ရုရှား ယူကရိန်းက ခွဲထုတ်ဖို့ပြင်နေတဲ့ နှစ်နယ်က ယူကရိန်းတခုလုံးရဲ့ တဝက်လောက်ရှိတာ၊ ထုံးစံအတိုင်း သူတို့က ရုရှားကို အကူအညီတောင်း၊ ဟိုကလည်း ပြောမှ ပြောပါ့မလားလို့။ အဲဒီထဲကတနယ်ရဲ့ နယ်စပ်မှာ တင့်ကားတွေပြေးနေပြီ၊ ယူကရိန်းတွေလည်း အရေးပေါ်အခြေအနေနဲ့ စစ်ရေးလေ့ကျင့်သူကျင့်၊ သတိနဲ့နေသူနေပေါ့။ ပူတင်ကတော့ အမေရိကန်တွေ ဝင်ပါရင် အကျိုးဆက်ထိမယ်တဲ့၊ ဆီဈေးတက်ပစ်မှာနဲ့ ဂျုံဈေး နစ်ကယ်ဈေးတွေ တက်ပစ်မှာထင်ပါရဲ့။ လောလောဆယ်ဆော့ စတော့မားကက်ကျတာနဲ့တင် အတော်ထိနေပြီ။ ပင်စင်စားတွေ နားကားပြီပေါ့။
သေချာကြည့်တော့ ရုရှားအီကော်နော်မီက အီတလီ၊ တောင်ကိုးရီးယားတို့လောက်ရှိတာ။ လက်နက်နဲ့ စိုက်ပျိုးရေးကလွဲလို့ သံယံဇာတရောင်းစားတာပဲရှိတယ်။ ဒါပေမယ့် အဲဒီက အိုလီဂါ့ခ်တွေကလည်း ခေသူတွေတော့မဟုတ်ဘူး။ ဘိုင်ကြီးကိုတောင် ၃.၅သန်းပေးထားသေးတာ။ ယူကရိန်းက အိုလီဂါ့ခ်က ပေးတာမှ ၃.၄သန်းရယ်။
ဘိုင်ဒန်ကြီးကတော့ ဆန်ရှင်တွေ လုပ်ပါတယ်။ မသိရင်တော့ အဟုတ်ကြီးပါပဲ။ သူဆန်ရှင်လုပ်တဲ့လူတွေက အရင်ထဲက ဆန်ရှင်ထိထားပြီးသားတွေ၊ သူတို့ကလည်း အမေရိကန်မှာ လာအကောင့်ဖွင့်ထားရလောက်အောင် မမိုက်ပါဘူး။ ဘဏ်နှစ်ခုကလည်း အမေရိကန်ကို ဖြတ်စရာမှ မလိုတာ။ ရုရှားကြွေးမြီတွေကတော့ ထိသင့်သလောက်ထိမှာပါ။ ဒါပေမဲ့ ဘိုင်ဒန် ဟ ပေးထားတာလေး တခုက အဲဒီဆန်ရှင်က မတ်လ ၁ရက်နေ့မှ စမှာတဲ့။ စာချုပ်တွေအောက်မှာ အသေးလေးနဲ့ ရေးထားသလိုပေါ့။ အဲဒီမတိုင်ခင် အပြောင်းအရွှေ့လုပ်ချင်လုပ်ဖို့ တမင်စောင့်ပေးထားသလိုပဲ။
ရုရှားက ရေနံနဲ့ ဓါတ်ငွေ့ထုတ်တာကို လျော့ချလိုက်ပြီး ဈေးတင်လိုက်ရင် အမေရိကန်ရော ဥရောပရော ခံရမယ့်အပြင် တကမ္ဘာလုံး အဖျားခတ်မှာပါ။ တကယ်တမ်းက အမေရိကန်ရော ဥရောပနိုင်ငံတချို့မှာရော ရေနံ/ဓါတ်ငွေ့ထွက်ပါတယ်။ သဘာဝပတ်ဝန်းကျင်ဆိုတာကြီးကို အကြောင်းပြပြီး ကိုယ့်ရှိတာမသုံးပဲ တခြားသူကို အားကိုးနေတာက တကယ်ကို နားလည်ရခက်ပါတယ်။ အနီးဆုံးပြဿနာကို အရင်မရှင်းပဲ မဖြစ်သေးတဲ့ ဖြစ်လာမလာ အငြင်းပွားစရာတွေ အများကြီးရှိနေတဲ့ ဂလိုဘယ်ဝမ်းမင်းဆိုတာကြီးကို သွားရှင်းချင်နေတာက တော်ရုံစူးရောက်ရုံနဲ့တော့ မရလောက်ဘူးထင်ပါတယ်။
နောက်အမြင်မတော်တာ တွေ့မိတာတချို့က စီဘီအက်စ်က စစ်မစသေးခင် ဘိုင်ဒန့်ပြဿနာတွေကို စစ်ကို ပုံချထားတာတွေ့သလို တခြား မီဒီညာတွေကလည်း ထရမ့်က ပူတင်ကို ချီးမွမ်းသယောင် ဖြတ်ညှပ်ကပ်တွေ အတွင်သား တုထ်လွှင့်နေတာပါ။ လိုရင်းကတော့ ထရမ့်ကြောင့် ပူတင်က စစ်တိုက်တာပါလို့ ပုံချချင်တာပါ။ ပူတင်က လူကောင်းမဟုတ်ပေမယ့် ဘိုင်ဒန်ထက် အများကြီးတော်တာတော့ ငြင်းမရပါဘူး။ အမေရိကန် သမ္မ်တ ၅ဆက်မှီခဲ့သူပဲလေ။ ထရမ့်က အာဏာရှင်တွေအားလုံးကို ဆေခါးကြီးမကျွေးခင် သကြားလေးအုပ်ပေးတာ သူ့ထုံးစံပါပဲ။ လေ့လာတဲ့လူဆို သိမှာပါ။ သူတက်နေတုန်းကလည်း ပါးစပ်က ပူတင်တော်ကြောင်း ရှီတော်ကြောင်း ပြောပေမယ့် နှစ်ကောင်လုံးကို အမြှီးနင်းထားတာ မလှုပ်နိုင်ဘူးမဟုတ်လား။ အဲဒီ မီဒီညာတွေလုပ်ပေါက်ကို ကြည့်ရင် သူတို့ကို ယုံကြည်လောက်သလားဆိုတာ မေးစရာမလိုပဲ သိနိုင်မယ်ထင်ပါတယ်။
နယူးယောက်ရှေ့နေချုပ် လာလိတာဂျိမ်းစ်က ရွေးကောက်ပွဲတုန်းထဲက ထရမ့်မိသားစုကို ပြဿနာရှာဖို့ ကြုံးဝါးထားတဲ့သူပါ။ အခုရာထူးရလာတော့လည်း သူ့ရာထူးကို အသုံးချပြီး ထရမ့်မိသားစုကို တရားစွဲခဲ့ပါတယ်။ အမှုက ထရမ့်က ချေးငွေများများရဖို့ သူပိုင်တဲ့အိမ်တွေကို တန်ဖိုးပိုပြခဲ့တယ်ဆိုတဲ့ စွဲချက်ဖြစ်ပါတယ်။ အလားတူ တခြားစွဲချက်တွေလိုပဲ လက်ဝဲစွန်းတွေထရမ့်ကို တင်တဲ့ စွဲချက်တွေက ကလေးရန်ဖြစ်တာလောက်တောင် မခမ်းနားတာတွေ့မှာပါ။ စီးပွားရေးလောကနဲ့ အထိအတွေ့ရှိသူတိုင်း ဘဏ်တွေမှာ ရာဖြတ်ဆိုတာ ရှိကြောင်း၊ အဲဒီလူတွေက ဘယ်အပေါင်ပစ္စည်းက ဘယ်လောက်တန်ဖိုးရှိတယ်၊ ဘယ်လောက်ချေးသင့်တယ်ဆိုတာ တွက်ရတယ်ဆိုတာ သိကြပါတယ်။ လာလိတာက အဲဒီအမှုအတွက် ထရမ့်ကိုရော ဒွန်ဂျူနီယာကိုရော အီဗန်ကာကိုရော တရားရုံးမှာ လာအစစ်ခံဖို့ ဆင့်ခေါ်ထားတာပါ။
အခုအဲဒီအမှုက အစိုးရဖက်က ဒီအေ အယ်လ်ဗင်ဘရဂ် က ဒီအမှုမှာ သူရှေ့မဆက်ချင်တော့ဘူးလို ပြောခဲ့လို့ သူတို့အဖွဲ့ထဲက နောက်ရှေ့နေနှစ်ဦး နှုတ်ထွက်သွားပါပြီ။ နှစ်ယောက်တပြိုင်တည်း နှုတ်ထွက်သွားတာက ဒီအမှုနဲ့ပတ်သက်ပြီး အတွင်းထဲမှာ ဘယ်လောက် စိတ်ပျက်နေကြလဲဆိုတာ ပြနေတာပါ။ လာလိတာက ရှေ့နေချုပ်ဆိုပေမယ့် သူ့ရဲ့ ဘိုင်အိုမှာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူလို့ ဖော်ပြထားတာပါ။ သူလုပ်နေတာလည်း အဲဒီအတိုင်းပါပဲ။ လူထုနဲ့ဆိုင်တဲ့ ရာထူး၊ အထူးသဖြင့် တရားရေးရာထူးယူထားသူ အတွက် နိုင်ငံရေးအာဂျင်ဒါကို ရှေ့ကထားရင် သူကျမ်းကျိမ်ထားရတာတွေနဲ့ ဆန့်ကျင်ဖက်ဖြစ်နေမှာ ဖြစ်တဲ့အပြင် လူ့ကျင့်ဝတ်အရလည်း မသင့်တော်ဘူးလို့ ပြောလို့ရပါတယ်။
တက္ကဆက်စ်ပြည်နယ် ဂါဗာနာက သူ့ပြည်နယ်က အေဂျင်စီတွေကို ကလေးငယ်လေးတွေကို လိင်ပြောင်းပေးဖို့လုပ်ဆောင်မှုတွေကို ချိုင်းလ်အဗျူစ်လို့ သတ်မှတ်ပြီး စစ်ဆေးရေးဝင်ဖို့ ညွှန်ကြားလိုက်ပါတယ်။ ငယ်တုန်းမှာ လိင်ပြောင်းလဲဖို့ လုပ်ခဲ့ကြသူအများစုက နောင်တရကြပြီး ပြန်ပြောင်းဖို့ ဆုံးဖြတ်ချိန်ကျတော့ သိပ်နောက်ကျသွားပါပြီ။ ဒါပေမယ့် အဲဒီအသံတွေကို မီဒီယာတွေက မဖော်ပြကြပဲ အင်နဲ့အားနဲ့ လိင်ပြောင်းအားပေးလုပ်လာကြတာ အပြာပြည်နယ် တွေမှာဆိုရင် မိဘကို သဘောတူညီဖို့မပြောနဲ့ အသိပေးစရာတောင် မလိုအောင် လုပ်လာကြတာပါ။ ကိုယ့်ခန္ဓာနဲ့ကိုယ်သောက်ဖို့ ဆေးလိပ်ဝယ် အရက်ဝယ်ဖို့တောင် တရားမဝင်သေးတဲ့ အရွယ်မှာ တသက်ပြင်မရနိုင်တဲ့လိင်ပြောင်းခွဲစိတ်မှုတွေကို ခွင့်ပြုတာက ဘယ်ပါတီထောက်ခံသူပဲဖြစ်ဖြစ် ကလေးတွေရဲ့ ရေရှည်အကျိုးစီးပွားကို လိုလားသူတိုင်း အားမပေးသင့်တဲ့ ကိစ္စပါ။
စရိတ်စကအပြင် အခွန်မြင့်တဲ့ဖက်မှာ နာမည်ကြီးတဲ့ ကယ်လီဖိုးနီးယားက အခုတဖန် သန်း၅၀အထက်ချမ်းသာသူတွေအတွက် အခွန်အသစ်ကောက်ဖို့ ဥပဒေကြမ်းတခုကို ပြန်လည်တင်သွင်းဖို့ ဒီမိုကရက်အမတ်တွေက ကြိုးစားနေကြပါတယ်။ အဲဒါကတော့ သန်း၅၀နဲ့အထက် ပိုင်ဆိုင်မှုရှိတဲ့လူတွေကို ကောက်မှာဖြစ်ပြီး တနှစ်ကို ၂၂ ဘီလီယံရဖို့ မျှောမျှန်းထားပါတယ်။ ကယ်လီဖိုးနီးယားမှာ သန်း ၅၀အထက် ချမ်းသာသူ မိသားစုပေါင်း ၁၅,၀၀၀လောက် ရှိတယ်လို့ ဆိုပါတယ်။ အဲဒီလိုရဖို့ သုတေသနလုပ်တာက ယူစီဘာ့ကလေနဲ့ ယူစီဒေးဗစ်တို့ဖြစ်ပြီး အဲဒီပိုက်ဆံတဝက်လောက်က ကယ်လီဖိုးနီးယားမှာနေတဲ့ ဘီလီယံနာ ၁၇၀ခန့်ဆီက ရမယ်လို့ တွက်ချက်ထားပါတယ်။
ပြဿနာက ပိုင်ဆိုင်မှုတွေဆိုရာမှာ အိမ်ဆိုရင်လည်း အိမ်ခွန်ကလည်း ကောင်တီက တန်ဖိုးဖြတ်တဲ့အတိုင်း နှစ်စဥ်တိုးတိုးပြီးပေးနေရပြီးသားပါ။ စတော့ပိုင်ဆိုင်မှုတွေကလည်း ရောင်းရင် အခွန်ပေးရဦးမှာပါပဲ။ ရှောင်လို့ မရပါဘူး။ ဘယ်သူမှလည်း ငွေသားအများကြီးမကိုင်ထားကြပါဘူး။ အဲဒီတော့ အခွန်ကောက်ရင် ဘယ်လိုဆောင်ကြမလည်းဆိုတာတော့ လက်တွေ့ကျကျ စဥ်းစားကြဖို့ လိုပါတယ်။ ဖြစ်နိုင်တာက အဆိုပါတက္ကသိုလ်တွေကလည်း လက်ဝဲစွန်းတွေ ကြီးစိုးတာများတော့ တဖက်ထဲအမြင်နဲ့ တွက်ချက်ထားကြလို့များ အခုလို ကလေးကလားဥပဒေတွေ ထွက်လာသလားလို့ မေးစရာရှိပါတယ်။
သူတို့ပြောတဲ့ သန်း ၅၀အထက်ဆိုတာတွေက အိမ်တလုံးမက ပိုင်တဲ့လူတွေဆိုတော့ ကယ်လီဖိုးနီးယားကနေ လက်တဖျစ်အတွင်း ပြောင်းထွက်သွားဖို့ လွယ်လွယ်လေးပါ။ ဒီမိုကရက်တွေရဲ့ စူးရောက်တဲ့ အခွန်အတုပ်တွေ ဥပဒေတွေကြောင့် ကယ်လီဖိုးနီးယန်းတွေကို အလုပ်ပေးနေ၊ အခွန်ပေးနေတဲ့ ကုမ္ပဏီကြီးတွေ ခြေကန်ထွက်သွားကြပါပြီ။ အခုလို သူဌေးတွေကိုပါ ရှူးတိုက်လွှတ်ဦးမယ်ဆိုရင် အစိုးရအသုံးမကျလို့ ကြီးကြီးလာတဲ့ ဝန်ထုတ်ဝန်ပိုးတွေက ကျန်တဲ့လူတွေက မျှခံရတော့မှာပါ။ အခု သန်း ၅၀ဆိုပေမယ့် မလောက်သေးဘူးဆို သန်း ၂၀ နောက် ၁၀သန်း မဖြစ်လာဘူးလို့ မပြောနိုင်ပါဘူး။ တခြားလက်ဝဲအုပ်စိုးတဲ့အနောက်နိုင်ငံတွေမှာလည်း အခွန်အခက အဲဒီလိုနဲ့ ဝင်ငွေရဲ့ တဝက်လောက် ဖြစ်လာတာပါ။ တချို့ကတော့ နံငယ်ပိုင်းနဲ့ကျန်တဲ့အထိတောင် မဆိုင်သူတွေကိုပဲ မုန်းနေ လက်ညိုးထိုးနေဦးမှာတော့ မြင်ယောင်ပါသေးတယ်။
ပီးပဲလ်စ်ကွန်ဗွိုင်ကတော့ ဒီကနေ့မှာ အယ်လ်အေဘက်ကနေ စထွက်ပါပြီ။ လိုက်ပါမောင်းနှင်ကြမယ့်သူတွေ လာရောက်အားပေးသူတွေနဲ့ စည်စည်ကားကားပါပဲ။ ထရပ်ကာတွေက ဘာကြောင့် ဒီခရီးစတင်ရသလဲဆိုတာ ပြောပြီး ခရီးမထွက်ခင် အမေးဇင်းဂရေစ်သီဆိုပြီး ကျေးဇူးတော်ကို ချီးမွမ်းခဲ့ကြပါတယ်။ ဘာပဲဖြစ်ဖြစ် ဟိုဖက်က အကြမ်းဖက်တွေလို ပုံဖော်ဦးမှာပါပဲ။ ပန်တဂွန်က ထရပ်ကာတွေ ရောက်လာရင် ထိမ်းသိမ်းဖို့ အစောင့်တပ်တွေကို ဒီစီမှာချထားဖို့ ခွင့်ပြုလိုက်ပါပြီ။ ဒါပေမဲ့ အဲဒီတပ်တွေကို လက်နက်တပ်ဆင်မထားကြောင်းနဲ့ ဆာဗေးလန့်စ်လုပ်ခိုင်းဖို့ မရှီကြောင်း၊ လေယာဥ်တွေသုံးဖို့ ခွင့်ပြုမထားကြောင်းတော့ ပြောပါတယ်။ ဘိုင်ဒန်က ဒိမတိုင်ခင်ထဲက State of the Union အတွက် တံတိုင်းတွေ ကာဖို့ လုပ်ထားပြီးပါပြီ။
နယူးယောက်မြို့မှာ အိမ်လခတွေ ခုန်တက်သွားလို့ အိမ်ငှားတွေ အော်နေကြပါတယ်။ မန်ဟက်တန် ရပ်ကွက်သန့်သန့်မှာ အိမ်ခန်းကျဥ်းလေးတခန်းကို တလ ၂၆၈၅နဲ့ ငှားနေသူအမျိုးသမီးက လက်ရှိအငှားသက်တမ်းပြည့်လို့ သက်တမ်းတိုးချင်ရင် တလကို ၃၉၅၀ ပေးရမယ်လို့ ဆိုပါတယ်။ သူနေတဲ့နေရာက အစိုးရက အိမ်လခထိန်းချုပ်ထားတဲ့နေရာမဟုတ်တဲ့အတွက် အဲဒီလိုတိုးလာတာက တရားမဝင်တော့ မဟုတ်ပါဘူး။ အိမ်ပိုင်ရှင်တွေအတွက် အခွန်အခတက်လာတာရော၊ ပြုပြင်ပြင်ဆင်စရိတ်တွေ အဆပေါင်းများစွာ တက်လာတာရော၊ ပိုင်ဆိုင်မှုအပေါ်မှာစတဲ့ အဖက်ဖက်က စည်းကြပ်နေတဲ့ အခွန်အသစ်တွေကြောင့် တက်တာလည်း ဖြစ်နိုင်ပါတယ်။ မားကက်သဘောတရားအတိုင်း ကိုယ့်ဘတ်ဂျက်နဲ့ ညီတဲ့နေရာကို ပြောင်းကြလို့ ဆိုဈေးပေးမယ့်သူမရှိရင် အိမ်ရှင်လည်း ဈေးကိုင်နေလို့ ရမှာ မဟုတ်ပါဘူး။ တခုခုဆို အလုပ်မဖြစ်တဲ့ ပေါ်ပင်ဥပဒေတွေအသစ်လုပ်ပြီး အစိုးရက ဝင်မစွက်ဖို့ပဲလိုပါတယ်။
၂၀၁၈ ဒီလိုအချိန်က ထွက်ခဲ့တဲ့ နာမည်ကြီး ဂျွန်ဟော့ပ်ကင်းစ် (ဆေးတက္ကသိုလ်)ကလုပ်တဲ့ သုတေသနတခုထဲမှာ တနှစ်ကို အနည်းဆုံး လူနှစ်သိန်းခွဲလောက်က ဆေးကုသမှုအမှားအယွင်း တွေကြောင့် သေဆုံးနေကြရပြီး အဲဒါက နှလုံးနဲ့ ကင်ဆာပြီးရင် တတိယ လူအသေဆုံး အကြောင်းရင်းဖြစ်ပါတယ်။ အခြားသုတေသနတွေမှာတော့ တနှစ်ကို လေးသိန်းလေးသောင်းလောက်ထိ သေဆုံးမှုရှိတယ်လို့ ဆိုပါတယ်။ အဲဒီနံပါတ်က ၂၀၂၀နဲ့ ၂၀၂၁တွေမှာ အများကြီး ခုန်တက်သွားမယ်ထင်ပါတယ်။ ဘာကြောင့်လဲဆိုတာတော့ အများသိကြပြီးဖြစ်လို့ မပြောတော့ပါဘူး။