိုနီစနစ်နဲ့ လူမျိုးရေးခွဲခြားမှုကို အမွှမ်းတင်တဲ့ပုံလို့ သတ်မှတ်ပြီး ဆန္ဒပြတာတွေ ဖြစ်လာကြတာကြောင့် ပယ်ရှားခဲ့တာပါ။ ဒီရုပ်တုကိုတော့ မြောက်ဒါကိုတာပြည်နယ်မှ စာကြည့်တိုက်တခုက နှစ်ရှည်ငှားရမ်းလိုက်ပါတယ်။
သမိုင်းကို သမိုင်းလို့ပဲ မြင်ပြီး ကောင်းတာဆိုရင်လည်း ဂုဏ်ယူရ အတုခိုးရအောင် မကောင်းတာဆိုရင်လည်း သင်ခန်းစာအဖြစ်နဲ့ နောက်မဖြစ်အောင် သတိပေးတဲ့အနေနဲ့ပဲ ယူသင့်တယ်လို့ ထင်ပါတယ်။ အရာရာ စန်းစန်းတင့်လွန်းကြပြီး သမိုင်းရဲ့ ပုံရိပ်တွေကို ပယ်ရှား၊ ဖယ်ထုတ်ပစ်မယ်ဆိုရင် ဘယ်သူမှ အကျိုးရှိမယ်လို့ မထင်ပါဘူး။ တဖက်က ရုပ်တုတွေ ပယ်ရှား၊ တဖက်က သမိုင်းကို ၁၆၁၉ကစတယ်ဆိုပြီး လူမျိုးရေးတွေနွယ် ပြောင်းပစ်ချင်တာက တရုပ်ပြည်က ယဥ်ကျေးမှုတော်လှန်ရေးလို အရှိတရားက ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ သူတို့ သိစေချင်တာ မြင်စေချင်တာပဲချန်ထားတဲ့ အနေအထားမျိုး ဖြစ်သွားပါလိမ့်မယ်။
တဖက်မှာကျတော့ ရာဇဝတ်သမိုင်း အကြမ်းဖက်သမိုင်းရှိတဲ့ ဂျော့ဂျ်ဖလွိုက်လိုလူရဲ့ ရုပ်တုကို အရေးပါတဲ့ ယူနီယံစကွဲ ပန်းခြံမှာ ထားတာက လက်ဝဲစွန်းတွေရဲ့ အရွေ့က ဘယ်ကို ဦးတည်နေတယ်ဆိုတာကို ပြနေပါတယ်။ တိုင်းပြည်က ရွေးချယ်ထားတဲ့ သမ္မတရုပ်တုကို ပယ်ရှားပြီး ရာဇဝတ်သားရဲ့ ရုပ်တုကိုမှ မြတ်မြတ်နိုးနိုး ထားချင်ကြတဲ့ သူတွေရဲ့ စိတ်ဓါတ်က နုနယ်ငယ်ရွယ်သူတွေရဲ့ အမြင်ကို ဘယ်လောက်တောင် ပြောင်းလဲသွားစေမလဲဆိုတာ အလေးထား စဥ်းစားသင့်ပါတယ်။
အဲဒီလို တပြည်ထဲသားချင်းကြား သွေးခွဲရန်တိုက်ပေးတဲ့အကျိုးက လူမျိုးရေးအရ မုန်းတီးလို့ပြုတဲ့ ကြမ်းတမ်းရာဇဝတ်မှုတွေ တက်လာတာပါပဲ။ နယူးယောက်မှာ အာရှသူအမျိုးသမီး ရထားသံလမ်းပေါ် တွန်းချအသတ်ခံရပြီးနောက်မှာ လူမျိုးရေးအရ ပစ်မှတ်ထားတိုက်ခိုက်တဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး လူသိအောင် ဆန္ဒပြတာ ရှုံ့ချတာတွေ လုပ်နေကြပါပြီ။ ဒီကိစ္စမှာ ကျူးလွန်သူက စိတ်မမှန်ဘူးလို့ ပြောကြတော့ လူမျိုးရေးအရ တိုက်ခိုက်တာ ဟုတ်မဟုတ် မသေချာပေမယ့် အာရှသားတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုက ၂၀၂၀မှာ ၃၀သာရှိတာက ၂၀၂၁မှာ ၁၃၃ ဖြစ်လို့ ၃ဆခွဲလောက် တက်လာတာဖြစ်ပါတယ်။ အာရှသားတွေအပေါ် ပြုတဲ့ ရာဇဝတ်မှုက လူမျိုးရေးမုန်းတီးမှုနဲ့ ပတ်သက်တဲ့ ရာဇဝတ်မှုတွေ အားလုံးရဲ့ ၄ပုံ၁ပုံ ဖြစ်ပါတယ်။
နယူးယောက်မှာတင်မဟုတ်ပါဘူး၊ ကယ်လီဖိုးနီးယားလို အာရှသားပေါတဲ့နေရာတွေမှာလည်း အာရှသားတွေအပေါ် မုန်းတီးကျူးလွန်မှုတွေ ရှိတာပါပဲ။ အာရှသားဆိုပေမယ့် များသောအားဖြင့်က သက်ကြီးတွေ အမျိုးသမီးတွေ ခံရတာ များပါတယ်။ လူမျိုးရေး မုန်းတီးမှူကြောင့် ပြုတဲ့ ရာဇဝတ်မှုတွေထဲမှာ ဂျူးတွေအပေါ် ပြုတာက အများဆုံးဖြစ်ပြီး အလားတူအမှုပေါင်းရဲ့ ၃၈% ဖြစ်ပါတယ်။ တောင်အမေရိကကလူတွေအပေါ် မုန်းတီးရန်ရှာမှုက ၂၀၂၀မှာ ၁မှုပဲ ရှိခဲ့တာကနေ ၂၀၂၁ မမှာ ၈မှု ဖြစ်လာပါတယ်။
မန်ဟက်တန်ဒီအေကတော့ မကြာသေးမီက ဖြစ်ခဲ့တဲ့ အာရှသားတွေအပေါ် မုန်းတီးရန်ရှာမှုတွေက သည်းခံနိုင်စရာမရှိတဲ့အတွက် ရပ်ကြည့်မနေဘူးလို့ ဆိုပါတယ်။ အပြောလေးက ကောင်းပေမယ့် လူမျိုးရေးမုန်းတီးအောင် သွေးခွဲသပ်လျိုတာလဲ သူတို့၊ လူဆိုးတွေကို ကျူးလွန်တဲ့ ပစ်မှုအလိုက် ထိထိရောက်ရောက် ပစ်ဒဏ်ပေးဖို့ထက် ထောင်ထဲမထည့်ရဖို့ကို ပိုအလေးထား အားထုတ်နေတော့ ရာဇဝတ်မှုတွေ အကြမ်းဖက်မှုတွေက ကျသွားစရာ အကြောင်းကို ရှိမနေပါဘူး။ အလားတူပဲ စိတ်မမှန်သူတွေကို ဆေးကုသပေးဖို့နဲ့ လူထုကို ဒုက္ခပေးနိုင်သူဆိုရင် ထိန်းသိမ်းထားရမှာပါ။ အဲဒါတွေက အိမ်ယာမဲ့ပြဿနာတွေနဲ့ ဆက်စပ်နေပါတယ်။ မဲရဖို့လိုတော့မှ အိမ်ယာမဲ့တွေဆီ ချည်းကပ်ပြီး ကျန်တဲ့အချိန်တွေမှာ လှိုက်စားနေတဲ့ အနာဟောင်းကြီးကို တိပ်လေးကပ်ပေးထားတာလောက်နဲ့ ကုစားလို့ မရပါဘူး။
တရုပ်ပြည်မှာ ၂၀၂၁ခုနှစ်အတွင်း ကလေးမွေးဖွားနိုင်တဲ့ အရွယ်ဖြစ်တဲ့ ၁၈-၄၉နှစ်အတွင်း အမျိုးသမီးပေါင်း ၅သန်းလျော့ကျသွားတယ်လို့ တရုပ်ပြည်ရဲ့ ကိန်းဂဏန်းဗျူရိုက ဆိုပါတယ်။ အဲဒီအချက်က ၂၀၂၁အတွင်း မွေးဖွားတဲ့ ကလေးအရေအတွက် အများကြီး လျော့ကျသွားတာရဲ့ အဓိက အကြောင်းရင်းတခုဖြစ်ပါတယ်။ တခြားအကြောင်းတွေကတော့ ကလေးမလိုချင်ကြတာနဲ့ ပန်ဒဲမစ်ကြောင့် မယူဖြစ်ကြတာတွေဖြစ်တယ်လို့ ဆိုပါတယ်။ ၂၀၂၁အတွင်း တရုပ်ပြည်မှာ ကလေးပေါင်း ၁၀.၆၂သန်း မွေးဖွားခဲ့ပြီး အဲဒီနှစ်အတွင်း လူသေတာက ၁၀.၁၄သန်းဖြစ်လို့ မွေးတာက သေတာထက် ပိုတယ်ဆိုရုံလေးပါပဲ။
မွေးနှုန်းအရဆိုရင်တော့ ၂၀၂၀တုန်းက လူတထောင်မှာ ၈.၅၂ဦး မွေးခဲ့ပြီး ၂၀၂၁မှာတော့ ၇.၅၂ဦးပဲ မွေးတော့တာပါ။ အဲဒါက ၆၁နှစ်အတွင်း အနိမ့်ဆုံးနှုန်းဖြစ်ပါတယ်။ တရုပ်ပြည်ရဲ့ လူဦးရေက ၂၀၂၀တုန်းက ၁.၄၁၂ ဘီလီယံဖြစ်ပြီး ၂၀၂၁မှာ ၁.၄၁၃ဖြစ်တဲ့အတွက် လူဦးရေတိုးနှုန်း တံ့သလောက်ဖြစ်နေတယ်လို့ သိရပါတယ်။ ဒီအကြောင်းကို ဖော်ပြရတဲ့ အကြောင်းရင်းကတော့ တရုပ်ပြည်ရဲ့ လူဦးရေအပြောင်းအလဲက အိမ်နီးချင်းနိုင်ငံတွေပေါ်ကို ရိုက်ခတ်လာနိုင်လို့ ကြိုတင် သတိထားသင့်တာထား၊ ပြင်ဆင်သင့်တာ ပြင်နိုင်ဖို့ ဖြစ်ပါတယ်။