အိုဘားမားလက်ထက်မှာ စစ်ထောက်လှမ်းရေးဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်စဥ် အိုဘားမားရဲ့ ဆုံးဖြတ်ချက်တွေကို မေးခွန်းထုတ်ခဲ့လို့ အိုဘားမားငြိုးတာခံခဲ့ရပြီး ထရမ့်လက်ထက်မှာ အမျိုးသားလုံခြုံရေးအကြံပေးမခန့်ဖို့ တားနေတဲ့ကြားက ထရမ့်ကခန့်ခဲ့တဲ့အတွက် ထောင်ချောက်ဆင်ဖမ်းဆီးတာ ခံခဲ့ရတဲ့ ဗိုလ်ချုပ်ကြီးဖလင်းက ရူရှားကျူးကျော်စစ် အဆုံးသတ်အောင် ဘယ်လို လုပ်နိုင်မယ်ဆိုတာကို တင်ပြသွားပါတယ်။ သူက ဒီစစ်ပွဲက လုံးဝ ရှောင်လို့ရနိုင်တယ်ဆိုတာ သူရေးခဲ့ပြီးဖြစ်ကြောင်း၊ ပြီးခဲ့တဲ့ အောက်တိုဘာမှာ ဘိုင်ဒန်အစိုးရက ယူကရိန်းကို သွားခဲ့တာကို ပြန်ဆန်းစစ်ကြဖို့ ပြောလိုက်ပါတယ်။
ယူကရိန်းက ဆိုဗီယက်ယူနီယံက ခွဲထွက်လာချိန်မှာ အမေရိကန်နဲ့ ရုရှားပြီးရင် ကမ္ဘာမှာ တတိယနျူလက်နက်အများဆုံး ပိုင်ဆိုင်ခဲ့တဲ့နိုင်ငံဖြစ်ကြောင်း၊ အဲဒါကို ဥရောပလုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့က ၁၉၉၄ခု ဒီဇင်ဘာ ၅ရက်မှာကျင်းပခဲ့တဲ့ ဘူဒါပက်စ်သဘောတူညီချက်အရ ဘယ်လာရုစ်၊ ကာဇက်စ်တန်နဲ့ ယူကရိန်းတို့က နျူလက်နက် မပြန့်ပွားရေးစာချုပ်ကို လက်မှတ်ထိုးခဲ့ကြောင်း၊ စာချုပ်ပါ သဘောတူညီချက်အရ အမေရိကန်နဲ့ ရုရှားက အဆိုပါ ၃နိုင်ငံကို မကျူးကျော်ပါဘူးလို့ ကတိပေးတဲ့အတွက် အဆိုပါ ၃နိုင်ငံကလည်း သူတို့ပိုင်တဲ့ နျူလက်နက်တွေကို စွန့်လွှတ်ဖို့ အသီးသီး လက်မှတ်ထိုးခဲ့ကြကြောင်း၊ အဲဒါကိုကြည့်ရင် ရုရှားက ဒီစာချုပ်ကို ဖောက်ဖျက်နေသလို အမေရိကန်ကလည်း ဝင်တားဖို့ တာဝန်ရှိကြောင်း၊
သမ္မတထရမ့်လက်ထက်မှာ ဒီစစ်မဖြစ်ခဲ့တဲ့အကြောင်းတွေထဲမှာ အဓိကက ပြတ်သားတဲ့ခေါင်းဆောင်မှုပေးနိုင်တာကြောင့် ဖြစ်ကြောင်း၊ ယူကရိန်းကို ကျူးကျော်တာ ပူတင့်ရဲ့ ဆိုးရွားတဲ့အမှားကြီးတခုဖြစ်ကြောင်း၊ သူက သူ့တပ်တွေကို ယူကရိန်းကလူတွေက ဝမ်းပမ်းတသာ မကြိုကြရင်တောင် သိပ်ဆန့်ကျင်ကြလိမ့်မယ်လို့ မထင်ခဲ့ကြောင်း၊ ငါ့အမြင်မှာတော့ Crimea, Donetsk နဲ့ Luhansk ဒေသတွေမှာတောင် သူ့ထောက်ခံမှုက တဝက်/တဝက်စွန်းစွန်းလောက်သာ ရှိနိုင်ပြီး ယူကရိန်းတနိုင်ငံလုံး အဲဒီလိုထောက်ခံလိမ့်မယ်လို့ မျှော်လင့်နေတာက သူ့တွက်ကိန်းမှားတာကို ပြနေကြောင်း၊
ဘာပဲဖြစ်ဖြစ် စစ်ပွဲမြန်မြန်ပြီးဖို့ဆိုရင် ပူတင်ကို ထွက်ပေါက်တခုတော့ ပေးရမှာဖြစ်ကြောင်း၊ သိန်းချီတဲ့လူတွေရဲ့ ဘဝတွေက စစ်ဖြစ်နေသ၍ နေ့တိုင်း ပျက်စီးနေဦးမှာဖြစ်ကြောင်း၊ အဲဒါကြောင့် နှစ်ဖက်စလုံးက တခုခုကို အမြန်ဆုံးလုပ်ဖို့ လိုကြောင်း၊ ရုရှားတွေသေတာလည်း မနည်းကြောင်း၊ ဒီပုံစံနဲ့ဆို ပူတင်လည်း စစ်မြန်မြန်မပြီးရင် ပြဿနာတက်တော့မှာဖြစ်ကြောင်း၊ ရှေးစကားပုံလို မသိတဲ့ မကောင်းဆိုးဝါးနဲ့စာရင် သိတဲ့မကောင်းဆိုးဝါးနဲ့ ရင်ဆိုင်တာက ပိုကောင်းမှာဖြစ်ကြောင်း
အရင်ဆုံး ပူတင်ကို နားလည်အောင် လုပ်ဖို့လိုကြောင်း၊ ပူတင်က မီဒီယာတွေ ပုံဖော်နေသလို အရူးအပေါမဟုတ်ကြောင်း၊ သူအခုလုပ်နေပုံက သူအမြဲလုပ်နေကျအတိုင်းပဲ ဖြစ်ကြောင်း၊ အရင်ကဥပမာတခုကို ပြရရင် New England Patriots ပိုင်ရှင် Robert Kraft က 2005တုန်းက ပူတင်နဲ့ တွေ့စဥ်မှာ သူ့ရဲ့ ဆူပါဘိုးလ်လက်စွပ်ကို ချွတ်ပြခဲ့ကြောင်း၊ ပူတင်က တော်တော်သဘောကျပုံ ရကြောင်း၊ Kraft က ပြန်ယူဖို့ လက်လှမ်းတဲ့အခါမှာ ပူတင်က လက်စွပ်ကို သူ့အိတ်ထဲထည့်ပြီး ထထွက်သွားခဲ့ကြောင်း၊ ပြောရရင် ခိုးသွားခဲ့ကြောင်း၊ အဲဒီတုန်းက အိမ်ဖြူက Kraft က ပူတင်ကို လက်ဆောင်ပေးခဲ့တာဖြစ်တယ်လို့ အတင်းလိုက်ဖာပေးနေခဲ့ကြောင်း၊ နှစ်များစွာ ကြာပြီးတော့မှ Kraft က အဖြစ်မှန်ကို ပြောပြခဲ့တာဖြစ်ကြောင်း၊
ပြောချင်တာက ပူတင်က သူလုပ်လို့ရမယ်ထင်ရင် ဘာဖြစ်ဖြစ် လုပ်မှာဖြစ်ကြောင်း၊ လုပ်လို့မရလောက်တဲ့ အကြောင်းရှိမှ မလုပ်မှာဖြစ်ကြောင်း၊ အဲဒါကြောင့် ထရမ့်လက်ထက်မှာ ဘာမှ မလုပ်ရဲခဲ့တာဖြစ်ကြောင်း၊ လုပ်ရင်လည်း ထရမ့်က သည်းမခံဘူးဆိုတာ ဆီးရီးယား၊ အီရန်တို့မှာ လုပ်ပြထားတာတွေက သက်သေဖြစ်ကြောင်း၊ ဘိုင်ဒန်အစိုးရလက်အောက်မှာတော့ သူလုပ်ရင်လည်း ထိထိရောက်ရောက် ဟန့်တားမှာမဟုတ်တာ သူသိနေကြောင်း၊ တဖက်မှာလည်း သူရော သူ့အကြံပေးတွေရော ဗိုလ်ချုပ်ကြီးတွေရောက ယူကရိန်းပြည်သူတွေ သူတို့ကို ထောက်ခံလိမ့်မယ်လို့ အတွက်လွဲနေခဲ့ကြောင်း၊
ပူတင့်ကို ထွက်ပေါက်ပေးဖို့ဆိုရင် ပူတင်လည်း သူလိုချင်တာရ၊ ယူကရိန်းလည်း လုံခြုံမှုရ၊ ဥရောပနဲ့ ကမ္ဘာကြီးလည်း အသက်ပြင်းပြင်းရှုလို့ရသွားမယ့်အပြင် နှစ်ဖက်လုံး သေကြေနေတာတွေကို ရပ်တံ့နိုင်ဖို့ အဖက်ဖက်က စဥ်းစားသုံးသပ်ဆွေးနွေးကြရမှာဖြစ်ကြောင်း၊ သူ့အနေနဲ့ကတော့ ဒီအကျပ်အတည်းကို အဆုံးသတ်ဖို့ ဘူဒါပက်စ်သဘောတူညီချက်ကို ပြန်သွားရမှာဖြစ်ကြောင်း၊ အဲဒီစာချုပ်ကို ရုရှားက ဖောက်ဖျက်တဲ့အတွက် အမေရိကန်နဲ့ တခြားလက်မှတ်ထိုးနိုင်ငံတွေက စာချုပ်အတိုင်း လိုက်နာအောင် ဖိအားပေးရမှာဖြစ်ကြောင်း၊ ဒါက ကနဦးခြေလှမ်းဖြစ်ကြောင်း၊
ပထမပိုင်းက ရုရှားက ယူကရိန်းကို ကြားနေဖြစ်စေချင်ကြောင်း၊ ဘူဒါပက်စ်စာချုပ်ကလည်း အဲဒီလိုသဘောဖြစ်ကြောင်း၊ အဲဒီတော့ ရုရှားက အဲဒီစာချုပ်ကို လေးစားလိုက်နာရင် ယူကရိန်းက နေတိုးကို ဝင်စရာ မလိုကြောင်း၊ နေတိုးက ယူကရိန်းကို လက်ခံရင် ဘူဒါပက်စ်စာချုပ်ဖောက်တယ်လို့ လက်ခံဖို့ဖြစ်ကြောင်း၊ သူ့အမြင်မှာ ပူတင်က အဲဒါကို သေချာစဥ်းစားပြီး လက်ခံဖို့ထိ ဖြစ်လာနိုင်ကြောင်း၊ အဲဒါက သူလိုချင်တာကို လူတွေထပ်မသေပဲ ရတဲ့နည်းဖြစ်ကြောင်း၊
ဒုတိယပိုင်းက ပူတင်က ယူကရိန်းကို ခရိုင်းမီးယားကို ပိုင်ဆိုင်တယ်ဆိုတာကို စွန့်လွှတ်ဖို့ ကြေငြာစေချင်ကြောင်း၊ ယူကရိန်းက အဲဒါကို သေချာစဥ်းစားပြင်ဆင်ပြီး သဘောတူသင့်ကြောင်း၊ ပူတင်က ခရိုင်းမီးယားကို ယူကရိန်းထံ ၁၉၅၀ခုနှစ်တွေက ပေးခဲ့တာက ဥပဒေနဲ့မညီဘူးလို့ ပြောနေကြောင်း၊ ဟုတ်/မဟုတ်ဆိုတာထက် သူကပြန်လိုချင်နေတာဖြစ်ကြောင်း၊ ယူကရိန်းက ခရိုင်းမီးယားကို ပြန်ရဖို့ဆိုရင် စစ်ပွဲကြီးကြီးမဆင်နွဲပဲ ဖြစ်နိုင်မှာမဟုတ်လို့ ပြန်ရဖို့ ဖြစ်နိုင်မှာ မဟုတ်ကြောင်း၊ ခရိုင်းမီးယားမှာလည်း ပူတင်ထောက်ခံသူတွေရှိနေသလို ရုရှားလိုလားသူတွေ တဝက်လောက် ရှိနေတဲ့အတွက် ဆုံးရှုံးမှုဆိုသောလည်း ပထဝီနိုင်ငံရေးအရ အကြီးစားဆုံးရှုံးမှုတော့ မဟုတ်ပါကြောင်း၊ ၁၉၅၀နှစ်တွေကစပြီး ယူကရိန်းက ခရိုင်းမီးယားဒေသဖွံ့ဖြိုးအောင် အများကြီးအကုန်အကျခံလုပ်ပေးထားတာတွေအတွက် ရုရှားကနေ ပြန်တောင်းဖို့တော့ လိုကြောင်း၊ အဲဒီကုန်ကျစရိတ်က အကြီးစားနဲ့ နှစ်ရှည်ဖြစ်သင့်ကြောင်း၊
တတိယပိုင်းကတော့ ပူတင်က အရပ်သားတွေကို သတ်တာက သူ့အမိန့်ကို ဆန့်ကျင်တယ်ဆိုတာကို အလေးထားကိုင်တွယ်ပြီး ယူကရိန်းပြန်လည်ထူထောင်ဖို့ အကူအညီပေးရမှာဖြစ်ကြောင်း၊ ပူတင့်အနေနဲ့ ဗိုလ်ချုပ်ကြီးတွေနဲ့ ကာကွယ်ရေးဝန်ကြီးဌာန အရာရှိကြီးတွေကို အရပ်သားတွေကို မတိုက်ခိုက်ဖို့ သူ့အမိန့်ကို မလိုက်နာကြောင်း လူသိရှင်ကြား ကြေငြာပြီး အလုပ်ဖြုတ်ပစ်နိုင်ကြောင်း၊ (ပြီးရင် အဲဒီလူတွေကို အမေရိကန်ကို လာခွင့်ပြုပြီး ဒီစီမှာ ပညာရှင်တွေ အနေနဲ့ အလုပ်ပေးထားနိုင်ကြောင်း) စည်းကမ်းချက်တွေဘယ်လိုပဲ သတ်မှတ်သတ်မှတ် အဓိကက ပူတင်က စစ်ပွဲကို ရပ်ပစ်ဖို့ဖြစ်ကြောင်း၊
နောက်ဆုံးမှာတော့ အမေရိကန်က ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကိုယ့်အစိုးရကိုယ်ရွေးတာဟာ နိုင်ငံတွေရဲ့ အခွင့်အရေးအဖြစ် အမြဲရပ်တည်သွားရမှာဖြစ်ကြောင်း၊ ယူကရိန်းနဲ့ပတ်သက်ပြီး ပူတင်က ဘာပဲပြောပြော ယူကရိန်းပြည်သူတွေမှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲနဲ့ သူတို့လိုချင်တဲ့ အစိုးရကို သူတို့ရွေးချယ်နိုင်ခွင့်ရှိဖို့ထက် ဘယ်ဟာကမှ ပိုအရေးမကြီးကြောင်း၊ အဲဒီလိုသွားရင် ဘာမှရှုံးစရာမရှိဘူးလို့ ပြောနိုင်ကြောင်း၊ ပူတင်အတွက်လည်း အပယ်ခံအဖြစ်နဲ့ ဆန်ရှင်တွေတပုံကြီးရတာနဲ့စာရင် ဒီလိုသဘောတူညီချက်မျိုးကို ပိုလိုလားမယ်လို့ ထင်ကြောင်း၊
သူမပြောနိုင်တာက ယူကရိန်းက သဘောတူ/မတူဆိုတာကိုဖြစ်ကြောင်း၊ ယူကရိန်းက နေတိုးကို ဝင်ချင်တာကို စွန့်လွှတ်နိုင်မယ်လို့ ထင်ကြောင်း၊ အဲဒီလိုဆိုရင် ဥရောပသမဂ္ဂကိုတော့ အမြန်ဆုံး ဝင်ခွင့်ပေးသင့်ကြောင်း၊ ခရိုင်းမီးယားကိစ္စက ခက်ပေမယ့် တနိုင်ငံလုံး စစ်မီးဆိုက်တာနဲ့စာရင်တော့ စွန့်လွှတ်ဖို့ စဥ်းစားသင့်ကြောင်း၊ ကုန်ကျခဲ့သမျှ ရုရှားဆီက များများသာ တောင်းဖို့လိုကြောင်း၊
ရုရှားအနေနဲ့လည်း ဆန်ရှင်မှာ ဆုံးရှုံးမယ့်ဝင်ငွေရယ် အခက်အခဲတွေ့ရမှာတွေရယ် ယူကရိန်းကို ပေးရမှာရယ်နဲ့ဆိုတော့ ဘာကိုပဲရွေးရွေး အကုန်အကျတော့ များမှာဖြစ်ကြောင်း၊ ဒါပေမယ့် ယူကရိန်းဖက်ကတော့ အရှုံးမရှိကြောင်း၊
ပိုကြီးတဲ့ပြဿနာက ဘိုင်ဒန်အစိုးရက ပူတင်နဲ့ညှိနှိုင်းဖို့ လုံလောက်တဲ့ ခိုင်မာပြတ်သားမှု မရှိနေတာဖြစ်ကြောင်း၊ ပူတင်မှာလည်း တခြားဝှက်ဖဲတွေ ရှိနေနိုင်ကြောင်း၊ ဖြစ်နိုင်တာတခုက အမေရိကန်ဝင်မပါပဲ ယူကေနဲ့ ပြင်သစ်ခေါင်းဆောင်တွေက ဦးဆောင်ပြီး ဆွေးနွေးဖိအားပေးဖို့ လုပ်နိုင်ကြောင်း၊
နောက်ဆုံးအနေနဲ့ တခုအလေးပေးပြောချင်တာက ဘူဒါပက်စ်သဘောတူညီချက်အကြောင်း ဖြစ်ကြောင်း၊ အဲဒီစာချုပ်က အချုပ်အချာပိုင်နိုင်ငံတချို့ရဲ့ နျူလက်နက်တွေကို စွန့်လွှတ်ဖို့ တွန်းအားပေးထားတာဖြစ်ကြောင်း၊ အခုကျူးကျော်စစ်ဖြစ်လိုက်တော့ တခြားနိုင်ငံတွေကလည်း နျူလက်နက်ပိုင်ချင်လာကြကြောင်း၊ ကိုယ့်နိုင်ငံနယ်နမိတ်ကို တခြားနိုင်ငံတွေက မလေးစားဘူးဆိုရင် နျူလက်နက်ပိုင်ထားတာက ကိုယ့်လုံခြုံရေးအတွက် ကောင်းကြောင်း၊ တခြားရွေးချယ်စရာတွေလိုပဲ သူတင်ပြခဲ့တဲ့အချက်တွေကလည်း စဥ်းစားရင် အရှုံးမရှိလို့ စဥ်းစားဖို့သင့်တဲ့အကြောင်း ဝက်စ်တန်းဂျာနယ်မှာ ရေးသားထားပါတယ်။
ရုရှားတပ်တွေက ယူကရိန်းက နျူစွမ်းအင်သုံး Zaporizhzhia ဓါတ်အားပေးစက်ရုံကို ဝင်စီးထားကြပါတယ်။ ယူကရိန်းအရာရှိတွေက အဲဒီစက်ရုံပေါက်ကွဲရင် ရှာနိုဘိုင်းလ်ထက် ပြင်းအား ၁၀ဆ ဖြစ်မှာကြောင့် အမြန်ဆုံး အပစ်ရပ်ပါ၊ မီးသတ်တွေ ပေးဝင်ပါလို့ သတိပေးပါတယ်။ အဲဒီစက်ရုံက ဥရောပမှာ အကြီးဆုံးနျူဓါတ်အားပေးစက်ရုံဖြစ်ပြီး ယူကရိန်းတနိုင်ငံလုံးရဲ့ ၂၅% ကို မီးပေးနေတာဖြစ်ပါတယ်။ ရုရှားတပ်တွေက အဲဒီစက်ရုံကို အဖက်ဖက်က ပစ်ခတ်နေတာကြောင့် စက်ရုံရဲ့ တစိတ်တပိုင်းက မီးလောင်နေပြီလို့ cctv မှာ တွေ့ရတယ်လို့ ဆိုပါတယ်။ အဆိုပါစက်ရုံက မြို့တော်ကိဗ်ရဲ့ အရှေ့တောင်ဖက် မိုင် ၄၀၀အကွာရှိ Dnieper မြစ်ကမ်းပါးမှာ ရှိတာပါ။ ယူကရိန်းခေါင်းဆောင်တွေက အနောက်နိုင်ငံမဟာမိတ်တွေကို နျူစွမ်းအင်စက်ရုံတွေအပေါ်မှာ လေယာဥ်မပျံရအောင် တားမြစ်ပေးဖို့ ပန်ကြားထားပါတယ်။ ဒါပေမဲ့ အဲဒီလို လုပ်လိုက်ရင် အမေရိကန်နဲ့ နေတိုးက ရုရှားတပ်တွေနဲ့ ထိပ်တိုက်တွေ့မှာကြောင့် အကာအကွယ်ပေးဖို့ ငြင်းဆိုထားပါတယ်။
ရုရှားတွေ ယူကရိန်းကို ပြီးခဲ့တဲ့အပတ်ကစပြီး ကျူးကျော်ကထဲက ယူကရိန်းသမ္မတကို လုပ်ကြံဖို့ ကြိုးစားခဲ့တာ အခုဆို ၃ကြိမ်ရှိနေပြီဖြစ်ပါတယ်။ ဒါပေမဲ့ စစ်မလိုလားတဲ့ ရုရှားစစ်တပ်ထဲက ဖရဲသီးတွေက ယူကရိန်းဘက်ကို mercenary အုပ်စု ၂စု လာလုပ်ကြံမယ့်အကြောင်း သတင်းပေးခဲ့ကြလို့ မအောင်မြင်ဖြစ်ခဲ့ပါတယ်။ အဲဒီနှစ်ကြိမ်လုံးမှာ ကရင်မလင်က ထောက်ပံ့ထားတဲ့ Wagner Group က နောက်ကွယ်က ပါဝင်ပတ်သက်နေတယ်လို့ ဆိုပါတယ်။ နိုင်ငံခြားတိုင်းပြည်တခုရဲ့ ခေါင်းဆောင်တဦးကို လုပ်ကြံတာက မစ်ရှင်အကြီးစားကြီးဖြစ်တာကြောင့် ပူတင်အစိုးရနဲ့ တိုက်ရိုက်ပတ်သက်တာမဟုတ်တဲ့အတွက် စွပ်စွဲလာရင် ငြင်းလို့ရအောင် လက်တလုံးခြား လုပ်ထားတာဖြစ်ပါလိမ့်မယ်။ သူတို့အကြံအောင်မြင်ရင် စစ်ပွဲအခြေအနေက တမျိုးတဖုံပြောင်းသွားဖို့ မျှော်လင့်ထားတာပါ။ စစ်ပွဲကြာလေ အထိအခိုက် အကျအဆုံး အကုန်အကျများလေ ပူတင်ရုပ်ပျက်လေဖြစ်တာကြောင့် မြန်မြန်ပြီးဖို့ နည်းမျိုးစုံနဲ့ ကြိုးစားနေပုံရပါတယ်။
ဥရောပက ထောက်လှမ်းရေးအရာရှိတွေက ရုရှားတွေဟာ ယူကရိန်းမြို့ကြီးတွေကို သိမ်းပြီးသွားရင် လူထုရှေ့မှောက်မှာ ကွက်မျက်မှုတွေလုပ်မယ်လို့ ထိတ်လန့်ဖွယ် သတင်းရထားကြောင်း အမည်မဖော်လိုသူအရာရှိတဦးကို ကိုးကားပြီး ယူကေက ဘလူမ်းဘဂ်အယ်ဒီတာတဦးက ရေးသားထားပါတယ်။ အဓိကက ယူကရိန်းတွေကြား အကြောက်တရားသွင်းပေးတဲ့အနေနဲ့ ရုရှားကျူးကျော်မှု/သိမ်းပိုက်မှုတွေကို ဆန့်ကျင်ဆန္ဒပြသူတွေကို ကြမ်းကြမ်းတမ်းတမ်း ရက်ရက်စက်စက်နှိမ်နှင်းဖို့ ဖြစ်နိုင်ပါတယ်။ နာဇီတွေလည်း သူတို့ထိန်းချုပ်တဲ့နယ်မြေမှာ အာခံသူမရှိအောင် အဲဒီနည်းမျိုးသုံးခဲ့တာပါပဲ။ အခုတော့ အကြမ်းဖက်တွေနဲ့ အိုင်းစက်စ်တွေလောက်ပဲ အဲဒီနည်းကို သုံးကြပါတော့တယ်။ အဲဒီလို လုပ်ခဲ့ရင်တော့ ကမ္ဘာက ပိုပြီး ဝိုင်းပယ်/ရှုတ်ချကြမှာဖြစ်လို့ ရုရှားနာမည်ပိုပျက်ဖို့ပဲ ရှိပါတယ်။ အခုလည်း အပယ်ခံဖြစ်နေပြီဆိုတော့ ပေါက်တဲ့နဖူး မထူးဘူးလုပ်တာမျိုး ဖြစ်နိုင်ပါတယ်။