မနေ့ကထုတ်လွှင့်တဲ့ Epoch TV က Kash’s Corner အစီအစဥ်မှာ တင်ဆက်သူ Kash Patel က သမ္မတထရမ့်ကို အင်တာဗျူးထားပါတယ်။ ထရမ့်က သူအိမ်ဖြူပြန်ရောက်လာရင် အရင်ဆုံးလုပ်မယ့် အလုပ်က နယ်ခြားတံတိုင်းဆောက်တာကို ဆက်လုပ်ဖို့ပါလို့ ပြောသွားပါတယ်။ နယ်ခြားတံတိုင်းက ပြည်တွင်းလုံခြုံရေးအတွက်တင်မဟုတ်ပဲ ခိုင်မာတဲ့ အချုပ်အခြာအာဏာကို ပြသတာဖြစ်လို့ ကိုယ့်တိုင်းပြည်ကို ပြိုင်ဖက်တွေက လေးစားလာမှာလည်း ဖြစ်တယ်လို့ ဆိုပါတယ်။ အခုလို နယ်စပ်ကြီး ဖွင့်ထားတော့ သန်းနဲ့ချီတဲ့သူတွေက ပြည်တွင်းကို အတားအဆီးမရှိ ဝင်နေပြီး နယ်ခြားစောင့်တပ်တွေ ဟာလည်း ဘိုင်ဒန်တို့အမိန့်နဲ့ ဘာမှလှုပ်မရတာကို ကြည့်နေတဲ့ တရုတ်၊ ရုရှား၊ မ/ကိုရီးယားနဲ့ အီရန်က ခေါင်းဆောင်တွေက တိုင်းပြည်ကို လေးစားမှု ရှိမှာ မဟုတ်ပါဘူး။
အခုပူတင် ယူကရိန်းကို ဝင်ဖို့လုပ်နေတာလည်း အမေရိကန်ကို လေးစားမှုမရှိတာက အဓိက ပြဿနာဖြစ်နေတာပါ။ Kaxh Patel က ထရမ့်လက်ထက်က အိုင်အက်စ်ကို အပြုတ်ဖြုတ်ချင်တဲ့ သမ္မတထရမ့်ရဲ့အမြင်ကို တာဝန်ယူအကောင်အထည်ဖော်ပေးခဲ့တဲ့သူပါ။ သူတို့ရဲ့ ဦးဆောင်မှုနဲ့ အီရတ်နဲ့ ဆီးရီးယားမှာ အိုင်အက်စ်ကို ၁၀၀% အပြုတ်ဖြုတ်နိုင်ခဲ့ပါတယ်။ အိုင်အက်စ်ခေါင်းဆောင် အယ်လ်ဘဂ်ဒါ့ဒီကို ရှာနေတာ ၁၆နှစ်ရှိပြီဖြစ်ပြီး အခုမှ တကယ်ဖြုတ်မယ့်ခေါင်းဆောင်လက်ထက်ကျမှ မိအောင်ဖမ်းပြီး ရှင်းခဲ့တာဖြစ်ပါတယ်။ တပ်ထဲမှာလည်း တိုက်ရည်ခိုက်ရည်ရှိတဲ့ ဗိုလ်ချုပ်တွေ အများကြီးရှိပြီး အဲဒီထဲမှာ ဘိုင်ဒန်တို့ ခန့်ထားတဲ့ ဝုခ်ဗိုလ်ချုပ်ကြီးတွေ မပါဘူးလို့ ဆိုပါတယ်။
အီရန်နဲ့ ပတ်သက်ပြီးတော့လည်း ဘိုင်ဒန်တို့က စထဲက ပေးကမ်းပြီးမှ ဆွေးနွေးတာလာတာက ဘယ်တော့မှ အောင်မြင်မှာ မဟုတ်ဘူးလို့ ထရမ့်က ပြောသွားပါတယ်။ စပြီး ပေးပြီဆိုတာနဲ့ ဟိုဖက်က တိုးသထက် တိုးရအောင် တင်းခံနေတော့မှာ၊ ပေးလို့မဆုံးတော့ပဲ ဘယ်တော့မှ ကိုယ်လိုချင်တာကို သဘောတူလာမှာ မဟုတ်ပါဘူး၊။ အီရန်တင်မဟုတ်ပဲ အဲဒီလို ပေးမှန်းသိရင် ဘယ်သူနဲ့မှ ထိထိရောက်ရောက် ဆွေးနွေးညှိနှိုင်းလို့ ရမှာမဟုတ်တဲ့အပြင် ဓါးစာခံတွေလုပ်လာနိုင်တဲ့အတွက် သူ့လက်ထက်က ဘယ်သူ့ကိုမှ ဘာမှမပေးပဲ ကိုယ်လိုချင်တာကို ရအောင် ညှိနှိုင်းခဲ့တာ အောင်မြင်ခဲ့တယ်လို့ ဖြေကြားသွားပါတယ်။
လက်ရှိဖြစ်နေတဲ့ ပြဿနာတွေအားလုံးကို ဖြေရှင်းဖို့ အဓိကကတော့ ခေါင်းဆောင်မယ့်သူပါပဲလို့ ထရမ့်က ဖြေပါတယ်။ Kash က သမ္မတထရမ့်လက်အောက်မှာ ကမ္ဘာအရပ်ရပ်က အမေရိကန်ဓါးစာခံ ၅၄ဦးကို ပြန်ကယ်ပေးနိုင်ခဲ့တဲ့အတွက် အရင်သမ္မတတွေအားလုံးပေါင်းက ကယ်ခဲ့တာထက် များကြောင်း၊ သူ့အနေနဲ့ Counter-terrorism ကို ဦးဆောင်ခွင့်ပေးပြီး အတူတူ အလုပ်လုပ်ခဲ့ရတာကို လွန်စွာမှ ဂုဏ်ယူမိကြောင်းလည်း ပြောကြားသွားပါတယ်။ ထရမ့်က အဲဒီဓါးစာခံတွေအတွက် ဘာတပြားမှ မကုန်ခဲ့ဘူးလို့လည်း ဂုဏ်ယူစွာ ဝင်ထောက်သွားပါတယ်။
နောက်တချက် သိသင့်တာက အယ်ဘဂ်ဒါဒီကို ရှင်းတုန်းက အယ်လ်ဘဂ်ဒါဒီသတ်ခဲ့တဲ့အမေရိကန်ရဲ့ စစ်ဆင်ရေးကို အဲဒီအမေရိကန်ရဲ့ မွေးနေ့အဖြစ် အမှတ်တရ သတ်မှတ်ခဲ့သလို အဲဒီအကြမ်းဖက်ကို ရှင်းပြီးတာနဲ့ အဲဒီလူ သတ်ခဲ့/ဒုက္ခပေးခဲ့တဲ့ မိသားစုတွေကို ဖုံံးခေါ်ပြီး သူတို့ချစ်တဲ့ မိသားစုဝင်တွေအတွက် တရားမျှတမှုကို အရယူပေးခဲ့ပြီဖြစ်ကြောင်း ဖုံးဆက်ပြောကြားခဲ့တာကို မီဒီယာတွေ မသိလိုက်ကြပေမယ့် Kash က အရမ်းကို စိတ်ထိခိုက်လှုပ်ရှားခဲ့ရတဲ့ အဖြစ်တခုအနေနဲ့ ပြန်ပြောင်းပြောကြားခဲ့ပါတယ်။ အဲဒီလူတွေ ဘယ်ပါတီဖြစ်ဖြစ် ဘယ်သူ့ကိုပဲ မဲပေးခဲ့ခဲ့ ထရမ့်ကတော့ အမေရိကန်အားလုံးရဲ့ရှေ့က မားမားရပ်ပေးခဲ့တာပါ။
မက္ကဆီကိုအစိုးရက သူ့ပြည်တွင်းမှာ ကြမ်းတမ်းရာဇဝတ်မှုတွေ တိုးလာတဲ့အတွက် အမေရိကန်မှ သေနတ်ထုတ်လုပ်တဲ့ Smith & Wesson ကို တရားစွဲဆိုလိုက်ပါတယ်။ မက္ကဆီကိုက တရားစွဲထားတာ အဲဒီတကုမ္ပဏီထဲတော့ မဟုတ်ပါဘူး၊ Glock, Century International Arms, Ruger and Colt, စတာတွေလည်း ပါဝင်ပါတယ်။ Smith & Wesson က အမေရိကန်ကုမ္ပဏီကို နိုင်ငံခြားအစိုးရက နိုင်ငံခြားဥပဒေနဲ့ တရားစွဲခွင့် မရှိဘူးလို့ ဆိုပြီး အမှုပိတ်ရအောင် ကြိုးစားခဲ့ပါတယ်။ အဲဒါကို ပြည်တွင်းက ဒီမိုကရက် ၁၃ပြည်နယ်က မက္ကဆီကိုအစိုးရဖက်ကနေ ကူစွဲပေးနေကြတာပါ။
အဲဒီလို နိုင်ငံခြားအစိုးရက ဥပဒေနဲ့အညီ ထုတ်လုပ်ရောင်းဝယ်ဖောက်ကား နေတဲ့ ပြည်တွင်း ကုမ္ပဏီတခုကို တရားစွဲတဲ့အပေါ်မှာ ရာဇဝတ်သားတွေကို ချစ်ပြီး ထိုက်သင့်တဲ့ပြစ်ဒဏ် ပေးဖို့ အသည်းအသန် ကန့်ကွက်ကြပေမယ့် ရဲနဲ့ သေနတ်ကိုသာ လှိမ့်ရမယ်ရှာတတ်ကြတဲ့ ဒီမိုကရက် ၁၃ပြည်နယ်က MA, CA, CT, DE, HI, IL, MD, MI, MN, NJ, NM, NY, OR တို့ဖြစ်ပါတယ်။
တရားရုံးက စာတွေထဲမှာတော့ မက္ကဆီကိုဘက်က ရှေ့နေတွေက ဖော်ပြပါ သေနတ်ထုတ်လုပ်သူတွေဟာ သူတို့နိုင်ငံရဲ့ သွင်းကုန်ဥပဒေတွေကို ဖောက်ဖျက်ခဲ့တယ်လို့ စွပ်စွဲထားပါတယ်။ အဲဒီကုမ္ပဏီတွေကို ထိခိုက်လာရင် အဲဒီကုမ္ပဏီတွေကို မှီပြီး အသက်မွေးနေတဲ့ သိန်းချီတဲ့ ဝန်ထမ်းတွေနဲ့ ပတ်သက်ဆက်စပ်ရာတွေ အကုန်ထိမှာပါ။
ဒီမိုကရက်တွေ နိုင်ငံခြားအစိုးရဖက်ပင်းကြတာ အဆန်းမဟုတ်တော့ပေမယ့် အဲဒီလိုတခါလုပ်လိုက်တိုင်း ပြည်တွင်းမှာ ဒုက္ခပင်လယ်ဝေပြီး နိုင်ငံခြားပြိုင်ဖက်တွေ ရန်သူတွေ အမြတ်ထွက်ုန်ကြတာပါ။ ရေနံနဲ့ ဓါတ်ငွေ့ပိတ်တာကို ကြည့်မလား၊ နယ်စပ်ပြဿနာကို ကြည့်မလား၊ ကပ်ပိုးကိုင်တွယ်တာကို ကြည့်မလား၊ အခုလည်း ပြည်တွင်းလက်နက်စက်ရုံတွေ ဒုက္ခရောက်လို့ ပိတ်သိမ်းသွားပြီဆိုပါတော့၊ ဘယ်က လက်နက်သုံးမလဲ၊ ရုရှားလား၊ တရုပ်လား။ အခုမဖြစ်သေးပေမယ့် သူတို့ထွင်နေတဲ့လမ်းက အဲဒီကို ဦးတည်နေနိုင်တယ်ဆိုတာတော့ စဥ်းစားသင့်ပါတယ်။ မက္ကဆီကိုကို အခုလိုလုပ်ပေးဖို့ ဘယ်သူက မြှောက်ပေးနေလဲ၊ တရားစွဲရတဲ့ နောက်ကွယ်က အကြောင်းရင်းကဘာလဲ၊ ဒီမိုကရက် ၁၃ပြည်နယ်က အစိုးရတွေကိုရော ဘယ်သူက ကြိုးကိုင်နေလို့ ဘယ်သူ့အကျိုးအတွက် လုပ်နေတာလဲ၊ စဥ်းစားကြည့် ရှာဖတ်ကြည့်ကြပါ။
ဆင်ခြေသမားတွေအတွက် ကြိုပြောထားမယ်နော်၊ အမေရိကန်မှာ ရာဇဝတ်မှု အမြင့်ဆုံးပြည်နယ်တွေက သေနတ်ကန့်သတ်မှု အတင်းကျပ်ဆုံး ပြည်နယ်တွေဖြစ်ပြီး အဲဒီပြည်နယ်တွေကို ဒီမိုကရက်တွေ အုပ်ချုပ်တာပါ။ သေနတ်ပိုင်ဆိုင်နှုန်း အမြင့်ဆုံးက ရီပါဘလစ်ကန်ပြည်နယ်တွေဖြစ်ပြီး ရာဇဝတ်မှုလည်း နည်းကြပါတယ်။
လူတွေရဲ့ လိုအပ်ချက်ကို တားမြစ်ထားရင်ပဲဖြစ်ဖြစ် မရှိသင့်တဲ့လိုအပ်ချက်တွေ သတ်မှတ်ထားတာပဲ ဖြစ်ဖြစ် လိုအပ်ချက်ရှိရင် အဲဒီကွက်လပ်ကို ဖြည့်တဲ့သူ ပေါ်လာစမြဲပါ။ အဲဒါကို ဈေးကွက်စီးပွားရေး ပဲခေါ်ခေါ်၊ လောကနိယာမပဲခေါ်ခေါ်၊ လူ့သဘာဝပဲခေါ်ခေါ် သဘောသဘာဝက အတူတူပါပဲ။ လိုအပ်တာတခုခုကို တရားမဝင်လုပ်လိုက်ရင် မှောင်ခိုဈေးကွက် ပေါ်လာမှာဖြစ်ပြီး ဆေးမထိုးမနေရ တွေလုပ်တော့ ဆေးထိုးပြီးကြောင်း အတုလုပ်တဲ့ ဈေးကွက် ပေါ်လာတာပါ။ အဲဒီလိုတွေက လုပ်ရကိုင်ရ ထိန်းချုပ်ရတာ ပိုပြီး ခက်ခဲစေတယ်ဆိုတာကို ပြည်သူတွေ သဘောပေါက်သင့်ပါပြီ။
မိန်းပြည်နယ်က ဆရာဝန်မတဦးဟာ သူ့လူနာတွေကို ဖောက်ဆီတို့ ပြဿနာရှာနေတဲ့ ငှက်/ဆေးနဲ့ အိုင်–တင်ဆေးပေးခဲ့တဲ့အတွက် လိုင်စင်သိမ်းခံရပြီး ပြန်ရဖို့ဆိုရင် စိတ်ကျန်းမာရေးစစ်ဆေးဖို့ကို လိုအပ်ချက်တခုအနေနဲ့ သတ်မှတ်ထားခံရပါတယ်။ အသက် ၇၀ရှိပြီဖြစ်တဲ့ အဲဒီဆရာဝန်ဟာ အရင်က တပ်ထဲမှာ လှိုက်စားတဲ့ ပိုးတမျိုးအတွက်ပေးတဲ့ မထိုးမနေရဆေးက ပြင်းထန်စွာ နာမကျန်းဖြစ်မှုတွေနဲ့ ဆက်စပ်နေတာကို ဖော်ထုတ်ခဲ့ဖူးလို့ သူ့ကို သူရဲကောင်းကြီးလို ကျေးဇူးရှင်ကြီးလို ဆက်ဆံခဲ့ကြတာပါ။ အခုလည်း သူ့လူနာတွေက ပြဿနာရှာတာမဟုတ်ပဲ သူအလုပ်လုပ်နေတဲ့ ဆေးရုံနဲ့ ပတ်သက်နေသူတွေက ချွန်တွန်းနေတာဖြစ်ပါတယ်။
ဘိုင်ဒန်ရဲ့ အာဖဂန်ကိစ္စနဲ့ပတ်သက်ပြီး တပ်ထဲမှာ ပြုလုပ်ခဲ့တဲ့ စုံစမ်းစစ်ဆေးမှုတွေအရ အိမ်ဖြူနဲ့ နိုင်ငံခြားရေးဌာနတို့ဟာ တာလီဘန်တွေက မြို့တော် ကဘူးလ်ကို သိမ်းဖို့ ထိုးစစ်ဆင်နေခဲ့တာကို ပေါ့ပေါ့လေး သဘောထားနေခဲ့ကြပြီး စစ်ဖက်ကွန်မန်ဒါတွေက သံဝန်ထမ်းတွေနဲ့ အာဖဂန်မိတ်ဆွေတွေကို ကယ်ထုတ်ဖို့ မြို့တော်မကျခင် ရက်သတ္တပတ်အနည်းငယ်အလိုထဲက အကြံပြုခဲ့တာကိုလည်း အချိန်မှ မတုန့်ပြန်ခဲ့ကြဘူးလို့ ဆိုပါတယ်။ အဲဒီအစီရင်ခံစာထဲမှာ အရင်က တခါမှ မဖော်ပြဖူးတဲ့ အမေရိကန်တပ်သားတွေကို တိုက်ခိုက်မှုတွေ ရှိခဲ့တာကိုလည်း ဖော်ပြထားပါတယ်။