ရူဘယ်ငွေတန်ဖိုးနဲ့ စတော့မားကက်တွေပြုတ်ကျတော့ ရုရှားတွေအများကြီး ဘဏ်တွေမှာ တန်းစီပြီး ငွေထုတ်ဖို့ ကြိုးစားကုန်ပါပြီ။ တချိန်ထဲမှာပဲ ရုရှားဖက်က အထိအခိုက် အဆုံးအရှုံးတွေ များလာတဲ့အပြင် SWIFT ဘဏ်စနစ်ကပါ ရုရှားကိုထုတ်ပစ်လိုက်ရင်တော့ ရုရှားအဖို့ တော်တော်ကြီး အထိနာမှာဖြစ်ပါတယ်။ အဲဒီစနစ်က လူတွေနဲ့ ကုမ္ပဏီတွေရဲ့ မတူတဲ့ဘဏ်တွေ မတူတဲ့ ငွေကြေးတွေကြား ကဒ်တွေ(သို့)အီလက်ထရွန်းနစ်နဲ့ ငွေပေးချေမှုမက်ဆေ့ချ်တွေကို ကြားခံဆောင်ရွက်ပေးတဲ့ စနစ်ဖြစ်ပါတယ်။ SWIFT ကနေ ရုရှားကို ကန်ထုတ်ဖို့ ယူကရိန်းက အမေရိကန်ကို တောင်းပန်နေခဲ့တာပါ။
ဘန်းဖို့ ကြန့်ကြာနေတာက ဂျာမဏီက သဘောမတူခဲ့လို့လို့ တွေ့ပေမယ့် ဘိုင်ဒန်ကလည်း သတင်းစာရှင်းလင်းပွဲမှာ တခြားဆန်ရှင်တွေက ပိုထိရောက်တယ်လို့ပြောပြီး SWIFT ကိုသုံးဖို့ စိတ်မထက်သန်နေသလို ဖြေပါတယ်။ အဲဒါကြောင့် SWIFT သုံးတယ်ဆိုရင် အီးယူနိုင်ငံတွေ G-7 နိုင်ငံတွေက ဦးဆောင်တာလို့ ဆိုရမှာပါ။ အခုတော့ အမေရိကန်က ရုရှားဗဟိုဘဏ်ကို ဒေါ်လာအသုံးပြုခွင့် ပိတ်ပင်လိုက်ပြီဖြစ်ပါတယ်။ ဘိုင်ဒန်က ဂျီဆဲဗင်းနိုင်ငံတွေက ခေါင်းဆောင်တွေနဲ့ စကားပြောရကြောင်း၊ G-7 နိုင်ငံတွေအားလုံးပေါင်းပြီး အရေးယူလိုက်ရင် အင်အားကောင်းတဲ့ လက်နက်တခုဖြစ်လာမှာဖြစ်ကြောင်း ပြောသွားပါတယ်။ အရင်ရက်တွေကတော့ ဘိုင်ဒန်က ဆန်ရှင်တွေက ဘာကိုမှ ထိထိရောက်ရောက် ဟန့်တားနိုင်မှာ မဟုတ်ဘူးဆိုတာ ပြောသွားပါသေးတယ်။
အခုအခါ ရုရှားရဲ့ ထိုးစစ်တွေက လူနေရပ်ကွက်တွေအပါအဝင် မဆင်မခြင်လုပ်လာရုံမက ဂျနီဗာကွန်ဗန်းရှင်းက တားမြစ်ထားတဲ့ အပူချိန်မြင့် vacuum ဗုံးတွေပါ သုံးလာပြီး နျူနဲ့ပါ ခြိမ်းခြောက်လာတဲ့အချိန်မှာ ဒီဖက်က ထိရောက်တဲ့အရေးယူမှုမပြုပဲ ရုန်းတော် လွှတ်တော်လုပ်နေရင် အပြစ်မဲ့တဲ့ပြည်သူတွေ အများကြီး ဒုက္ခရောက်ကြရဦးမှာပါ။ ဒီအခြေအနေမှာ ဂျာမဏီကလည်း ရုရှားအန္တရာယ်ကို သဘောပေါက်လာပြီဖြစ်လို့ SWIFT လုပ်ဖို့ သဘောတူလာပြီလို့ သိရပါတယ်။ ရုရှားက အဲဒီ vacuum ဗုံးက ပစ်လွှတ်လိုက်ပြီးရင် လေထဲက အောက်ဆီဂျင်တွေကို စုပ်ယူဓါတ်ပြုပြီး ထပ်ဆင့်ပေါက်ကွဲစေကာ သမားရိုးကျဗုံးတွေနဲ့စာရင် ပေါက်ကွဲချိန် ပိုကြာ ပိုပြင်းတဲ့ဗုံးမျိုးဖြစ်ပါတယ်။ တချို့သတင်းတွေကတော့ ရုရှားက ဂျီနိုဆိုက်ကျူးလွန်နေတယ်လို့ စွပ်စွဲကြပါတယ်။
ယူကရိန်းနဲ့ကပ်လျက် ဘယ်လာရုစ်ကတော့ ရရှားကို SWIFT ကနေ မထုတ်ဖို့ ပြောပေးတဲ့အပြင် ရုရှားတပ်တွေကို သူ့နယ်မြေပါ သုံးခွင့်ပေးပြီး အဲဒီဖက်ကနေ ယူကရိန်းထဲ ဝင်တိုက်နေကြတာပါ။ သူ့တပ်တွေပါ သုံးခွင့်ပြုမယ်လို့လည်း တွေ့ပါတယ်။ ခရိုင်းမီးယားထဲကနေလည်း ရုရှားတပ်တွေ ဝင်လာနေကြပါတယ်။ ရုရှားကို ကူညီတဲ့ နိုင်ငံတွေကိုလည်း ရုရှားလိုကံကြမ္မာမျိုး ကြုံရအောင် SWIFT က ထုတ်တာတွေ၊ ဆန်ရှင်တွေအပြင် စစ်ရေးအရပါ အရေးယူမှ ဒီပွဲက မျှတပါလိမ့်မယ်။ ၂၈ရက်နေ့မှာတော့ ဘယ်လာရုစ်က အမေရိကန်သံရုံးကို ပိတ်လိုက်ပါပြီ။ ရှာနိုဘိုင်းလ်နျူဓါတ်ပေါင်းဖိုဟောင်းနေရာနဲ့ မြို့တော် ကီးယက်ဗ်တို့ကို ရုရှားတွေက ဘယ်လာရုစ်နယ်မြေထဲကနေ ဝင်တိုက်ကြတာဖြစ်ပါတယ်။
ယူကရိန်းက ရုရှားဆီက ခွဲထွက်လာတုန်းက နျူလက်နက်တွေ ပါလာပါတယ်။ အဲဒါကို အမေရိကန်နဲ့ ရုရှားပေါင်းပြီး ရုရှားက ယူကရိန်းရဲ့ လုံခြုံရေးကို အာမခံပေးပြီး စွန့်လွှတ်ခိုင်းခဲ့ကြတယ်လို့ ဆိုပါတယ်။ အခု ရုရှားက အကြံကုန်တော့ နျူလက်နက်နဲ့ ခြိမ်းခြောက်ရတဲ့အထိ ရှက်ဖွယ်လိလိတွေ ဖြစ်နေတာပါ။ အဲဒါကြောင့် တခြားနျူမပိုင်သေးတဲ့ နိုင်ငံတွေကပါ ငါတို့မှာ နျူလက်နက်ရှိသင့်တယ်ဆိုတဲ့ အတွေးမျိုး ဝင်လာနေကြပါတယ်။ မဟာမိတ်တွေကို ခိုင်မာထိရောက်တဲ့ ခေါင်းဆောင်မှုကို အမေရိကန်ရဲ့ လက်ရှိသမတက မပေးနိုင်တော့ တကမ္ဘာလုံး ငြိမ်းချမ်းမှုကင်းရုံမက လုံခြုံမှုပါ ကင်းမဲ့နေသလို ဖြစ်နေတာပါ။ ပူတင်ဘက်ကတော့ ငါတို့ရေငုပ်သင်္ဘောတွေမှာတင် နျူထိပ်ဖူး ၅၀၀လောက်ရှိတယ်၊ အဲဒါက အမေရိကန်နဲ့ အီးယူကို ဖျက်ဆီးဖို့ လုံလောက်တယ်၊ ငါတို့အပေါ် ရန်လိုတဲ့ ဆုံးဖြတ်ချက်တွေ ချနေသ၍ ငါတို့မပါရတဲ့ ကမ္ဘာကြီးက ဘာမှအဓိပ္ပါယ်မရှိဘူးလို့ ခြိမ်းခြောက်ပါတယ်။
ဆီနိတ်တာ မာကို ရူဘီယိုရော နိုင်ငံခြားရေးဝန်ဟောင်း ကွန်ဒလီဇာရိုက်စ်ရောက ပူတင်နဲ့ အကြိမ်ကြိမ် ဆုံဖူးသူ ပူတင့် သဘောသဘာဝကို ကောင်းကောင်း သိထားဖူးသူတွေဖြစ်ပါတယ်။ သူတို့တွေအဆိုအရ ပူတင်က အရင်အခါတွေလိုမဟုတ်ပဲ ခုတခါက အမှားမှားအယွင်းယွင်းတွေ ဖြစ်နေတယ်၊ အရင်ပူတင်နဲ့ မတူနေဘူးလို့ ဆိုကြပါတယ်။ ခေတ်ချင်းမတူတော့တာကို နည်းအဟောင်းတွေ သုံးမိနေတာ ဖြစ်နိုင်သလို အာဏာရှင်စနစ်ရဲ့ ထုံးစံအတိုင်း လက်အောက်ငယ်သားတွေက နီးရာဓါးကြောက်ရ၊ ပြန်ပြောခွင့် အထွန့်တက်ခွင့်မရှိတဲ့ အခြေအနေဆိုတော့ အောက်ခြေက တကယ့်အနေအထားကို ကေဂျီဘီက လာတဲ့လူဖြစ်ဦးတောင် အထက်မှာ နေတာကြာသွားရင် ခါးပြတ်သွားတာမျိုး ဖြစ်နိုင်သေးတာကို သင်ခန်းစာ ယူရမှာဖြစ်ပါတယ်။
ထောက်လှမ်းရေးက ရတဲ့သတင်းထဲမှာတော့ ပူတင်က လက်ကိုင်ဖုံးရော အင်တာနက်ပါ မသုံးဘူးလို့ ဆိုပါတယ်။ အဲဒါကြောင့်လည်း သူ့တွက်ကိန်းတွေက လက်ရှိအခြေအနေတွေကို မထင်ဟပ်နေတာ ဖြစ်နိုင်ခြေတခုပါ။ အာဏာရှင်တွေရဲ့ မီဒီယာတွေက ဂျင်းတွေများတာဆိုတော့ ကိုယ့်ဂျင်း ကိုယ်စားနေမိတာလည်း ဖြစ်နိုင်ခြေတခုပါပဲ။ မြန်မာပြည်က ပုဂ္ဂိုလ်ကြီးများကိုပဲ ကြည့်ကြည့် အမေရိကန်က ဒီမိုကရက်ခေါင်းဆောင်တွေကိုပဲ ကြည့်ကြည့် မြေပြင်အနေအထားအပေါ် အထင်နဲ့ အမြင်က အခုလိုအင်ဖော်မေးရှင်းခေတ်မှာတောင် သိသိသာသာ ကွာဟနေတာ ဖြစ်ပါတယ်။
လွှတ်တော် ထောက်လှမ်းရေးကော်မီတီမှာ လုပ်ခဲ့ပြီး အခု ထရမ့်ရဲ့ ထရုသ်ဆိုရှယ်ကို ဦးဆောင်နေတဲ့ ဒယ်ဗင်နျုနက်စ်က ပူတင်က ပြီးခဲ့နှစ်နှစ်လုံး တရုပ်ကို ပူတင်စောင့်ကြည့်နေခဲ့မှာပဲ၊ သူတို့ထွင်တဲ့ ကပ်ပိုးကြီး ကမ္ဘာအနှံ့ကို မွှေသွားတာ သူ့ကို လက်ရှိကမ္ဘာ့ခေါင်းဆောင်တွေထဲ ဘယ်သူက အရေးယူဖို့ ပြောတာကြားမိလဲ၊ အဲဒီလောက် ပျက်စီးဆုံးရှုံးမှု များခဲ့တဲ့ကိစ္စကိုတောင် ရှီက တာဝန်ယူစရာမလိုပဲ သာသာယာယာ ဖြတ်သန်းလာခဲ့တာဆိုတော့ သူက နိုင်ငံလေးတခုကို အရင်လိုပဲ ဝင်သိမ်းတာကို လေနဲ့ကလွဲလို့ ဘယ်သူကမှ အရေးတယူလုပ်မှာ မဟုတ်ဘူးလို့ တွက်ဆခဲ့တာလည်း ဖြစ်နိုင်တာပါပဲ။ အဲဒီတွက်ကိန်းရော သူ့မှိုင်းသူမိတာရောပေါင်းတော့ ယူကရိန်းပြည်သူတွေကပါ စစ်သားတွေအဖြစ် အသွင်ပြောင်းပြီး စစ်ထဲ ဝင်ပါလာကြရင် သူ့တပ်တွေ အထိနာမယ်ဆိုတာ မတွေးနိုင်လောက်အောင် ဖြစ်ကုန်တာပါ။ အခု လက်ရှိယူကရိန်းတွေအပြင် ပြည်ပမှာ နေနေကြတဲ့ နာမည်ကြီး ယူကရိန်းတွေ၊ တခြားနိုင်ငံသားတွေပါ ပြန်လာပြီးတိုက်ဖို့ စာရင်းပေးထားကြတယ်လို့ ဆိုပါတယ်။
စစ်ဆိုတာ ဖြစ်ပြီဆိုရင်တော့ ဘာကြောင့်ပဲဖြစ်ဖြစ် အကျည်းတန်တာ အမှန်ပါပဲ။ ယူကရိန်းဘက်ကလည်း အသေအပျောက်ရော ပျက်စီးဆုံးရှုံးမှုတွေရော မနည်းပါဘူး။ ဒါပေမဲ့ အာဏာရှင်လက်အောက် တပါးလက်ပါးစေဘဝ ပြန်မရောက်ဖို့ မဖြစ်မနေ ရင်းရတဲ့ ရွေးချယ်စရာမရှိတဲ့ အနေအထားပါ။ လွယ်လွယ်အလျော့ပေး အညံ့ခံလိုက်ရင် ယူကရိန်းသမိုင်း ရိုင်းသွားမှာပါ။
အနောက်နိုင်ငံတွေထဲမှာ ပူတင်နဲ့ လတ်တလော စကားပြောထားတာဆိုလို့ အစ္စရေးဝန်ကြီးချုပ် နက်ဖ်တာလီဘန်းနက်ပဲ ရှိပြီး သူက ရုရှားနဲ့ရော ယူကရိန်းနဲ့ပါ နီးစပ်သူဖြစ်ပါတယ်။ အပစ်ရပ်ဖို့အတွက် ဇယ်လန်းစကီးက ဘန်းနက်ကို ကြားဝင်စေ့စပ်ပေးဖို့ပြောပြီး ၂ရက်အကြာမှာ ဘန်းနက်က ပူတင်ဆီ ဖုံးခေါ်ပြီး သူကြားဝင်စေ့စပ်ပေးမယ်လို့ ကမ်းလှမ်းခဲ့ပါတယ်။ အဲဒီလို ပူတင်ဆီ ဖုံးမခေါ်ခင် ဘိုင်ဒန်အစိုးရကို အကြောင်းကြားခဲ့ပြီး ဖုံးခေါ်အပြီးမှာ ဘာတွေဆွေးနွေးခဲ့တယ်ဆိုတာကို အစ္စရေးဖက်က ပြောပြခဲ့တယ်လို့ ဆိုပါတယ်။
တွေ့ဆုံဆွေးနွေးဖို့ အတွက် ရုရှားက သူ့ဘက်က စစ်ကူပေးနေတဲ့ ဘယ်လာရုစ်မှာ တွေ့ချင်ပြီး ယူကရိန်းဘက်ကတော့ ကြားနေနိုင်ငံက မြို့တစ်မြို့မြို့မှာ တွေ့ချင်တာပါ။ နောက်ဆုံးတော့ ပြည်သူအသက်ကို တန်ဖိုးထားတဲ့ ခေါင်းဆောင်က ဘယ်လာရုစ် ယူကရိန်းနယ်စပ်ကို ကိုယ်စားလှယ်လွှတ်လိုက်ရပါတယ်။ ဒါပေမဲ့ ညစ်ကျယ်ပူတင်က ၁၅၀၀နာရီအတိမှာ ပေါ်မလာလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ထပြန်သွားခဲ့တာကြောင့် ဘာမှ မဆွေးနွေးလိုက်ရပါဘူး။ ထပ်တော့ တွေ့ဆုံကြဦးမယ်လို့ ဆိုပါတယ်။
ဖမ်းမိထားတဲ့ ရုရှားစစ်သားတွေကတော့ သူတို့က စစ်ရေးလေ့ကျင့်မယ်လောက်ပဲ ထင်ခဲ့တာလို့ ပြောကြသလို တချို့ကလည်း ယူကရိန်းတွေလည်း မိသားစုတွေနဲ့ပဲဆိုတော့ မတိုက်သင့်ပါဘူးလို့ ဆိုကြပါတယ်။
ဘာပဲဖြစ်ဖြစ် အနောက်နိုင်ငံခေါင်းဆောင်တွေက မှန်းခဲ့ကြတဲ့ ဒီလကုန်လောက် မြို့တော်ကျမယ်ဆိုတဲ့ တောင်ကိုတော့ ကျော်လွန်သွားခဲ့ပါပြီ။ မြို့ကြီးတွေအကုန် ယူကရိန်းတွေက ထိန်းချုပ်ထားဆဲပါ။ ယူကရိန်းပိုင်တဲ့ ယမကာစက်ရုံတွေက မိုလိုတော့ဗ်တွေ ထုတ်လုပ်ရာမှာ အကူအညီ ပေးနေပါတယ်။ ကြည့်ရတာ အနောက်နိုင်ငံတွေက ပြည်သူ့ပါဝါကို လျော့တွက်ထားပုံရပါတယ်။ ပူတင်ရှက်ရမ်း မရမ်းဖို့ပဲ ဆုတောင်းနေပါတယ်။ ပြည်သူ့အားကို လျော့မတွက်ဖို့ ထပ်လောင်းသက်သေပါပဲ။
ဘိုင်ဒန်ခန့်ထားတဲ့ ယူအန်သံအမတ် လင်ဒါသောမတ်စ်ဂရင်းဖီးလ်က ရုရှားက စစ်ရှိန်မြှင့်လာနေတာ လုံးဝ လက်ခံနိုင်စရာမရှိကြောင်း၊ ဒါကြောင့် သူမတို့အနေနဲ့ အပြင်းထန်တကာ့ အပြင်းထန်ဆုံး ရှုတ်ချရမှာဖြစ်ကြောင်း ပြောသွားပါတယ်။ လေနဲ့ ရှုတ်ချတာမကြောက်လို့ ဒီအခြေအနေအထိ ဖြစ်လာတာလေ လင်ဒါရယ်၊ ရှုတ်ချတာ အလုပ်ဖြစ်တယ်ဆိုရင် ကမ္ဘာပေါ်မှာ အာဏာရှင်နိုင်ငံတွေ ဘယ်ရှိပါတော့မလဲ။ ကလိုင်းမိတ်သံတမန်ကြီး ဂျွန်ကယ်ရီက ယူကရိန်းကိစ္စကြောင့် ဒီထက်ပို အရေးကြီးတဲ့ ကလိုင်းမိတ်ကိစ္စကို လူတွေ အာရုံစိုက်မှု လျော့သွားမှာ စိုးရိမ်ကြောင်း စူးရောက်တဲ့ ဉာဏ်ပညာနဲ့ ပြောပြန်ပါတယ်။ အမေရိကန်ပြည်တွင်းမှာလည်း စတော့မားကက်တွေကျ၊ ဆီဈေးတွေတက်ဆိုတော့ ဘိုင်ဒန့်စွမ်းအင်ဝန်ကြီးကို ပြည်တွင်းစွမ်းအင်ထုတ်လုပ်မှုကန့်သတ်ချက်တွေ ဖြေလျော့ပေးမှာလားဆိုတော့ ဟာသတပုဒ်နားထောင်ရသလို ရီမောပြီး ကမ္ဘာ့ရေနံကို ကိုင်ထားတာ ရုရှားတို့ အိုပက်တို့လို ကာတဲလ်တွေလေ၊ ငါတို့က တိုးထုတ်ဖို့ ပြောနေတာပဲ၊ သူတို့က နားမထောင်ဘူးလို့ ဆိုပါတယ်။ ဘိုင်ဒန့်ပြန်ဝန်ကလည်း စစ်ဖြစ်ရင် မားကက်ကျ၊ ဆီဈေးတက်မယ်ဆိုတာ မျှော်လင့်ထားရမှာပဲလေလို့ ဆိုပါတယ်။ အားရစရာအစိုးရပါပဲ။