ဖေဖေါ်ဝါရီ ၂ ရက် ၂၀၂၂

ကျမ ဇန်နဝါရီ ၂၇ရက်နေ့က တင်ခဲ့တဲ့ ဗီဒီယိုထဲမှာ Rite-Aide ဆိုင်ထဲကနေ အထုပ်၂ထုပ်အပြည့်ခိုးပြီး လုံခြုံရေးအစောင့်ရှေ့က ခပ်တည်တည်ထွက်သွားခဲ့တဲ့ဗီဒီယိုကို ၂၅ရက်နေ့မှာ ရိုက်ကူးခဲ့တာဖြစ်ပြီး အဲဒီလိုရိုက်ခဲ့တဲ့သူက ဒီကနေ့ ထပ်မံသွားရောက်ရာမှာတော့ အဲဒီဆိုင်ထဲမှာ ရှိသမျှ လာခိုးသွားကြတော့ ဘာမှမကျန်သလောက်ဖြစ်နေပြီဖြစ်ပြီး ဆိုင်ကိုလည်း ၁၅ရက်နေ့မှာ ပိတ်တော့မယ်လို့ ကြေငြာထားပါတယ်။ ရပ်ကွက်ထဲကဆိုင်လေးတွေ ပိတ်လဲ အွန်လိုင်းက ဝယ်တာပေါ့တို့၊ ဖွင့်တဲ့ဆိုင်က ဝယ်တာပေါ့လို့ ကိုယ်တင်ထားတဲ့အစိုးရကို စိတ်မပျက်နိုင်ပဲ စိတ်ဖြေရာရှာနေသူများကို ဂယက်က အဲဒီမှာတင် မပြတ်ပါဘူးလို့ ပြောချင်ပါတယ်။​

လောလောဆယ်စဥ်းစားမိသလောက် ဂယက်လေးတွေကတော့   

၁။ ဆိုင်လေးတွေ ပိတ်ကုန်လို့ ခိုးတာနဲ့ အသားကျနေသူတွေက လွယ်လွယ်ခိုးစရာမရှိတော့ရင် ရှိတဲ့လူတွေ အိမ်တွေကနေ ခိုး/လုပါလိမ့်မယ်။

၂။ တခြားဖွင့်တဲ့ဆိုင်တွေကလည်း အခိုးခံရတဲ့ဟာတွေ၊ နောက်အခိုးမခံရအောင် စီမံရတာတွေကို စားရိတ်ထဲပေါင်းထည့်ရင် အဲဒါတွေက ဘယ်သူ့အိတ်ကပ်ထဲက လာမယ်ထင်လဲ။ မသိရင် မှန်ကြည့်။

၃။ အွန်လိုင်းက ဝယ်မယ်ဆိုရင်လည်း အိမ်ကိူလာပို့တဲ့ ပုံးတွေကို ခိုးကြဦးမှာပါပဲ။

၄။ ဆိုင်လေးတွေပြုတ်ပြီး အမေဇုံတို့လို အွန်လိုင်းဆိုင်တွေ တားဂက်တို့ ဝေါလ်မတ်တို့လောက်ပဲ ကြံ့ကြံ့ခံနိုင်မယ်ဆိုရင် မိုနိုပိုလီလိုဖြစ်ပြီး သူတို့ပြုသမျှ နုရတော့မှာပါ။ အမေဇုံတောင် အရင်က ဆားဗစ်စ်နဲ့ အခုဆားဗစ်စ်ဘယ်လောက်ကွာသွားပြီလဲ။

၅။ ကိုယ်က အဲဒီလိုနေရာမျိုးမှာ အခြေကျနေလို့ မပြောင်းနိုင်ရင် ရာဇဝတ်မှုတွေကြောင့် တိုးလာတဲ့ စားရိတ်တွေကို သွယ်ဝိုက်တဲ့နည်းနဲ့ ပေးနေရမယ့်အပြင် ကိုယ့်အိမ်ကို လာမခိုးအောင်လည်း လုံခြုံရေးအစီအမံတွေ လုပ်ရပါဦးမယ်။ အဲဒါလည်း ကုန်ပေါက်ကြီးတခုပါပဲ။

၆။ ကားအာမခံတို့ဘာတို့ကလည်း ပတ်ဝန်းကျင်ပေါ်မှာ မူတည်သေးတာဆိုတော့ ရာဇဝတ်မှုများရင် များသလောက် ပရီမီယံက တက်ဦးမှာပါ။

၇။ အပြင်မှာ အလုမခံရအောင်၊ ကားစသည် အဖျက်ဆီးမခံရအောင်လည်း ပတ်ဝန်းကျင်ကို ကျီးကန်းတောင်းမှောက်၊ တွေ့သမျှလူကို သံသယမျက်လုံးတွေနဲ့ကြည့်ပြီး စိတ်အေးချမ်းသာမှု ပျောက်ဆုံးသွားတဲ့ အခြေအနေနဲ့ နေသွားရတော့မှာပါ။

အမေရိကန်ကမ်းခြေကနေ မိုင် ၉၀ပဲဝေးတဲ့ ဟွန်ဒူးရပ်စ်နိုင်ငံက အလယ်ပိုင်းအမေရိကတိုက်မှာ အတော်အသင့်ကြီးတဲ့နိုင်ငံတခုဖြစ်ပြီး တိုင်ဝမ်ကို အသိအမှတ်ပြုတဲ့ နိုင်ငံ ၁၃နိုင်ငံထဲက တနိုင်ငံဖြစ်ပါတယ်။ အခုတော့ တရုပ်လိုလားတဲ့ခေါင်းဆောင်တက်လာပြီးနောက် တရုပ်စီစီပီက ဟွန်ဒူးရပ်စ်ကို အချိုသတ်ပေါင်းနေပါပြီ။ ရဲတွေ တရုပ်ပြည်ကို စေလွှတ်သင်တန်းတက်ဖို့ စကောလာရှစ်တွေ ပေးမယ့်အပြင် တရုပ်ရဲတွေကိုပါ ခေါ်လာပြီး ဟွန်ဒူးရပ်စ်ရဲတွေကို လေ့ကျင့်ပေးတာတွေ၊​ safe city လို မော်ဒယ်တွေ လုပ်ပေးပြီး အဲဒီမြို့တွေမှာ တမြို့လုံးကို မျက်နှာဖတ်တဲ့ ဆော့ဖ်ဝဲတွေတပ်ဆင်ထားတဲ့ ကင်မရာတွေကို အခမဲ့ ကူညီပေးသွားဖို့ရှိတယ်လို့ သိရပါတယ်။

လက်ရှိဟွန်ဒူးရပ်စ်ခေါင်းဆောင်က အမေရိကန်အနေနဲ့ ဟွန်ဒူးရပ်စ်ကို တရုပ်နဲ့ မပေါင်းစေချင်ရင် သူတို့ကို အကူအညီပိုပေးဖို့ နိုင်ငံရေးကစားနေတာ ဖြစ်နိုင်တယ်လို့လည်း သုံးသပ်တဲ့သူတွေ ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် အမေရိကန်နဲ့ သိပ်နီးကပ်လွန်းတဲ့နေရာက နိုင်ငံတခုကို ကလအုပ်လို ဝင်လာဖို့ ခြေလှမ်းနေတာဆိုတော့ စိုးရိမ်စရာဖြစ်သလို တိုင်ဝမ်အတွက်လည်း ကောင်းတဲ့အနေအထားတော့ မဟုတ်ပါဘူး။ ဘိုင်ဒန်တို့ ဘယ်လို ကိုင်တွယ်မလဲဆိုတာကို စောင့်ကြည့်ရမှာပါ။

ကနေဒါက ဖရီးဒမ်းကွန်ဗွိုင်လို့ခေါ်တဲ့ ကုန်ကားယာဥ်တန်းကို အမေရိကန်က ကုန်ကားသမားတွေကလည်း ပါဝင်ဖို့ စိတ်ဝင်စားနေကြပြီး ဆော်ဩစီစဥ်သူတွေက ဖဘမှာ စာမျက်နှာတခု ထောင်ထားရာမှာ ရက်အနည်းငယ်အတွင်း ဖော်လိုဝါ တသိန်းခွဲနီးပါးဖြစ်လာပြီးနောက် ဖဘက အဲဒီစာမျက်နှာကို ဖျက်ပစ်လိုက်ပါတယ်။ နောက်တမျက်နှာကို ရွှေ့ပြန်တော့ အဖွဲ့ဝင် ၄၀၀၀ လောက်အရောက်မှာ ထပ်မံ ဖျက်ပစ်ပြန်ပါတယ်။ အဲဒီအဖွဲ့က လုပ်ဖြစ်မယ်ဆိုရင် ကယ်လီဖိုးနီးယားကနေ ဒီစီကို ချီတက်မောင်းနှင်ကြမှာဖြစ်ပါတယ်။ အခုတော့ နောက်လူစုလို့ရမယ့် ပလက်ဖောင်ရှာဖွေနေဆဲဖြစ်တယ်လို့ သိရပါတယ်။  

၂၁ရက်နေ့က ပစ်ခတ်မှုမှာ အသက်ဆုံးရှုံးသွားတဲ့ ရဲ ၂ဦးအနက် ဒုတိယတယောက်ဖြစ်တဲ့ အသက် ၂၇နှစ်ရှိ Dec. Wilbert Mora ရဲ့ ဈာပနကို ကနေ့ Jason Rivera ဈာပန ပြုလုပ်ခဲ့တဲ့ဘုရားကျောင်းမှာပဲ ပြုလုပ်ခဲ့ပါတယ်။ Wilbert က ရဲဖြစ်ဖို့ ငယ်ငယ်ထဲက ဆန္ဒရှိခဲ့သူဖြစ်လို့ ရာဇဝတ်တရားရေးနဲ့ ပတ်သက်တဲ့ ဘွဲ့ယူခဲ့ပြီး ရဲတပ်ဖွဲ့အတွင်းမှာ ရည်မှန်းချက် ကြီးကြီးထားခဲ့သူလည်းဖြစ်ပါတယ်။ သူ့ကို အကြီးစား ခွဲစိတ်မှုနှစ်ကြိမ်လုပ်ပြီး အသက်ကယ်ဖို့ ကြိုးစားခဲ့ပေမယ့် သတိလည်မလာခဲ့ပဲ ၄ရက်အကြာမှာ ဆုံးပါးသွားတာ ဖြစ်ပါတယ်။

သူ့ရဲ့ ဈာပနကို ဂါဗာနာ၊ မြို့ဝန်၊ နယူးယောက်ရှေ့နေချုပ် တို့အပြင် မြို့ဝန်ဟောင်း ရူဒီဂျူလီယာနီတို့ သားအဖအပါအဝင် ရဲအင်အား လူအင်အား ထောင်ချီ တက်ရောက်ခဲ့ကြပါတယ်။ ရဲတွေမကြိုက်တဲ့ ရာဇဝတ်သားတွေအပေါ် ပျော့ပြောင်းလွန်းတဲ့ DA တော့ တက်ရောက်တယ်လို့ မကြားမိပါဘူး။ အခမ်းအနားမှာ သေဆုံးသူရဲ့အမက “သူတို့ရဲ့ အိပ်မက်တွေကို ရာဇဝတ်မှုတွေက မြေမြှုပ်ပစ်လိုက်တယ်၊ အဲဒီလိုပဲ မြေမြှုပ်ခံလိုက်ရနိုင်တဲ့ အိပ်မက်တွေ အများကြီးက သင့်လက်ထဲမှာ ရှိပါတယ်၊ အဲဒီအဖြစ်ဆိုးတွေက တော်လောက်ပါပြီ၊ အဲဒီလိုမဖြစ်အောင် စလုပ်ကြပါတော့” လို့ တက်ရောက်လာသူများကို ဝမ်းပန်းတနဲ တိုက်တွန်းသွားခဲ့ပါတယ်။

အသက် ၅၃နှစ်ရှိ ပလိုစီရဲ့ သားကြီးပေါလ်က ၂၀၁၇တုန်းက ဆန်ဖရန်မှာ သူ့ချစ်သူဟောင်းရဲ့ ညစ်ပတ်ယိုယွင်း နေတဲ့ဟိုတယ်လ်အပေါ်မှာ ကျရောက်နေတဲ့ အဆောက်အဦပါမစ်ဖောက်ဖျက်မှု တွေကို မလျော်အာဏာသုံး ဖယ်ရှားဖို့ ကြိုးစားခဲ့တဲ့ မှတ်တမ်းတွေ ထွက်ပေါ်လာပါတယ်။ အဲဒီအိမ်အတွက် ပေါလ်က အိမ်ရှင်နေရာမှာ လက်မှတ်ထိုးပြီး လျောက်ပေးခဲ့တဲ့ ပါမစ်အမျိုးအစားက အဆောက်အဦစစ်ဆေးသူ ဘာနီကာရန်နဲ့ ပါမစ်မြန်မြန်ကျအောင် လုပ်ပေးသူ ရိုဒရီဂိုဆန်းတို့စ်တို့ကို စွဲဆိုထားတဲ့ အမျိုးအစားပဲ ဖြစ်နေတာပါ။​

အစိုးရရှေ့နေတွေက ဆန်တို့စ်ဟာ သူ့ကလိုင်းယန့်တွေကို ပါမစ်တွေ ချပေးဖို့အတွက် သူနဲ့ တွဲလုပ်တဲ့ အဆောက်အဦစစ်ဆေးသူ ကာရန့်စိတ်ကြိုက် non-profit အဖွဲကို ဒေါ်လာထောင်ချီလှူဖို့ စီစဥ်ပေးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနှစ်ယောက်လုံးကတော့ သူတို့ မဟုတ်တာ မလုပ်ထားကြောင်း ငြင်းဆိုထားပါတယ်။ ပေါလ်ရဲ့ အဖွဲ့သားတွေရော အိမ်ပိုင်ရှင်ဟောင်းဖြစ်တဲ့ ပေါလ်ရဲ့ ချစ်သူဟောင်း၊ သူမရဲ့ ရှေ့နေ၊ အဲဒီဟိုတယ်လ်ရောင်းတုန်းက အတိုင်ပင်ခံတို့ကိုပါ ဆင့်ခေါ်ထားပြီး ပေါလ်ရဲ့ ပါဝင်ပတ်သက်မှုကို အက်ဖ်ဘီအိုင်က မေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။ ပေါလ်ကတော့ သူ့အနေနဲ့ အဆိုပါအဆောက်အဦနဲ့ ပတ်သက်တဲ့ ဆင့်ခေါ်စာများကို ဖယ်ရှားပေးဖို့ လုပ်ခဲ့ကြောင်း ဝန်ခံထားပါတယ်။

CNN ရဲ့ ဥက္ကဌ Jeff Zucker က သူ့အလုပ်ထဲမှာ သူခန့်ထားတဲ့ အမျိုးသမီးတယောက်နဲ့ နှစ်ဦးသဘောတူ တွဲနေကြတာကို လုပ်ငန်းလိုအပ်ချက်အတိုင်း မကြေငြာခဲ့တဲ့အတွက် ရာထူးက နှုတ်ထွက် သွားခဲ့ပါတယ်။ သူ့ရဲ့ ဇတ်လမ်းက ခရစ်ကိုမိုကို ကိစ္စဖြစ်ပြီးနောက်ပိုင်းမှ ပေါ်သွားတာဖြစ်တဲ့အပြင် ခရစ်စ်ကလည်း မထွက်ခင်က ကျုံးဝါးသွားတာလည်းရှိတော့ ကွင်းဆက်တွေလည်း ဖြစ်နိုင်တာပါပဲ။

မေဂန်ကယ်လီကလည်း အခုလောလောဆယ် ငါပြောလို့မရသေးပေမယ့် CNN အတွင်းက ပြဿနာတွေက ဒီမှာတင် မပြီးဘူး၊ အများကြီး လာဦးမှာ၊ ငါပြောတာမှတ်ထားလို့ ပြောသွားတာလည်း ရှိပါတယ်။ လွတ်လပ်တဲ့လူကြီးနှစ်ဦးရဲ့ အချစ်ကိစ္စက နှုတ်ထွက်ရလောက်အောင်အထိ ဖြစ်စရာ လိုပါ့မလားလို့ မေးတဲ့သူက မေးကြပေမယ့် သူတို့နှစ်ဦးကတော့ ထင်ထင်ပေါ်ပေါ် တွဲနေခဲ့ပေမယ့် မေးလာတိုင်း ငြင်းဆန် ဘူးကွယ်နေခဲ့ကြတာ နှစ်ချီနေပါပြီ။ အဲဒီကနေ ဘာကြောင့် နှုတ်ထွက်တဲ့အထိ ဖြစ်သွားတယ်ဆိုတာကတော့ ဆက်စောင့်ကြည့်ရဦးမယ်ထင်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: