ဒီနေ့ကတော့ ဘိုင်ကြီးနေ့လို့ပဲ ပြောရမယ်ထင်ပါတယ်။ မနေ့ကတနေ့လုံးမှာ ဘိုင်ကြီးက အစည်းအဝေးတခုလားရှိတာကို သတင်းထောက်က ထောက်ပြပြီး သူ့ရဲ့တနေ့တာအစီအစဥ်ကို ပြောလို့ ရမလားမေးခဲ့ပါတယ်။ ပြန်ဝန်ကတော့ ထုံးစံအတိုင်း ဖာပါတယ်၊ လျောက်ပြောပါတယ်။ ဗီဒီယိုတွေထဲမှာတော့ ဘိုင်ကြီးက အမျိုးသမီးအဝတ်ဆိုင်တွေ လျောက်ကြည့်လိုက်၊ ရေခဲမုန့်ဆိုင်လေးမှာစားလိုက်နဲ့ တိုင်းပြည်မှာ/ကမ္ဘာမှာ ဘာမှဖြစ်မနေသလို သာသာယာယာပါပဲ။ ရှောန်ဟန်နတီကတော့ ပြီးခဲ့တဲ့ရက်က ဘိုင်ကြီးသတင်းစာရှင်းလင်းပွဲတုန်းက အထစ်အငေါ့တွေ များလွန်းတဲ့ ဗီဒီယိုကို ပြပြီး ကြည့်လေ သူက သမ္မတတယောက်ရဲ့တာဝန်တွေ မထမ်းဆောင်နိုင်တော့တာ ထင်ရှားတယ်၊ အိမ်ဖြူမှာ ကြိုးကိုင်နေသူတယောက်တော့ ရှိလိမ့်မယ်လို့ ပြောသွားပါတယ်။ ဘယ်သူကြိုးကိုင်တယ်ဆိုတာတော့ အများသိပြီးလည်းဖြစ်၊ ထုတ်ပြောလို့ကောင်းတဲ့ကိစ္စလည်း မဟုတ်တော့ ရှောန်က ပြောတော့ မသွားပါဘူး။ မစ္စတာဘောင်းဝေါင်းကလွဲလို့တခြားသူဖြစ်နိုင်ဖို့ ခက်ပါတယ်။
ထရမ့်လက်ထက်မှာ အမည်မည်းစာရင်းထဲ ထည့်ထားခံရတဲ့ ဟ-ဝ ဖုံး/နည်းပညာကုမ္ပဏီက ဒီမိုကရက်တွေကို အကြီးစားငွေလှူနေတဲ့ အဆက်အသွယ်အင်မတန်ကောင်းတဲ့ ဒီမိုကရက်လော်ဘီ (သို့) ထိပ်တန်းပါဝါပွဲစား တိုနီပိုဒက်စ်တာကို ဒေါ်လာတသန်းပေးပြီး ဘိုင်ကြီးနဲ့ အိမ်ဖြူကို သူတို့အကြောင်း ကောင်းသတင်းများ (ရှိရင်လဲ သာသာထိုးထိုးပေါ့၊ မရှိရင်လည်း ပုံပြောတာပေါ့) နှစ်ကိုယ်ကြား ပါးပေးဖို့ ငှားရမ်းလိုက်ပါတယ်။ ဘိုင်ကြီးကလည်း စလာကတဲက တရုပ်ကိုဆို မဆွတ်ခင်က ညွှတ်ချင်နေတာဆိုတော့ အဲဒီအလုပ်က ခက်ခဲတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း ဝါရှင်တန်ကလူအများစုကပါ ဟဝကို စိတ်ချလက်ချ သုံးလို့ရတယ်လို့ မြင်လာအောင် ပေါက်ရောက်တဲ့ လော်ဘီကို ငှားထားတာဖြစ်ပါတယ်။
အစီရင်ခံစာတွေမှာ ပိုဒက်စ်တာကို ၂၀၂၁ တတိယ ၃လပတ်မှာ ၅သိန်းပေးခဲ့တယ်လို့ တွေ့ရှိပြီး ၂၀၂၁ စတုတ္ထ ၃လပတ်မှာ နောက်ထပ် ၅သိန်း ပေးခဲ့တာပါ။ အဲဒီတသန်းအပါအဝင် ၂၀၂၁ထဲမှာ အဲဒီကုမ္ပဏီက အမေရိကန်အာဏာရတွေကို လော်ဘီလုပ်ဖို့ ၃.၅၉သန်း သုံးစွဲထားတာဖြစ်ပါတယ်။ တခြားဘယ်သူတွေဆီ လော်ထားသေးလဲ သိရရင် အင်မတန်ကောင်းမှာပါ။ အိမ်ဖြူကတော့ ပိုဒက်စ်တာကြောင့် သူတို့ရပ်တည်ချက် မပြောင်းဘူးလို့ ဆိုပါတယ်။ ပိုဒက်စ်တာက ဒီမိုကရက်တွေကြားမှာ အလွန်ပေါက်ရောက်သူဖြစ်ပြီး ၂၀၁၆မှာ ဟေလာရီရှုံးသွားပြီး သူ့ရဲ့ဝင်ငွေလည်း သိသိသာသာ ထိုးကျသွားတယ်လို့ ဆိုပါတယ်။ ၂၀၂၁ မှ ပြန်ပြီး ရေလျှံလာတယ်လို့ ပြောရမှာပါ။
တရုပ်ထောက်လှမ်းရေးနဲ့ တိုက်ရိုက်အဆက်အသွယ်ရှိတဲ့ ငွေရှင်ကြေးရှင်တချို့က ဘိုင်ဒန် ဒုသမ္မတဖြစ်စဥ်မှာ ဟန်းတားနဲ့ လက်ဝါးရိုက်ခဲ့ကြတာမှာ နိုင်ငံ့လုံခြုံရေးဝန်ကြီးနဲ့ နိုင်ငံခြားထောက်လှမ်းရေးအတွက် လူသစ်ရှာဖွေမယ့်အဖွဲ့ရဲ့ ခေါင်းဆောင်တို့နဲ့ ဟန်းတားရင်းနှီးမှုက ခုထိ လတ်လတ်ဆတ်ဆတ် ရှိနေပါသေးတယ်။
ဘေဂျင်းက ဘိုင်ဒန်တို့နဲ့ ငွေကြေးအရ ဆက်ဆံမှုရှိနေတာဟာ အမေရိကန်က ထိပ်သီးတွေဆီ ဝင်ကိုင်ဖို့ အကွက်ပဲလို့ ရှုမြင်ကြကြောင်း Peter Schweizer က ဆိုပါတယ်။ အဲဒါနဲ့ပဲ ဟန်းတားက တရုပ်ဖက်က စီးပွားရေးထိပ်သီးတွေ နိုင်ငံရေးထိပ်သီးတွေနဲ့ ဒီဖက်က သူတို့လိုချင်တာ လုပ်ပေးနိုင်မယ့်သူတို့ကို တွေ့ဆုံပေး၊ ချိတ်ဆက်ပေး၊ အပေးအယူတွေ လုပ်ပေး စသဖြင့် စီစဥ်ပေးရပါတယ်။ အဲဒီလို လုပ်ခြင်းအားဖြင့် လိုချင်တဲ့ အကျိုးစီးပွားနဲ့ အာဏာ အလဲအလှယ် ပြုကြတာဖြစ်ပါတယ်။
မဟာဥက္ကဌ္ဎကြီးလို့ ဟန်းတားတို့က ခေါ်ကြတဲ့ ချီဖန်းက လွတ်မြောက်ရေးတပ်က တပ်သားရဲ့သားဖြစ်ပေမယ့် ယောက္မမက တရုပ်ပြည်သူ့ဘဏ်ရဲ့ ဥက္ကဌဖြစ်ပါတယ်။ သူတို့နဲ့ တူတူ တွဲလုပ်တဲ့ စီးပွားဖက်က မားကျန်ဆိုတဲ့ နိုင်ငံတော်လုံခြုံရေး ဒုဝန်ကြီးဖြစ်ပါတယ်။ အဲဒီနေရာက မြောက်အမေရိကက နိုင်ငံခြားသားတွေကို တန်ပြန်ထောက်လှမ်းရေးလုပ်တဲ့လုပ်ငန်းတွေကို ကြီးကြပ်ရတာဖြစ်ပါတယ်။
တရုပ်ထောက်လှမ်းရေးက ထိပ်ပိုင်းအဆင့်တွေနဲ့ အနီးကပ်ဆက်ဆံမှုရှိနေတဲ့ လုပ်ငန်းရှင်တယောက်နဲ့ အမေရိကန်ဒုသမ္မတရဲ့သား ငွေကြေးအပေးအယူတွေ လုပ်နေတာက တိုင်းပြည်အတွက် ဘယ်လောက် အန္တရာယ်ကြီးမယ်ဆိုတာ အထူးပြောစရာ လိုမယ်မထင်ပါဘူးလို့ Red-Handed ဆိုတဲ့ ဘိုင်ဒန်-တရုပ် လာဘ်စားမှုအကြောင်း စာအုပ်ကိုရေးတဲ့ Peter Schweizer က ဆိုပါတယ်။ ပိုအံ့ဩစရာကောင်းတာက အဲဒီကိစ္စက ဝါရှင်တန်ကလူတွေကို နဲနဲလေးတောင် ထိတ်လန့်တာ မဖြစ်စေခဲ့လို့ပါပဲ။
အပေါ်မှာပြောခဲ့တဲ့ မဟာဥက္ကဌကြီးက တရုပ်ရဲ့ ငွေကြေးအင်အားနဲ့ အနောက်ကမ္ဘာက အမြင့်ဆုံးအာဏာကိုင်ထားသူတွေကို ဝင်ထွက်ဖို့ တာဝန်ပေးခံရတဲ့သူပါ။ အဲဒီလူနဲ့ ဟန်းတားပေါင်းလုပ်ကြတဲ့ Bohai Harvest RST (BHR) ကို တရုပ်အစိုးရနောက်ခံပြုထားတဲ့ ငွေကြေးကုမ္ပဏီအကြီးဆုံးကြီးက ငွေထည့်ဝင်ပေးတဲ့အထိ ဖြစ်လာပါတယ်။
မဟာဥက္ကဌကြီးကတဆင့် ဘိုင်ဒန်တို့နဲ့ မိတ်ဆက်ပေးထားတဲ့ နောက်တဦးကတော့ Harvest Fund Management ကို တည်ထောင်သူ ဟင်နရီစောင်ဖြစ်ပါတယ်။ ဟင်နရီကအဲဒီအဖွဲ့ရဲ့ ဥက္ကဌဖြစ်သလို အဖွဲ့ရဲ့ ကွန်မြူနစ်ပါတီအထွေထွေ အတွင်းရေးမှူးလဲဖြစ်ပါတယ်။ စောင်မှာ Harvest Global Investments ဆိုတဲ့ ကျားလိပင်းနဲ့ ပူးတွဲတည်ထောင်ထားတဲ့ နောက်ကုမ္ပဏီတခု ရှိပါသေးတယ်။ ကျားလိပင်းရဲ့ ဖခင်က ထောက်လှမ်းရေး၊ လှို့ဝှက်အေးဂျင့်၊ သူလျို၊ ပြည်တွင်းပြည်ပ ထောက်လှမ်းရေး စတာတွေအပေါ် ကြီးကြပ်ရတဲ့ နိုင်ငံတော်လုံခြုံရေးဝန်ကြီးဟောင်းဖြစ်ပြီး ယောက္ခမက အဲဒီအချိန်က ပေါလစ်ဗျူရိုအဖွဲ့ဝင်တဦးဖြစ်ပါတယ်။ ဟာဗက်စ်ဂလိုဘယ်က ဟန်းတားရဲ့ နောက်ကုမ္ပဏီတခုဖြစ်တဲ့ Burnham ကို ဒေါ်လာ ၅သန်း လွှဲပေးထားခဲ့ပါတယ်။
Schweizer က ဟန်းတားနဲ့ အလုပ်တွဲလုပ်တဲ့လူတွေထက် မြင့်တဲ့ တရုပ်ထောက်လှမ်းရေး တယောက်မှ မရှိတော့ဘူး၊ တရုပ်ထောက်လှမ်းရေးက အမြင့်ဆုံးအဆင့်တွေနဲ့ ပတ်သက်နေတဲ့ ငွေရှင်နှစ်ဦးနဲ့ ဟန်းတားပေါင်းပြီး ဘီလီယံဒေါ်လာတန်တဲ့ BHR ကို တည်ထောင်ခဲ့တာ လျို့ဝှက်အင်ပါယာကြီးတွေ တည်ထောင်ဖို့ဆိုတာ တဖြည်းဖြည်း ရုပ်လုံးပေါ်လာပါပြီလို့ ဆိုပါတယ်။ နောက်တရုပ်ဖက်က တဦးဖြစ်တဲ့ မိုက်ကယ်လင်းရဲ့အဆိုအရ ဟန်းတားရဲ့ အခန်းကဏ္ဍက တော်တော်ရိုးစင်းပါတယ်၊ သူက အရမ်းကြော်ကြားတဲ့ ဒီ ဘိုဟိုင်ပရောဖက်ရှင်နယ်အဖွဲ့အတွက် အနောက်ကမ္ဘာက တံခါးတွေကို တတ်နိုင်သလောက် လိုက်ဖွင့်ပေးဖို့ပဲလို့ ဆိုပါတယ်။
နောက်ပိုင်းမှာတော့ မဟာဥက္ကဌကြီးရော မားကျန်ရောက ငွေဖြူလျော်ဖွတ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အဖမ်းခံလိုက်ရပြီး စောင်တဦးပဲ ကျန်ခဲ့ပါတယ်။ ဒါပေမဲ့ ဟန်းတားက မိတ်ဆက်ပေးထားတာတွေကတော့ ဆက်ကျန်နေပါသေးတယ်။ ဟန်းတားပါဝင်တဲ့ BHR က အမေရိကန်နဲ့ တရုပ်မှာရှိတဲ့ စစ်ရေးအပါအဝင် အရေးပါဗျူဟာကျတဲ့ ကုမ္ပဏီလေးတွေကို လိုက်ဝယ်ပါတယ်။ အဲဒီထဲမှာ China Genera; Nuclear Power Corporation (CGN) လည်းပါပြီး ဟန်းတားရဲ့ BHR က အဓိက ရင်းနှီးမြှုပ်နှံသူဖြစ်ပါတယ်။ FBI က နောက်ဆုံးမှာ CGN ကို အနောက်ကမ္ဘာက နျူနည်းပညာတွေ လိုက်ခိုးနေတဲ့သူတွေဆိုတာ ဖော်ထုတ်လိုက်ပြီး အိုဘားမားလက်ထက်က တရားရေးက CGN အင်ဂျင်နီယာတဦးကို ပြစ်ဒဏ်ချခဲ့ပါတယ်။
BHRက Henniges Automotive လို့ခေါ်တဲ့ စစ်သုံးနဲ့ အရပ်သုံး တုန်ခါမှု ပပျောက်အောင်လုပ်ပေးတဲ့ အမေရိကန်နည်းပညာကုမ္ပဏီကိုလည်း ဝယ်ယူခဲ့ပါသေးတယ်။ အဲဒီမှာ တရုပ်က Aviation Industry Corporation of China နဲ့ ဖက်စပ်လုပ်ကိုင်စေတာဖြစ်ပါတယ်။ အဲဒီတရုပ်ကော်ပိုရေးရှင်းက တရုပ်ရဲ့ အကြီးဆုံးစစ်ဖက်ကန်ထရိုက်ကုမ္ပဏီဖြစ်ပြီး အမေရိကန်က ကာကွယ်ရေးနည်းပညာတွေကို ခိုးယူနေတဲ့ အဓိကတရားခံ ဖြစ်နိုင်ပါတယ်။ ဟန်းတားက ဟာဗက်စ်က ၅သန်းအပြင် တရုပ်ထောက်လှမ်းရေးရဲ့ အမြင့်ဆုံးလူတွေနဲ့ ပတ်သက်နေတဲ့ တရုပ်စီးပွားရေးသမားတွေဆီက ဒေါ်လာ ၂၅သန်းလောက် ရထားပါသေးတယ်လို့ Schweizer က သူ့စာအုပ်ထဲမှာ ရေးသားထားပါတယ်။
ဟန်းတားရဲ့ လက်ပ်တော့ပ်ထဲမှာ တွေ့ရတဲ့ သူ့သမီးနာယိုမီဆီရေးတဲ့ စာထဲမှာ “ဒီတမိသားစုလုံးကို ငါအနှစ် ၃၀ ရှာကျွေးလာခဲ့တာ၊ သမီးတို့ငါလုပ်သလိုလုပ်နိုင်ဖို့ မျှော်လင့်တယ်၊ အဲဒါက တကယ်မလွယ်ပါဘူး၊ ဒါပေမဲ့ စိတ်မပူပါနဲ့၊ ငါက ငါ့အဖေလို သမီးရသမျှရဲ့ တဝက်မတောင်းပါဘူး”လို့ တွေ့ရကြောင်း Breibart မှာ ရေးသားထားပါတယ်။