ဘိုင်ဒန်အစိုးရက Federal Reserve အဖွဲ့မှာ ခန့်ထားဖို့ အဆိုပြုထားတဲ့ Sarah Bloom Raskin ဟာ လက်ဝဲစွန်းတဦးဖြစ်ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေး တိုက်ပွဲဝင်သူတဦးဖြစ်တဲ့အတွက် ရေနံနဲ့ ဓါတ်ငွေ့ကုမ္ပဏီတွေကို ခရက်ဒစ်မပေးဘူးလို့ ကြွေးကြော်ထားသူဖြစ်ပါတယ်။ သူမရာထူးက ပတ်ဝန်းကျင်ထိန်းသိမ်းတာနဲ့ ဆိုင်ရင်တော့ တမျိုးစဥ်းစားရမှာဖြစ်ပေမယ့် အခုဟာက နိုင်ငံစီးပွားရေးအတွက် အချက်အချာကျတဲ့ နေရာဖြစ်လေတော့ သူမကို ခန့်အပ်ဖို့ ဆွေးနွေးကြမယ့် Senate Banking Committee အစည်းအဝေးကို ရီပါဘလစ်ကန်တွေက သပိတ်မှောက်မယ်လို့ ကော်မီတီဝင် အမတ် ပက်တူမီက ပြောသွားပါတယ်။ အဲဒီလို သပိတ်မှောက်လိုက်ရင် ၅၀-၅၀ ကော်မီတီမှာ မဲခွဲဖို့ အထမမြောက်တော့ဘူးဖြစ်မှာပါ။
အမေရိကန်မှာ အခုလို ကုန်ဈေးနှုန်း၊ မီတာခ၊ အစရှိသဖြင့် အထွေထွစရိတ်တွေ တက်ပြီး ပြည်သူတွေ အကျပ်အတည်း ဖြစ်နေရတာလည်း ပတ်ဝန်းကျင်ကို အကြောင်းပြထားတဲ့ အမိန့်တွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီမိုကရက်တွေကတော့ လောင်စာဈေးတက်ရင် ပြည်သူတွေ လျော့သုံးလိမ့်မယ်၊ အဲဒါဆိုရင် ပတ်ဝန်းကျင်အတွက်ကောင်းမယ်လို့ တွက်ကြတယ်လို့ ဆိုပါတယ်။ အမှန်မှာက လောင်စာဈေးရဲ့ သက်ရောက်မှုက အဲဒီထက် အများကြီး ပိုတဲ့အပြင် သူတို့ကိုယ်တိုင်က အပိုဆာဒါးတွေမှာ လျော့မသုံးပဲ ပြည်သူတွေရဲ့ မသုံးမဖြစ်ကိစ္စတွေကို လျော့ခိုင်းနေတာပါ။ ဒါတောင် ကယ်လီဖိုးနီးယားမှာ မီတာခ၊ ဂက်စ်ဖိုးတွေတက်တော့ တော်တော်များများအိမ်တွေမှာ စောင်တွေခြုံ၊ အနွေးထည်အထပ်ထပ်နဲ့ မီတာခသက်သာအောင် အမျိုးမျိုး ကြံဆောင်နေကြရတာပါ။
ဟေလာရီကမ်ပိန်းကလူတွေကို သမ္မတလောင်းနဲ့ သမ္မတရဲ့ လုပ်ဆောင်ချက်အားလုံးကို ဆာဗာတွေ ဟက်ခ်ပြီး ရှာဖွေခဲ့ကြတာ ပေါ်သွားတဲ့အပေါ်မှာ ဟေလာရီက ထရမ့်နဲ့ ဖောက်စ်က သူ့ရဲ့ တကယ့်ပြဿနာတွေကနေ အာရုံလွှဲချင်လို့ ပြဿနာအတုလုပ်နေတာလို့ တွဒ်တာမှာ ရေးခဲ့ပါတယ်။ သူမကို သတင်းထောက်တယောက်က လှမ်းမေးတာကိုတော့ လက်ကာပြပြီး ဘာမှ မတုန့်ပြန်ခဲ့ပါဘူး။ ၂၀၁၆တုန်းက သူမ မပြောခဲ့ရတဲ့ အနိုင်မိန့်ခွန်းပြောခဲ့တုန်းက ပုံနဲ့စာရင် အတော်ရုပ်ကျသွားပါပြီ။ ဟေလာရီတို့ဖက်မှာ အက်ဖ်ဘီအိုင်ရော စီအိုင်အေရော အိုင်အာအက်စ်ရော အကုန်ရှိနေတဲ့ကြားက လွန်ခဲ့တဲ့ ၆နှစ်နီးပါးလုံး ထရမ့်နဲ့ မိသားစု၊ ထောက်ခံသူတွေကို ဘီးစိတ်တိုက်ပြဿနာရှာနေခဲ့တာ ဘာမှ လက်ဆုပ်လက်ကိုင် မပြနိုင်ပဲ ကလေးတွေ ရန်ဖြစ်သလို စကားလုံးတွေနဲ့ပဲ လျောက်ပြောနေတာက အခြေအမြစ်မရှိပါဘူး။
National Intelligence Director ဟောင်း John Ratcliffe က ဒါဟမ်နဲ့ တကြိမ်မက တွေ့ဆုံခဲ့ပြီးနောက်မှာ multiple people ကို တရားစွဲဆိုဖို့ လုံလောက်တဲ့ အထောက်အထားတွေ ရှိနေပြီလို့ အတည်ပြုပြောကြားသွားပါတယ်။ ဖောက်စ်နယူးစ်က FBIက ဒါရိုက်တာ James Comey နဲ့ လက်ထောက်ဒါရိုက်တာ Peter Strzok တို့ဆီကို forward လုပ်ထားတဲ့ CIA memo ဖြစ်တဲ့ “Counterintelligence Operational Lead” ကို ကိုးကားထားတယ်လို့ ဆိုပါတယ်။
လူပေါင်း ၁၃၀၀ကျော်ကို မေးထားတဲ့ စစ်တမ်းတခုမှာတော့ ရီပါဘလစ်ကန် ၉၁% ၊ ဒီမိုကရက် ၆၆% နဲ့ ပါတီမဝင်ထားသူတွေရဲ့ ၆၅% က ဟေလာရီကို စုံစမ်းစစ်ဆေးစေချင်ကြပါတယ်။ မနှစ် အောက်တိုဘာတုန်းကတောင် ဒီမိုကရက် ၄၆% ကပဲ သူမကို စစ်ဆေးစေချင်ခဲ့ကြတာပါ။
ဥရောပမှာ ဖြစ်လာနိုင်တဲ့ ယူကရိန်း-ရုရှားလို စစ်မျိုးတွေကို ထိန်းသိမ်းနိုင်ဖို့ အဓိကကျတဲ့ အချက်တခုက ရုရှားရဲ့ အဓိက ငွေဝင်ပေါက်ကို ဖိထားတာပဲဖြစ်မှာပါ။ ထရမ့်လက်ထက်မှာ ရုရှားဓါတ်ငွေ့ပိုက်လိုင်း ပေးမဆောက်တဲ့အပြင် ဂျာမဏီကိုလည်း ရုရှားက ဓါတ်ငွေ့မဝယ်ဖို့ ကျပ်ထားတာကြောင့် ရုရှား ပွကြီးမလုပ်နိုင်ပဲ လိမ္မာနေခဲ့တာ မှတ်မိကြမယ် ထင်ပါတယ်။
အခုတော့ ဘိုင်ဒန်က အမေရိကန်ရဲ့ အစဥ်အလာ မဟာမိတ်လည်းဖြစ် ဒီမိုကရေစီနိုင်ငံလည်းဖြစ်တဲ့ အစ္စရေးရဲ့ မက်ဒီတာရေးနီးယန်းအရှေ့ပိုင်းက ဥရောပကို သွယ်တန်းမယ့် မြေအောက်ဓါတ်ငွေ့ ပိုက်လိုင်းတွေကို ပတ်ဝန်းကျင်နဲ့ စီးပွားရေးသက်ရောက်မှုတွေကြောင့်လို့ အကြောင်းပြကာ ထောက်ခံမှု ရုပ်သိမ်းလိုက်တဲ့အတွက် ဥရောပနိုင်ငံတွေဟာ သူတို့ရဲ့ စွမ်းအင်လိုအပ်ချက်အတွက် ရုရှားကိုပဲ ပိုအားကိုးရမယ့် အနေအထား ဖြစ်သွားပါတယ်။ ရုရှားကလည်း ပြိုင်ဖက်မရှိတော့ စိတ်ကြိုက် ဈေးကိုင်ဖို့ အခွင့်ရသွားတော့မှာပါ။
အစ္စရေးရဲ့ EastMed ပိုက်လိုင်းက ဂရိစ်နဲ့ အီတလီကိုဖြစ်ပြီး တနှစ်ကို ၁၀ ဘီလီယံကုဗကိုက် တင်ပို့နိုင်မယ်လို့ မျှော်မှန်းထားထာပါ။ အမေရိကန်ကလည်း ထရမ့်လက်ထက်မှာ ပထမဆုံး ပြည်တွင်းစွမ်းအင် ဖူလုံခဲ့ရာက ဘိုင်ဒန်လက်ထဲရောက်မှ အဓိပ္ပါယ်မရှိတဲ့ အကြောင်းပြချက်တွေနဲ့ ပိတ်ဆို့ပစ်တော့ ကမ္ဘာ့စွမ်းအင်လိုအပ်ချက်/ဝယ်လိုအားကိုပါ အကြီးအကျယ် သက်ရောက်စေတာပါ။ အဲဒါကြောင့် စွမ်းအင်ဈေးတွေက အမေရိကန်ရော ဥရောပမှာပါ အကြီးအကျယ်မြင့်တက်နေတာ ဖြစ်ပုံရပါတယ်။
အခုလို EastMed ပိုက်လိုင်းကို ရပ်အောင်လုပ်လိုက်တာက ဒေသတွင်းမှာရော အမေရိကန်နဲ့ မဟာမိတ်တွေအတွက်ရော နောက်ဆက်တွဲ ပြဿနာတွေ အများကြီးဖြစ်လာဖို့ လမ်းဖွင့်ပေးသလို ဖြစ်တဲ့အပြင် ရင်းနှီးစိတ်ချရတဲ့ မဟာမိတ်နိုင်ငံကို နောက်ကျော ဓါးထိုးသလို ဖြစ်နေတာပါ။ တချို့ကတော့ ဘိုင်ဒန်က ပူတင်ကိုတင်မက တာကီက အာဒိုဂန်သဘောခွေ့အောင်ပါ လုပ်နေတယ်လို့ စွပ်စွဲနေကြပါတယ်။ အာဒိုဂန်က အစ္စရေးပိုက်လိုင်း ဥရောပကို သွားတာ သဘောတူပေမယ့် သူ့နိုင်ငံထဲက ဖြတ်သွားဖို့ အစဥ်တစိုက် ပြောနေခဲ့တာပါ။ အစ္စရေးက ဂရိနဲ့ အီတလီကို ရွေးပါတယ်။
ကနေဒါမှာ အရွယ်စုံစစ်မှုထမ်းဟောင်းတွေက ဝင်ဆာတံတားက ရဲတွေနဲ့ ဆန္ဒပြထရပ်ကာတွေကြားမှာ ဝင်ပြီး လူတံတိုင်းလို ဝင်ကာပေးနေကြပါတယ်။ တချို့ဆို ဝတ်စုံပြည့်၊ ဆုတံဆိပ်တွေချိတ်ပြီး လာကြတာပါ။ အော့တဝါမှာတော့ ရဲအင်အားတဝက်လောက်က အလုပ်က နှုတ်ထွက်သွားပြီး ကျန်တဝက်ကလည်း အစိုးရအမိန့်ကို တိတိကျကျ မလိုက်နာနေဘူးလို့ သတင်းတွေ ထွက်နေပါတယ်။ ဖက်ချက်ကတော့ ထုံးစံအတိုင်း မဟုတ်ဘူးလို့ ပြောပါတယ်။
အော့တဝါအစိုးရက ဖရီးဒမ်းကွန်ဗွိုင်ကို ထောက်ပံ့တဲ့သူ၊ ဓါတ်ဆီယူလာပေးသူတွေကို အပြစ်ပေးမယ်လို့ ခြိမ်းခြောက်ပြီးနောက်မှာ ရာနဲ့ချီတဲ့ အော့တဝါမြို့သူ/သားတွေက တဦးကို ဓါတ်ဆီပုံး ၂ပုံးစီဆွဲပြီး ထရပ်ကာတွေဆီ ချီတက်သွားရောက် ပေးကမ်းခဲ့ကြပါတယ်။ ထရူဒိုက လွှတ်တော်မှာ သူအနေနဲ့ responsible government ဖြစ်ဖြစ် တုန့်ပြန်နေကြောင်း ကာကွယ်ပြောဆိုသွားတာကို အမတ်တွေက ပျက်ရယ်ပြုရီမောခဲ့ကြပါတယ်။
ဩစတေးလျမှာ ဖဘတို့ တွဒ်တာတို့ ယူကျူတို့က သူ့နိုင်ငံသားတွေတင်တဲ့ ပို့စ်တွေ၊ ပရိုဖိုင်းတွေကို ဖျက်ပစ်ပြီး ဆင်ဆာလုပ်မယ်ဆိုရင် ၁.၁သန်း ဒဏ်ဆောင်ရမယ်ဆိုတဲ့ ဥပဒေကြမ်းတရပ်ကို လစ်ဘရယ်-နေရှင်နယ် အမတ် George Christensen က အဆိုတင်သွင်းလိုက်ပါတယ်။ အမေရိကန်မှာ သူတို့တွေ ကင်းလွတ်ခွင့်ရထားတဲ့ အကြောင်းရင်းက ဘယ်သူမဆို လွတ်လွတ်လပ်လပ်တင်ခွင့်ရှိတဲ့ ပလက်ဖောင်ဖြစ်နေလို့ပါ။ အခုလိုလိုက်ဆင်ဆာလုပ်နေတာက သူတို့ကင်းလွတ်ခွင့်ရထားတဲ့ အချက်တွေကနေ သွေဖည်နေလို့ ဒီမှာလည်း သူတို့ကို တာဝန်ယူမှု/တာဝန်ခံမှုရှိအောင် လုပ်ဖို့ လိုနေပါတယ်။
တက္ကဆက်စ်ပြည်နယ် ရှေ့နေချုပ်က ဖဘကို သုံးစွဲသူတွေရဲ့ ဓါတ်ပုံတွေအပါအဝင် ကိုယ်ရေးအချက်အလက်တွေကို သုံးစွဲသူသဘောတူညီမှုမရှိပဲ စုဆောင်းသိမ်းဆည်းမှုနဲ့ တရားစွဲထားပါတယ်။ ပြစ်မှုထင်ရှားရင် ချိုးဖောက်မှုတခုကို ၂၅,၀၀၀ နဲ့ ၁၀,၀၀၀စီအသီးသီး ဒဏ်ကြေးပေးရမှာဖြစ်ပါတယ်။ တက္ကဆက်မှာ ဖဘသုံးစွဲသူ သန်းဆယ်ချီရှိတဲ့အတွက် ဆောင်ရမယ့်ပမာဏက ဘီလီယံပေါင်းများစွာထိ ဖြစ်သွားနိုင်တယ်လို့ ဆိုပါတယ်။ ဂူဂဲလ်ကလည်း ပန်းသီးလုပ်သလိုပဲ သူ့ရဲ့ အန်းဒရိုက်ဖုံးတွေတဲမှာ ဖဘက သုံးစွဲသူတွေလုပ်သမျှ ခြေရာခံနေတာကို ကန့်သတ်တော့မယ်လို့ ကြေငြာလိုက်ပါတယ်။ အဲဒါကြောင့် နဂိုကမှ ကျနေတဲ့ ဖဘရှယ်ယာတွေ ပိုကျသွားပါတော့တယ်။