ယူကရိန်းကိစ္စကတော့ ညာသံပေးထားတဲ့အတိုင်းပါပဲ၊ ဘယ်သူတွေ ဘာကြီးပဲပြောနေနေ အိုဘားမားလက်ထက်ကလည်း ခရိုင်းမီးယားကို ဘာပြဿနာမှသိပ်မရှိလိုက်ပဲ သိမ်းခဲ့တဲ့အစဥ်အလာရှိနေတော့ အခုလည်း အကြောင်းတခုခုပြပြီး လုပ်ဦးမှာပဲဆိုတာ အကြီးဆုံး ဖြစ်နိုင်ချေတခုပါ။ ဘိုင်ဒန်ကတောင် မစောင့်နိုင်တော့သလို ခုဝင်တော့မှာ၊ တော်ကြာဝင်တော့မှာနဲ့ ပြောနေတာလည်း တွေ့ကြမှာပါ။ ပြောစရာရှိတာက သိနေရင်လည်း ဘာလို့ ကြိုတင်စီစဥ်တာတွေမလုပ်တာလဲ ဆိုတာပါပဲ။
ဘိုင်ဒန်တက်ပြီး တနှစ်ကျော်ကြာမှ အခုလောက်ဆိုးလာတာ၊ ပြင်ဆင်မယ်ဆို အများကြီးအချိန်ရတယ်။ မသိလို့၊ အ လို့ မစီစဥ်တတ်ဘူးလို့လည်း ပြောလို့မရပါဘူး။ မလုပ်တတ်ရင်လည်း ထရမ့်လမ်းစဥ်တွေ ဘာမှမပြင်ပဲနဲ့ အဲဒီအရှိန်အတိုင်းပဲ ဆက်သွားပေါ့။ တကယ်လည်း အလုပ်ဖြစ်နေတာပဲဥစ္စာ။
ဂျာမဏီကလည်း ခုမှ ပိုက်လိုင်းအကြောင်း ထည့်ပြောနေတယ်။ ပူတင်က အိုလံပစ်ပွဲသွားတုန်းက ရှီဆီ ဓါတ်ငွေ့ရောင်းထားနှင့်ပြီ။ အခုလူကြားကောင်းအောင် ပိတ်ဖို့အော်နေလည်း ခဏနေ အော်တာတွေ အရှိန်သေသွားရင် တိတ်တိတ်လေး ပြန်ဆက်သွယ်ကြမှာပဲလေ။ ဘိုင်ဒန်တို့ကလွဲရင် တခြားခေါင်းဆောင်တွေအတွက် ပြည်တွင်းရေးက အရေးအကြီးဆုံးပဲမှတ်လား။
ဘိုင်ဒန်ကတော့ ဆန်ရှင်ပဲ တွင်တွင်အော်နေတာပါပဲ။ ဆန်ရှင်က အမေရိကန်မှာရှိတဲ့ ပိုင်ဆိုင်မှုတွေ ဖရိဇ်လုပ်တာလွဲရင် ကျန်တာက ဘယ်လောက်ထိရောက်မလဲဆိုတော့ တရုပ်ကို ကြက်ဥတိုက်သလိုပဲ ဖြစ်မှာပေါ့။ ကမ္ယာပေါ်က ဆန်ရှင်ထိတဲ့နိုင်ငံတိုင်းရဲ့ အားကိုးရာက တရုပ်၊ ရုရှားပဲလေ။ စီကျူရတီကောင်စီမှာလည်း တနေရာစီထိုင်ထားတော့ ပွဲက ပြီးနေပြီပေါ့။ တခြားမရောင်းရဘူးလား၊ လာခဲ့ တဝက်ဈေးနဲ့၊ အလိုလိုနေရင်း ကယ်တင်ရှင်တောင်ဖြစ်သွားဦးမယ်။ ပိုက်ဆံလိုလား၊ လာလာ၊ ငါချေးမယ်၊ လက်နက်လိုလား၊ ငါရောင်းပေးမှာပေါ့၊ ဒီလိုနဲ့ပဲ ကမ္ဘာတလွှား တရုပ်ကြီးဩဇာ ကြီးသထက်ကြီးလားတာ။ အဲဒီနှစ်ကောင် မတည့်နေမှ လွတ်လပ်တဲ့ကမ္ဘာအတွက်က အဆင်ပြေမှာ။
တရုပ်ဆိုလို့ တရုပ်ကလည်း ဒီစစ်ဖြစ်စေချင်တာ တပိုင်းသေတဲ့ထဲမှာပါတယ်။ တိုင်ဝမ်ကိစ္စအတွက် နမူနာယူလို့ရတာပေါ့။ ပြောမရဘူး။ ဘိုင်ကြီးကိုလဲ သူပဲညာသံပေးခိုင်းနေတာနေမှာ။ ဖြစ်လာရင် သူတို့လို အာဏာရှင်နိုင်ငံတွေ အကျိုးများမှာကိုး။ ဒီစစ်ပွဲက အမေရိကန်အတွက် အမြတ်မထွက်ပေမယ့် အမြတ်ထွက်တဲ့လူတွေလည်း ရှိမယ်ဆိုတာ သေချာပါတယ်။ ဒါကြောင့်လဲ ဘိုင်ကြီး ဘာမေးခွန်းမှမဖြေပဲ ရှောင်ပြေးတာပေါ့။ ဒါလဲအာဏာရှင်တွေ လုပ်တတ်ကြတာပဲလေ။ အာဏာရှင်တွေတင် ဆန့်ကျင်ရုံနဲ့ မလုံလောက်တာ အမှန်ပဲ၊ သူတို့လက်ပါးစေတွေပါ အာဏာမရမှဖြစ်မှာ။ မဟုတ်ရင် ပြည်သူတွေက သူတို့နိုင်ငံရေးကစားကွက်တွေထဲမှာ ခံရတဲ့ဖက်က ချည့်ပါပဲ။ ဒီနှုန်းအတိုင်းသာဆို ဆီဈေးတွေ တဂါလံ တဆယ်လောက်အထိများ တက်ဦးမလားမသိ။ လူတွေအကျပ်အတည်း ဂရုမစိုက်တဲ့လူတွေ တက်နေတာဆိုတော့လည်း ခက်ပါတယ်၊
အီလွန်မပ်စ်ကလည်း The Securities and Exchange Commission (SEC) ဟာ သူ့ရဲ့ လွတ်လပ်စွာဖော်ထုတ်ခွင့်ကို လိုက်သတ်နေတယ်လို့ ဆိုပါတယ်။ ၂၀၁၈တုန်းက အီလွန်က တက်စ်လာကို ပုဂ္ဂလိကပိုင်အဖြစ် ပြန်ပြောင်းချင်တယ်လို့ တွဒ်တာမှာ ပြောခဲ့တာကြောင့် SEC က သန်း၄၀ ဒဏ်ရိုက်ပြီး တက်စ်လာနဲ့ပတ်သက်တဲ့ ဆိုရှယ်မီဒီယာသုံးစွဲမှုကို ကန့်သတ်ဖို့ အီလွန်နဲ့ တရားရုံးမှာ ညှိနှိုင်းခဲ့ပါတယ်။ ရှယ်ယာရှင်တွေနစ်နာတယ်ဆိုပြီး ကောက်ထားတဲ့ ဒဏ်ကြေးတွေကိုလည်း ရှယ်ယာရှင်တွေဆီ ခုထိ ခွဲမပေးသေးတဲ့အပြင် မပ်စ်ဆိုရှယ်မီဒီယာမှာ တခုခုပြောတိုင်း တက်စ်လာကို ဆင့်ခေါ်နေတယ်လို့ ဆိုပါတယ်။ SEC ကတော့ ငြင်းပါတယ်။
အီလွန့်ရှေ့နေက SEC ဟာ တရားရုံးမှာသဘောတူထားချက်ကိုပဲ လက်နက်လို ကိုင်စွဲပြီး အီလွန်နဲ့ တက်စ်လာကို နှုတ်ပိတ်ဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။ သူကတော့ အဲဒီလိုလုပ်တာဟာ မပ်စ်က အစိုးရကို အမြဲ ပွင့်ပွင့်လင်းလင်း ဝေဖန်လေ့ရှိတာကြောင့် တချိန်လုံး အင်ဗက်စတီဂေးရှင်းဝင်နေတာလို့ သုံးသပ်ပါတယ်။ ဘိုင်ဒန်က မပ်စ်ကို မကြိုက်တာတော့ အထင်အရှားပါပဲ။ အီးဗီတွေဆမ်းမစ်မှာ မဖိတ်တဲ့အပြင် တက်စ်လာဆိုတဲ့ နာမည်ကိုတောင် ထည့်ဖော်ပြမသွားပါဘူး။ အဲဒီလို ကလေးကလား သေးသိမ်တဲ့အလုပ်တွေကို လုပ်ပြီး အာဏာရှင်လို ပြုမူနေတဲ့ အဖိုးအိုကို ခုထိ အကွက်လေးလှလိုက်တာလုပ်နေကြသူတွေလည်း မြဝတီနဲ့ အလားတူတဲ့ စီအန်အန်ပရိသတ်တွေ ဖြစ်မှာပါပဲ။
အာဏာရှင်တွေအကြောင်းကလည်း သတင်းတိုင်းမှာ ပြေးမလွတ်သလိုပါပဲ။ ကယ်လီဖိုးနီးယားမှာ ကမ့်ဘဲလ်က ဒီမိုကရက်အမတ် အီဗန်လိုးက ဥပဒေကြမ်းတခု တင်သွင်းပါတယ်၊ အဲဒီဥပဒေကြမ်းမှာ လိုင်စင်ရဆရာဝန်တွေ ဆာဂျင်တွေကို ဟိုပိုးနဲ့ပတ်သက်ပြီး သတင်းမှားတွေ ဖြန့်ဝေရင် ကယ်လီဖိုးနီးယားမက်ဒီကယ်ဘုတ်နဲ့ အိုစတီယိုပတ်သစ်မက်ဒီကယ်ဘုတ်တွေက အရေးယူမယ်လို့ ဆိုပါတယ်၊ ဒါပေမဲ့ ဒီမိုကရက်တွေလက်ဝဲတွေ လုပ်လေ့ရှိတဲ့ ထုံးစံအတိုင်း သတင်းအမှားဆိုတာကို အဓိပ္ပါယ်ဖွင့်ဆိုမထားတာက ပိုကြောက်စရာကောင်းပါတယ်လို့ ဆရာဝန်တဦးက အဲပေါ့ခ်တိုင်းမ်းစ်ကို ပြောလာပါတယ်။ တိတိကျကျ အဓိပ္ပါယ်ဖွင့်မထားတော့ မှန်ပေမယ့် သူတို့မကြိုက်ရင်ဖြစ်ဖြစ် သူတို့အာဂျင်ဒါနဲ့ ဆန့်ကျင်နေတာမျိုးဖြစ်ဖြစ် ကြုံလာရင် ဆွဲစိခံရမယ့်သဘောပါ။ ဘယ့်နဲ့လဲ၊ မြန်မာပြည်ပြန်ရောက်နေတယ်လို့ မခံစားကြရဘူးလား။
ဝေဖန်တဲ့ဆရာဝန်ကလည်း သူက ယေဘုယျအားဖြင့် ဆေး ထိုးတာကို ဆန့်ကျင်သူမဟုတ်ပါဘူး၊ ဒါပေမဲ့ အခုဟာက အရေးပေါ်ဆေးကို ကာလရှည်ကြာ မန် ဓိတ်လုပ်နေတာနဲ့ ကလေးငယ်လေးတွေကို ထိုးဖို့တွန်းနေတာကိုသာ လက်မခံနိုင်တာပါလို့ ဆိုပါတယ်။ အယ်လ်အေက နောက်ဆရာဝန်တဦးကလည်း အဲဒီဥပဒေအတည်ဖြစ်လို့ သူ့ကို စွဲရင် သူကအရင် တရားစွဲပြစ်မယ်လို့ ဆိုပါတယ်။ သူ့ကို အခုလိုတွေ ကျပ်လာလို့ ဒီပြည်နယ်က ပြောင်းထွက်တော့မလားလို့ မေးရာမှာတော့ ဖိုက်စရာ ရှိနေသ၍ မပြောင်းပဲ ခံဖိုက်သင့်တယ်လို့ ဆိုပါတယ်။
အမေရိကန်မှာ ဆရာဝန်တွေ ဝင်ငွေကောင်းတယ်ဆိုပေမယ့် တကယ်တော်တဲ့ရှေ့နေကို သဘောတူဆရာဝန်တွေ စုငှားရင်ငှား၊ မဟုတ်ရင်လည်း တရားမျှတမှုကို ရှေ့ရှုပြီး သင့်တင့်မျှတတဲ့ အခနဲ့ လိုက်ပေးမှ အဆင်ပြေမယ့်အပြင် တရားသူကြီးကလည်း မကြားနာခင်ထဲက ကြိုဆုံးဖြတ်ချက်ချထားပြီးသား မဖြစ်ဖို့ လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ဟိုဖက်မှာ ငွေရှင်ကြေးရှင်တွေ ဝိုင်းပုံအောကြမှာကြောင့်ပါ။
လွတ်လပ်စွာ ပြောဆိုရေးသားဖော်ထုတ်ခွင့်က တပါတီထဲ၊ လူတစုထဲရနေလို့ မပြီးပါဘူး။ လူတိုင်းနဲ့ဆိုင်တဲ့ အခွင့်အရေးပါ။ ညာကိုပိတ်လဲ ဘယ်ကမခံ၊ ဘယ်ကိုပိတ်လဲ ညာကမခံဖြစ်ရမှာပါ။ ငါ့ဖက်က အသာရနေလို့ဆိုတဲ့ ကျဥ်းမြောင်းတဲ့ အမြင်မျိုးနဲ့ လွတ်လပ်မှုက တာရှည်ခံမှာ မဟုတ်ပါဘူး။ အလားတူပဲ ပညာရှင်တွေကြားမှာလည်း ဟိုးပဝေသဏီထဲက အမြင်မတူတာတွေက ရှိလာတာပါပဲ။ လူတွေကို အသိဉာဏ်မဖွံ့ဖြိုးသေးတဲ့ ကလေးတွေလို ဟိုဟာမကြည့်ရ၊ ဒါပဲကြည့် ဆိုတာမျိုးတွေ လုပ်ဖို့ မသင့်ပါဘူး။ မတူတဲ့အမြင် ကွဲပြားတဲ့ ကုထုံးတွေက ထွက်လာတဲ့အဖြေတွေကြားကမှ အကောင်းဆုံးဆိုတာတွေကို လူတွေက ရွေးချယ်မှာပါ။ အစထဲက ရွေးစရာမရှိ ဒါပေးဒါယူဆိုရင် အဲဒါကို အပြစ်လို့မမြင်တဲ့သူအတွက်တောင်မှ မကောင်းဘူးဆိုတာ သဘောပေါက်သင့်ပါတယ်။