ဇန်နဝါရီ ၂၄ ရက် ၂၀၂၂

ဘိုင်ဒန်က ပူတင်နဲ့ တွေ့တုန်းက ရုရှားတွေဆိုင်ဘာတိုက်ခိုက်မှုလုပ်တာက အရေးကြီးတဲ့ ကဏ္ဍ၁၆ခုကို မထိဘူးဆိုရင် အမေရိကန်က အိုကေပါတယ်လို့ ပြောခဲ့ပါတယ်။ အဲဒီသာဓကရှိထားတော့ ယူကရိန်းကို နဲနဲကျူးကျော်တယ်ဆိုရင်လည်း အများကြီး အရေးမယူပါဘူးလို့ ပြောခဲ့တာက နောက်မှအိမ်ဖြူဝန်ထမ်းတွေက ဘယ်လောက်ပဲလိုက်ဖာဖာ ပူတင်က အတည်ယူတော့မှာလို့ တွေးလို့ရပါတယ်။ ယူကရိန်းသမ္မတကတော့ ဘယ်ကျူးကျော်မှုမှ မသေးဘူး၊ ဘယ်အချုပ်အချာအာဏာပိုင်နိုင်ငံမှလည်း နိုင်ငံသေးမဟုတ်ဘူးလို့ တုန့်ပြန်ခဲ့ပါတယ်။​

ရုရှားက ကျူးကျော်လို့ စစ်ဖြစ်ခဲ့ရင် အမေရိကန်တွေကို ကယ်ထုတ်ဖို့ မဖြစ်နိုင်တဲ့အတွက် ယူကရိန်းကို သွားဖို့မသင့်တဲ့ နိုင်ငံစာရင်းထဲ ထည့်လိုက်ပြီး အမေရိကန်သံရုံးမိသားစုတွေကို ပြန်ခေါ်ခဲ့တာကလည်း ရုရှားက အသေအချာဝင်တော့မှာလို့ နမိတ်ပြနေသလိုပါပဲ၊ ယူကရိန်းသမ္မတက သံရုံးမိသားစုတွေက ရာဇဝတ်မှုတွေ မတရားတက်နေတဲ့ အမေရိကန်မှာထက် ယူကရိန်းမှာက ပိုတောင် လုံခြုံသေးတယ်လို့ တုန့်ပြန်ပါတယ်။ ရုရှားကတော့ ယူကရိန်းနယ်စပ်မှာ တပ်အင်အား တသိန်းလောက် ချထားပေမယ့် ဝင်တိုက်ဖို့ ပြင်နေတယ်ဆိုတာကို ဆက်လက်ငြင်းဆိုနေဆဲပါ။ ရုရှားတုန့်ပြန်ပုံရယ် ယူကရိန်းအစိုးရတုန့်ပြန်ပုံရယ်ကိုကြည့်ရင် ဘိုင်ဒန်ကပဲ ရုရှားကျူးကျော်အောင် နှပ်ကြောင်းပေးနေသလိုများ ဖြစ်နေလားလို့တောင် ထင်ရပါတယ်။ ဘိုင်ဒန်က ယူကရိန်းဖက်က ကာကွယ်ပေးမယ်ပြောနေပေမယ့် တကယ်တမ်းမှာ သံအမတ်ခန့်ဖို့ အမည်တင်သွင်းတာတောင် မလုပ်ရသေးပါဘူး။

ဘလင်ကန်က ရုရှားနိုင်ငံခြားရေးဝန်ကို ပိုမိုပြင်းထန်တဲ့ သတိပေးချက်တွေပေးလိုက်ပေမယ့် ဘိုင်ဒန်ဘာပြောသလဲဆိုတာကို တကမ္ဘာလုံးက မြင်သွားပြီဖြစ်လို့ ဘိုင်ဒန့်ကို ဘယ်လောက် ယုံကြည်ရသလဲဆိုတာနဲ့ပဲ ဆုံးဖြတ်ကြလိမ့်မယ်လို့ နိုင်ငံခြားရေးဝန်ကြီးဟောင်း ပွန်ပေယိုက ဆိုပါတယ်။ အခုအချိန်မှာ ကျူးကျော်မှုတွေကို ဟန့်တားဖို့ တနှစ်လောက် နောက်ကျနေပြီဖြစ်ပေမယ့် လုပ်နိုင်တာတွေတော့ ရှိသေးကြောင်း၊ စစ်လက်နက်တပ်ဆင်ပေးတာအပြင် အမေရိကန်ရဲ့ အားကောင်းတဲ့ ငွေကြေးအရ သံတမန်ရေးအရ သာလွန်မှုတွေနဲ့ လုပ်လို့ရနိုင်ကြောင်း၊ ဒါပေမယ့် အဲဒါတွေကလည်း ဘိုင်ဒန်အစိုးရအပေါ် ဘယ်လောက် အယုံအကြည်ရှိကြသလဲဆိုတာပေါ်မှာပဲ မူတည်နေကြောင်းလည်း ပွန်ပေယိုက ပြောကြားသွားပါတယ်။

ဘလင်ကန်နဲ့ ရုရှားနိုင်ငံခြားရေးဝန်ဆွေးနွေးစဥ်မှာ ဟိုဖက်က နေတိုးကို အဖွဲ့ဝင်သစ်တွေ ဝင်ခွင့်မပေးပါဘူးဆိုတာကို စာနဲ့ရေးပေးဖို့ တောင်းဆိုတဲ့အတိုင်း အမေရိကန်ဖက်က ပေးလိုက်မယ်ဆိုရင် နောက်ကျင်းပမယ့် ဆွေးနွေးပွဲတွေမှာလည်း တဆင့်ထက် တဆင့် တိုးတောင်းလာတော့မယ့် သဘောရှိပါတယ်။ ပွန်ပေယိုကတော့ ဘာကိုပဲ သဘောတူတူ အလျော့ပေးပေး ရုရှားက သူလုပ်လို့ရမယ်ထင်ရင် လုပ်မှာပဲဖြစ်လို့ သိပ်တော့ မထူးဘူးလို့ ဆိုပါတယ်။ ပန်တဂွန်ကတော့ တပ်အင်အား ၈၅၀၀ကို တပ်လှန့်ပြီး အဆင်သင့်ပြင်ထားတယ်လို့ ကြေငြာထားပါတယ်။

တကယ်လို့ အမေရိကန်ဘက်က ရုရှားတောင်းဆိုတဲ့အတိုင်း အလျော့ပေးလိုက်ရင် ရုရှားခြေလှမ်းကြည့်ပြီး အဲဒီလမ်းစဥ်လိုက်မယ့် ကမ္ဘာ့ငပွကြီးများကလည်း ဖိနင်းတော့မှာပါ။ အဲဒီလိုဖြစ်လာရင်တော့ ကမ္ဘာ့ငပွကြီးများနဲ့ အကျင့်ပျက်နိုင်ငံရေးသမားတချို့ပဲ အကျိုးရှိမှာြဖစ်ပြီး ဒုက္ခရောက်မယ့်လူ/နိုင်ငံက အများစုဖြစ်ပါလိမ့်မယ်။   

ဘိုင်ဒန်တက်လာပြီးနောက်ပိုင်း ပြည်တွင်းက ရေနံပိုက်လိုင်းဆောက်တာတွေကို ပိတ်ပင်ပစ်ခဲ့ပေမယ့် ထရမ့်လက်ထက်မှာ ဆောက်ခွင့်မပြုခဲ့တဲ့ ရုရှားဓါတ်ငွေ့ပိုက်လိုင်းတွေကို ဥရောပမှာ ဆက်ဆောက်ဖို့ ဘိုင်ဒန်က ပြန်ခွင့်ပြုခဲ့တာရယ်၊ ထရမ့်လက်ထက်မှာ နေတိုးနိုင်ငံတွေကို စစ်စရိတ် အချိုးကျ ထည့်ဝင်စေဖို့နဲ့ ရုရှားဆီက စွမ်းအင်မဝယ်ဖို့ တင်းတင်းကြပ်ကြပ် ကိုင်တွယ်ခဲ့ပေမယ့် ဘိုင်ဒန်ရဲ့ ပျော့ညံ့တဲ့ ခေါင်းဆောင်မှုအောက်မှာ နေတိုးကလည်း ထရမ့်မတိုင်ခင်ကလိုပဲ ထည့်ဝင်စရာရှိတာတွေ မထည့်ဝင်ပဲ မှေးလိုက်နေပြီး ရုရှားဆီက စွမ်းအင်ပြန်ဝယ်ကုန်ကြပါတယ်။

ဒီကြားထဲ အခုလိုကိစ္စဖြစ်လိုက်တော့ နေတိုးနဲ့ ဥရောပသမ္မဂ္ဂကြား ရန်တိုက်ပေးသလို ဖြစ်နေတာပါ။ ဖြစ်ချင်တော့ ဘိုင်ဒန်က ထရမ့်လက်ထက် အမေရိကန်မှာ ပြည်တွင်းစွမ်းအင်ဖူလုံနေတာကို ရပ်/ဖျက်ပစ်ခဲ့တော့ စွမ်းအင်လိုသမျှက နိုင်ငံခြားကို မှီနေရတာပါ။ အဲဒါကလည်း ကမ္ဘာ့စွမ်းအင်ဈေးတွေ တက်ရတဲ့ အဓိကအကြောင်းရင်းတွေထဲက တခုဖြစ်ပါတယ်။ အခုလည်း ဥရောပမှာ စွမ်းအင်ဈေးတွေ ခေါင်ခိုက်နေတော့ ရုရှားနဲ့ ပြဿနာတက်လို့ ရရှားဆီက မဝယ်ရရင်ပဲဖြစ်ဖြစ် ရုရှားက ဈေးတင်ရင်ဖြစ်ဖြစ် ဒီထက်ပိုဈေးတက်ကုန်မှာကို ဥရောပပြည်သူတွေက ကြောက်နေကြတာပါ။

ထရမ့်လက်ထက်မှာ ပူတင်က တခြားနိုင်ငံတွေကို ကျူးကျော်ဖို့ဝေးလို့ သူတို့ကို fresh start လုပ်ခွင့်ပေးဖို့ကိုတောင် တောင်းဆိုခဲ့ရတဲ့အထိပါပဲ။ အကွက်မြင်ပြီး ကြိုတင်စီမံတတ်တဲ့ ပြတ်သားခိုင်မာတဲ့ခေါင်းဆောင်မှုကို ပေးနိုင်သူမှသာ ရန်သူက လေးစားပြီး စစ်ပွဲတွေကို ရှောင်ရှားနိုင်ပါတယ်။ ပျော့ညံ့တဲ့ ခေါင်းဆောင်မှုကမှသာ စစ်ပွဲတွေကို ဖိတ်ခေါ်တာပါ။

ယူကရိန်းနိုင်ငံဖွား အမေရိကန်အောက်လွှတ်တော်အမတ် Victoria Spartz ကတော့ ရုရှားကျူးကျော်မှုက ယူကရိန်းတင်မက ဥရောပရဲ့ တည်ငြိမ်မှုကိုပါ ခြိမ်းခြောက်နေကြောင်း၊ တကယ်တမ်းမှာ ယူကရိန်းနိုင်ငံကို ရုရှားက မလိုအပ်တော့ ယူကရိန်းကို ကျူးကျော်မယ်ဆိုတာ အမေရိကန်ကို စိန်ခေါ်တာပဲဖြစ်ကြောင်း၊ သူမအမြင်မှာတော့ အဲဒီစိန်ခေါ်မှုကို အမေရိကန်တို့ တုန့်ပြန်တဲ့ပုံက ပျော့ညံ့နေကြောင်း၊ အဲဒီထက်ပိုတင်းတင်းမာမာ ကိုင်တွယ်သင့်ကြောင်း၊ ဒါပေမယ့် ဂျာမဏီကလည်း နေတိုးမှာ ဝတ်ကျေတန်းကျေလောက် ပါနေပြီး ဥရောပကလည်း သူတို့စွမ်းအင်အတွက် ရုရှားကို မှီခိုနေရအောင် လုပ်ထားသလို ဖြစ်နေကြောင်း၊ ခေါင်းဆောင်မှုအားနည်းတာက ပြဿနာတွေအများကြီးကို ဖိတ်ခေါ်နေတာဖြစ်လို့ ခေါင်းဆောင်မှုကောင်းကောင်းနဲ့ လုပ်နိုင်တာတွေ ဖိဖိစီးစီးလုပ်ဖို့လိုကြောင်း ဖောက်စ်နယူးစ်ကို ပြောကြားသွားပါတယ်။

ကယ်လီဖိုးနီးယားမှာ ကျောင်းတက်နေတဲ့ ကလေးတိုင်း ကိုဗစ်ကာကွယ်ဆေးမထိုးမနေရဆိုတဲ့ မန်ဒိတ်ကို ပြဌာန်းဖို့ ပြည်နယ်အမတ်တဦးက အဆိုပြုလိုက်ပါတယ်။ အဲဒီအမတ်က ကလေးဆရာဝန်လည်း ဖြစ်ပါတယ်။ အခုကလေးတွေအတွက် ခွင့်ပြုထားတယ်ဆိုတဲ့ ကာကွယ်ဆေးမပြောနဲ့ လူကြီးအတွက်တောင်မှာ အရေးပေါ်အခြေအနေကြောင့် ခွင့်ပြုထားတာဖြစ်လို့ အကျိုးအပြစ် သေချာမှတ်တမ်းတင်ထားတာမဟုတ်သေးတဲ့အပြင် အက်ဖ်ဒီအေအကြံပေးတွေကို အသိမပေးပဲ ခွင့်ပြုထားတာဖြစ်လို့ ဒီအဆိုက တရားလွန်တယ်လို့ပဲ ပြောရမှာပါ။

အီလီနွိုင်းက ကိုဗစ်ပိုးရှိ/မရှိ စစ်ဆေးတဲ့ စန်တာဖော်ကိုဗစ်ကွန်ထရိုးလ်နဲ့ Doctors Clinical Laboratory, Inc., ကုမ္ပဏီကြီးက ပိုးစစ်ရလာဒ်တွေကို ထုတ်ပြန်ပေးဖို့ ပျက်ကွက်ခဲ့တယ် (သို့) မှားယွင်းထုတ်ပြန်ပေးခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ မင်နီဆိုးတားရှေ့နေချုပ်က တရားစွဲဆိုခဲ့ပါတယ်။ တချို့ကိစ္စတွေမှာ လုံးဝ စစ်မထားတဲ့လူတွေဆီကို အဖြေတွေရောက်နေပြီး sample ယူထားတာတွေကို ရက်အတန်ကြာတဲ့အထိ မစစ်မိတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။​အဲဒီကုမ္ပဏီကြီးက နိုင်ငံအဝှမ်းမှာ စစ်ပေးတဲ့နေရာ ၃၀၀လောက်ရှိလို့ အကြီးဆုံး စစ်ပေးတဲ့ ကုမ္ပဏီကြီးဖြစ်ပါတယ်။ သူတို့ကို ဖက်ဒရယ်အစိုးရက စစ်ဆေးပေးနေပြီး တခြားပြည်နယ်တွေက ရှေ့နေချုပ်တွေကလည်း စစ်ဆေးနေကြတယ်လို့ ဆိုပါတယ်။

Leave a comment